အသက်ဆက်မည့် တုတ်ချောင်းကလေးများ
အေးချမ်းမြေ့| ဒီဇင်ဘာ ၂၁၊ ၂၀၀၇

သူတို့အတွက်တော့ ဒီတုတ်ချောင်းကလေးများက အလွန်အဖိုးထိုက်တန်လှသည်။ ဒီတုတ်ချောင်းလေးတွေက သူတို့ရဲ့
ဘ၀တွေလည်းဖြစ်သည်။ ဒီတုတ်ချောင်းလေးတွေက သူတို့အသက်ရှင်ရပ်တည်နိုင်ဖို့ အထောက်အပံ့၊ အရေးပါသော အရာတွေလည်းဖြစ်သည်။ ဒီတုတ်ချောင်းလေးတွေကို သူတို့အသက်နဲ့ထပ်တူ တန်ဖိုးထားသည်။

ဒီတုတ်ချောင်းလေးတွေဆိုတာ သူတို့ကလွယ်လွယ်နှင့် တာလီချောင်းဟုခေါ်သော သစ်သားတူပုံစံ တုတ်ကလေးတွေ ဖြစ်သည်။ အဲဒီတုတ်ချောင်းကလေး တချောင်းရဖို့ သူတို့ အင်အားများစွာ စိုက်ထုတ်သုံးစွဲရသည်။ သူတို့ချွေး နှင့်ရင်းပြီးမှ ရသော ဒီတုတ်ချောင်းကလေးများကို သူတို့တန်ဖိုးထားတာ မဆန်းလှ။

သူတို့နေရာဖြစ်သော ဒီရန်ကုန်၊ အင်းစိန်မြို့နယ်အတွင်းရှိ ဖော့ကန်ဆိပ်ခံဘောတံတားမှာ ဆိုက်ကပ်လာသည့် ဘိလပ်မြေ အိတ်တင်သင်္ဘောတွေကလည်း သူတို့၏ကျေးဇူးရှင်တွေပဲဖြစ်သည်။ အဲဒီသင်္ဘောတွေဆိုက်မှ သူတို့ ဘိလပ်မြေအိတ် ထမ်းခွင့်ရမည်၊ ဘိလပ်မြေအိတ် ထမ်းခွင့်ရမှ တာလီတုတ်ချောင်းလေးတွေရမည်၊ တာလီတုတ် ချောင်းလေးတွေရမှ သူတို့ ထမင်း စားရပေလိမ့်မည်။

သူတို့ထဲက ကိုအောင်ဒင် (အမည်ရင်းမဟုတ်) က “ဒီတာလီချောင်းလေးတွေကို ကျနော်တို့က ဒေါ်လာနဲ့တောင်မလဲနိုင်ဘူး၊ ဒီတာလီချောင်းတချောင်းကို ၂၆ ကျပ်တန်တယ်လေ၊ တာလီချောင်း ခြောက်ချောင်းပေးလိုက်ရင် ဒီဆိပ် ကမ်းထမင်းဆိုင်မှာ ဒံပေါက်တပွဲရတယ်” ဟု ရှင်းပြသည်။

သူပြောသွားသည့်ထဲက ဒံပေါက်ဆိုသည့်စကားက စိတ်ဝင်စားဖို့ကောင်းသည်။ ဒံပေါက်လို့ဆိုလိုက်တော့ ရန်ကုန် မြို့လယ် ခေါင်က ကြက်လျှာစွန်းတို့ နီလာဒံပေါက်တို့ကို မြင်ယောင်မိစေသည်။ ကြက်လျှာစွန်းဒန်ပေါက်ဆိုလျင် ခုနောက်ဆုံး နာမည် ပေးထားသည့် နတ်သုဒ္ဒါဆိုသည့် အမျိုးအစား အတော်နာမည်ကြီးသည်။ တပွဲကို ကျပ် ၁၅၀၀၊ ကိုအောင်ဒင်ပြောသည့် ဒံပေါက်က တပွဲကို ကျပ် ၁၅၀ ကျော်ခန့်သာရှိသည်။

ဘိလပ်မြေအိတ် ခြောက်အိတ်ထမ်းပြီးချိန်မှာ စားနိုင်သော ဒံပေါက်တပွဲ ဘယ်ကလာသည်ကို စုံစမ်းကြည့်မိသည်။ ဆိပ်ကမ်း ထမင်းဆိုင်ကလေးက ထမင်းဆိုင်ဟုသာခေါ်သည် ဘာမှ ထွေထွေထူးထူးမရှိလှ။ ၀ါးခုံတန်းရှည် ကလေးတခုနှင့် ထမင်းအိုး ဟင်းအိုး သုံးလေးအိုးမျှသာ။ ထမင်းဆိုင်ပိုင်ရှင်အမျိုးသမီးက ဒယ်အိုးကြီးထဲမှာ ဒံပေါက်ထမင်းများကို နွှေးနေသည်။ အလုပ် သမားတယောက်က တာလီခြောက်ချောင်းလာပေးတော့ အချိုပွဲ ထည့်သည့်ပန်းကန်အရွယ် ပလတ်စတစ်ပန်းကန်ပြား တချပ်ထဲမှာ နွှေးထားသည့်ဒံပေါက်များကိုထည့်ပေးပြီး ဇွန်းတပ်ပေးလိုက်သည်။

“ဒံပေါက်က အမြဲတမ်းရတာမဟုတ်ဘူး၊ လာသွင်းတဲ့သူရှိမှရတာ၊ ဒံပေါက်က ဟင်းမလိုဘူးဆိုတော့ စားတဲ့သူအတွက်ကော ကျမတို့ ရောင်းတဲ့သူအတွက်ကော ကိုက်တယ်” ဟု ဆိပ်ကမ်းထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။

ထိုအမျိုးသမီး၏ အိမ်နီးချင်းမမှာ အိမ်များတွင်အ၀တ်လိုက်လျှော်သည့် အလုပ်ကိုလုပ်သည်။ တဖက်က ၀က်တွေလည်း မွေးထားရာ ၀က်စာလိုက်တောင်းသည့် အလုပ်လည်းလုပ်ရသည်။ နေရာအနှံ့ ၀က်စာလိုက်တောင်းရင်း ဒံပေါက်ဆိုင်တွေကို ရောက်သည်။ ဒံပေါက်ဆိုင်တွေက ကျန်ကျွင်းသည့်ဒံပေါက်များကို ၀က်စာအတွက်ပေးလိုက်သည်။ အဲဒီဒံပေါက်အကျန်များ၊ အသိုးများ၊ အကောင်းအဆိုးရောနေသည်များကို ထမင်းရောင်းသည့် အမျိုးသမီးက၀ယ်သည်။ အ၀တ်လျှော်ဇလုံ ခပ်လတ်လတ်နှင့် တလုံးကို ကျပ် ၁၀၀၀ လောက်ပဲပေးရသည်။

ရောင်းသူကလည်း ၀က်များကို ကျွေးရမယ့်အတူတူ တထောင်လောက် ငွေပိုထွက်လာတော့ အဆင်ပြေသည်။ တဆင့်ပြန် ရောင်းသူကလည်း ဒယ်အိုးတလုံးထဲမှာ ခြောက်နေအောင် ပြန်နွှေးရတာပဲ အလုပ်ရှုပ်သည်။ အမြတ်ကျတော့ တဆလောက် ပြန်ရသည်။ ၀ယ်စားသူတွေကျပြန်တော့ တာလီခြောက်ချောင်းလောက်နှင့် တပွဲရသည်၊  ဟင်းလည်းမလို။ ရိုးရိုး ထမင်းနှင့် ဟင်းဆိုလျင် တာလီချောင်း ၁၅ ချောင်းလောက်မှ အလုပ်ဖြစ်မည်။ သူတို့အချင်းချင်းကြားမှာတော့ အဆင်ပြေချောမွေ့ နေသည်။

ဒံပေါက်ထမင်းမှာကဲထားသော မဆလာနံ့ကြောင့်လားမသိ သိုးနံ့ထွက်ခြင်းမရှိဟု သူတို့ကပြောသည်။ အနံ့မထွက်လျင် သိုးသည်ဟု သူတို့မယူဆ၊ အရည်ထွက်တာလောက်ကတော့ သူတို့ကစာမဖွဲ့သေး။ အလုပ်ရှိသည့် ရက်များမှာ သူတို့ တဦးကို တနေ့ အလွန်ဆုံး အိတ် ၅၀ လောက်အများဆုံးထမ်းနိုင်သည်။ ဒီတော့ သူတို့တနေ့ ၀င်ငွေက ၁၃၀၀ ကျပ် (၁ဒေါ်လာ မပြည့်) ခန့်သာရှိသည်။ တခါတလေ သင်္ဘောမ၀င်၍ အလုပ်မရှိသည့်ရက်များ ရှိသေးသည်။ အဲဒီလိုရက်မျိုးမှာ ကြုံရာကျပန်း အလုပ်ကလေးများရရင် အဆင်ပြေသည်။ မရလို့ကတော့ ငုတ်တုပ်သာထိုင်နေပေတော့။

ဒီလိုလူတွေအဖို့ ဒံပေါက်အသိုးကလည်း နတ်သုဒ္ဒါတမျှ တန်ဖိုးရှိလှသည်။ ပင်ပန်းထားသည့် သူများအဖို့ ဘာစားစား
ဝင်သည်။ ဒီလိုမလတ်ဆတ်သည့် အစားအသောက်များ စားနေလို့ ရောဂါဘယ ၀င်လာမလားဟု တခါမှ မစဉ်းစားမိ၊ စဉ်းစား ဖို့လည်းအချိန်မရ၊ ရောဂါဆိုတာကလည်း သူတို့လိုလူတန်းစားနှင့် သိပ်ပတ်သက်ပုံမရ၊ ဖြစ်တော့မှသာ အဆင်ပြေသလို ဖြေရှင်းကြမည်။ လောလောဆယ်မှာတော့ အပြင်ပန်းအမြင်အရ သူတို့ကိုကြည့်ရတာ သန်သန်မာမာ၊ အားကောင်း မောင်းသန်တွေဖြစ်သည်။

သူတို့ကိုတွေ့တော့ မနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဆန် (Ching Sang) မြို့မှာ ကြုံခဲ့ရသည့် ကုန်တင်ကုန်ချ အလုပ် သမားများကို သွားသတိရမိသည်။ သင်တန်းတခုဖြင့်သွားရင်း တိုက်တိုက်ဆိုင်ဆိုင် မြန်မာအလုပ်သမား အဖွဲ့တဖွဲ့နှင့် သွားတွေ့သည်။ သူတို့နေ့လယ်စာ စားချိန်မှာ မြန်မာလို ပြောဆိုနောက်ပြောင်နေသဖြင့် စကားဝင် ပြောဖြစ်ခြင်းဖြစ်သည်။ သူတို့နေ့လယ်စာက မြိုင်ဆိုင်လှသည်။ ထမင်းနှင့် ကြက်သားကြော်၊ ခရမ်းချဉ်သီး ငပိချက်နှင့် တို့စရာ အသီးအရွက်စိမ်းများ ဖြစ်သည်။ သူတို့ကိုမြန်မာပြည်မလွမ်းဘူးလားဟု မေးကြည့်မိသည်။

“မလွမ်းဘူးလို့တော့ မပြောချင်ပါဘူးအမရယ်၊ ဒါပေမယ့်ပြန်တော့ မပြန်ချင်တော့ဘူး၊ ကျနော်တို့က ကုန်တင်ကုန်ချ အလုပ် သမားတွေပါ။ အရမ်းပင်ပန်းတယ်၊ ဟိုမှာလည်းပင်ပန်းးတာပဲ ဒါပေမယ့် ဒီမှာကပင်ပန်းရင် ရေခဲရေ အလကားသောက်လို့ ရတယ်၊ အချိုရည်တို့ ကုတ်တို့ဖောချင်းသောချင်းပဲ၊ ကျနော်တို့စားတဲ့ နေ့လယ်စာကို အမ မြင်တယ်နော်။ မြန်မာပြည်မှာ ဒါမျိုးမစားနိုင်ဘူး၊ ပင်ပန်းတယ်ဆိုပြီး ကျွဲရိုင်းအချိုရည်တောင် ၀ယ်မသောက်နိုင်ဘူး၊ ညနေဆိုလည်း အရက်ကို ကောင်းကောင်းသောက်နိုင်တယ်၊ မြန်မာပြည်မှာဆိုရင် ဘာတွေနဲ့ချက်ထားမှန်းမသိတာတွေကို မူးပြီးရောဆိုပြီး ကျပ် ၁၀၀ ဖိုး ၂၀၀ ဖိုးဝယ်သောက်ကြတာ” ဟု သူတို့အလုပ်သမား အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ကိုဝင်းလွင်ဆိုသူက ရှင်းပြသည်။ သူကကျောက်ပန်းတောင်း ဇာတိဖြစ်သည်။ ကျန်သည့် သူ့အဖွဲ့သားတွေကလည်း သူ့လို အညာသားများဖြစ်သည်။

သူတို့အဖွဲ့တွင် လူ ၁၅ ယောက်လောက်ပါသည်။ ချင်းဆန် ဆိပ်ကမ်းတွင် ဆိုက်ကပ်လာသော သင်္ဘောများအတွက် ကုန်အတင်အချကို အဖွဲ့လိုက်ပုတ်ပြတ်နှုန်းဖြင့် လုပ်သည်။ ရသည့်ငွေကို ခွဲယူကြသည်။ မြန်မာပြည်ကို လွမ်းသော်လည်း မပြန်နိုင်တော့သည့် သူတို့အဖြစ်ကို စာနာမိသည်။ ပင်ပန်းတာခြင်းတူတူ၊ အလေးအပင်ထမ်း ပိုးရတာခြင်းတူတူ၊ ခံစားရသည့် အကျိုးအမြတ်က ကွားခြားလှသည်။

ဖော့ကန်ဆိပ်ကမ်းက အလုပ်သမားများကျတော့ မသေထမင်းမသေဟင်းကိုပင် အသိုးများ၊ အကြွင်းအကျန်များ စားနေရ သည့်ဘ၀။ သူတို့ကိုယ်သူတို့ လူ့အခွင့်အရေး အပြည့်ရလား မရလားပင် မသိသောဘ၀။ မြန်မာပြည်မှာ၊ ရန်ကုန်မြို့မှာ သူတို့လိုလူမျိုးတွေ အများကြီးရှိသည်။ ဘယ်လို ဘယ်လိုကျန်းမာနေကြသည်မသိ၊ ဖျားဖို့ နာဖို့ သူတို့မှာ အချိန်မရ၊ ဘိလပ်မြေ တအိတ်လောက်ကတော့ အေးအေးဆေးဆေး ရင်ကော့ပြီးထမ်းနိုင်သည်။ ချင်းဆန်က ကိုဝင်းလွင်က အဲဒီမှာ ဖျားနာ၍ ဆေးရုံပြရင်ပဲဖြစ်ဖြစ်၊ ကလေးမွေးတာပဲဖြစ်ဖြစ် ဘတ် ၃၀ (၁ ဒေါ်လာ နီးပါး) သာကုန်ကျသည်တဲ့။

မြန်မာပြည်မှာဆိုရင်ကော၊ ဖျားနာလျှင် ကျပ် ၁၀၀၊ ၂၀၀ လောက်ပဲကုန်ပါသည်။ ကွမ်းယာဆိုင်က ရောင်းသည့် ဆေးကို
ဝယ်သောက်လိုက်ရုံပဲဖြစ်သည်။ ဆရာဝန်ကိုသွားပြဖို့ဆိုတာ စိတ်ကူးယဉ်ခြင်း သက်သက်သာ ဖြစ်လိမ့်မည်။ ပါရာစီတမော မှာ ဘေးထွက်ဆိုးကျိုးရှိတာ သူတို့မသိ၊ ဒီကိုဂျင်တို့ ဘိုင်အိုဂျက်ဆစ်တို့ ဆိုတာတွေကို သူတို့ တီဗီကြော်ငြာထဲတွင် မကြာခဏကြည့်ဖူးသည်။ မင်းသမီးမင်းသားတွေ သောက်ပြနေသောဆေးများကို သူတို့ ၀ယ်သောက်ကြသည်။ ဆေးရုံ ဆိုတာ သေကောင်ပေါင်းလဲဖြစ်မှ သွားစရာနေရာဟု ယူဆထားသည်။

အစားအစာအသိုး၊ မှိုတက်စာတွေစားလျင် အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာဖြစ်လိမ့်မည်ဟု သွားပြောလျင် ဟားတိုက် ရယ်မောလိမ့်မည်။ မသန့်ရှင်းသောရေကြောင့် ၀မ်းရောဂါဖြစ်မည်ကိုလည်းသူတို့မပူ၊ ဘာမှန်းမသိ သောအရက်တွေကြောင့် ဘာမှန်းမသိလိုက်ရဘဲ တဖြုတ်ဖြုတ်သာ သေချင်သေသွားမည်။ မသေသေးသူက သူတို့နှင့်ဆိုင်သည်ဟု မထင်။

ဒံပေါက်အသိုး စားနေရသူက ထမင်းရည်ဝယ်သောက်နေရသူထက်စာလျင် ချမ်းသာသည်၊ ကံကောင်းသည်ဟု ယူဆထားသည်။ ထမင်းရည် ငှက်ပျောဖူးပုလင်းနှင့် တပုလင်းကို ကျပ် ၂၀ နှင့် ရောင်းသူလည်းရှိ ၀ယ်သူလည်းရှိသည်။

ဘာပဲဖြစ်ဖြစ် ကိုအောင်ဒင်တို့လိုလူတွေက အလုပ်ရှိသေးသည်၊ အလုပ်လည်းလုပ်နိုင်သေးသည်၊ သူတို့ပခုံးကျယ် ကြီးတွေ ရှိနေသ၍၊ ဖော့ကန်ဆိပ်ကမ်းမှာ ဘိလပ်မြေအိတ်တွေ လာချနေသရွေ့ တာလီတုတ်ချောင်းလေးတွေ ရှိနေသရွေ့ သူတို့ ထမင်းတော့ဖြင့် မငတ်နိုင်ဟုယူဆသည်။

အနာဂတ်ဆိုတာ သူတို့မသိ၊ မနက်ဖြန်ဆိုတာ သူတို့စိတ်မ၀င်စား၊ ချင်းဆန်မပြောနှင့် ရန်ကုန်မြို့ထဲကိုတောင် သူတို့
စိတ်မ၀င်စားအား။ သူတို့စိတ်ဝင်စားတာက တာလီချောင်းကလေးတွေ များများရဖို့နှင့် တာလီခြောက်ချောင်းရလျင် ဒံပေါက်တပွဲနှင့် လဲနိုင်သည်ဆိုတာပဲဖြစ်သည်။     ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!