ဗိုလ်ချုပ်သန်းရွှေ ကံကြီးထိုက်ပြီလော?
ဝေမိုး | ဒီဇင်ဘာ ၇၊ ၂၀၀၇

မြန်မာနိုင်ငံ ပြည်တွင်းတွင်ရော၊ စင်္ကာပူကဲ့သို့သော ပြည်ပနိုင်ငံများ၌်ပါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျန်းမာရေး သိသိ သာသာ ဆိုးရွားကျဆင်းလာကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ သံဃာ့ဆန္ဒပြပွဲ များကို ရက်ရက်စက်စက် အကြမ်းဖက်ချေမှုန်းခဲ့မှု အတွက်ကြောင့် ကံကြီးထိုက်ပြီဟုလည်း လူအများက အဓိပ္ပာယ်ဖွင့်နေ ကြသည်။

ဤကောလာဟလများက အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဗိုလ်ချုပ်အိုကြီးနှင့် အနီးကပ်တာဝန်ယူပေးနေရသော ရဲဘော်ငယ် လေးများမှ စတင်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ထံမှတဆင့် သတင်းစကားက အထက်ပိုင်း အရာရှိများထံသို့ပါ ပျံ့နှံ့လာခဲ့သည်။

ကြာသပတေးနေ့က မြန်မာနိုင်ငံ စီးပွားရေးအခြေအနေ တိုးတက်လာစေရန်အတွက် အပြောင်းအလဲများ လုပ်ဆောင်ရန် လာရောက်တိုက်တွန်းကြသည့် တရုတ်အရာရှိ ဧည့်သည်တော်များနှင့် တွေ့ဆုံပွဲအပြီး ဗိုလ်ချုပ်သန်းရွှေ ကျန်းမာရေး ဖောက်ပြန်သွားရသည့် သတင်းက လူသိရှင်ကြား ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေက ဒေါသအကြီးအကျယ် ပေါက်ကွဲပြီး စိတ်ဝေဒနာ ခံစားနေပြီဟု ဆိုသည်။

တရုတ်နိုင်ငံမှ ဧည့်သည်တော်တဦးဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင် ဗိုလ်ချုပ်သန်းရွှေ ကျန်းမာရေးက ဖောက်လာခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သူ အသိုင်းအ၀ိုင်းများက သတင်းထွက်လာခဲ့သည်။ ခန့်မှန်းရ သည်မှာ တရုတ်ဝန်ကြီးက ဗိုလ်ချုပ်သန်းရွှေနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လမ်းပြမြေပုံ ၇-ချက်ကို မြန်မြန်ထက်ထက် အဆုံးသတ်နိုင်ရန် တိုက်တွန်းခဲပုံရသည်။

သတင်းရင်းမြစ်တခုက ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြခဲ့ရာတွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) အကြီးအကဲ ချားလ်စ် ပေထရီ (Charles Petrie) ၏ အစီရင်ခံစာကို ဖတ်ရပြီးနောက်ပိုင်း ဤသို့ အကြီးအကျယ် စိတ်ဓါတ် ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်ဟုလည်း ဆိုသည်။ သူ့ကိုလည်း မကြာမီကပင် မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့သည်။ ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေပုံနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အလွဲအမှားကိစ္စများကို ဖော်ပြထားခဲ့သည်။

ဗိုလ်ချုပ်သန်းရွှေ မမာသည့်သတင်းမှာ မြန်မာစစ်အစိုးရ ခေါင်းဆောင်များ ဆေးကုသလမှု လာရောက်ခံယူတတ်သည့် စင်္ကာပူနိုင်ငံရှိ မြန်မာအသိုင်းအ၀ိုင်းများ အကြားတွင်လည်း ပျံ့နှံ့နေခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေက သူမရှိစဉ်ကာလတွင် တန်ပြန်အာဏာသိမ်းမည်ကို စိုးသောကြောင့် နိုင်ငံမှခွာရန်လည်း တွန့်ဆုတ်နေခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်သန်းရွှေက စင်္ကာပူနိုင်ငံသို့ ယခုနှစ် ဇန်န၀ါရီလတွင် လာရောက်ခဲ့ပြီး စင်္ကာပူ အထွေထွေ ဆေးရုံကြီးတွင်လည်း ဆေးကုသမှုခံယူခဲ့သေးသည်။

ဗိုလ်ချုပ်သန်းရွှေက တပတ်ကြာ ဆေးရုံတွင်နေ၍ ဆေးကုသမှု ခံယူခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရဖွယ်ရှိ၍ ခွဲစိတ် ကုသမှုခံရန် လိုအပ်လိမ့်မည်ဟု ဆေးရုံဆရာဝန်များက အကြံပြုချက်များကိုလည်း ငြင်းပယ်ခဲ့သည်။ သူက သူအားထားရာ ဗေဒင်ဆရာနှင့် ပြန်၍တိုင်ပင်ဦးမည်ဟု ဆိုခဲ့သည်။ ဗိုလ်ချုပ်ကြီးက သွေးတိုးရောဂါနှင့် ဆီးချိုရောဂါများလည်း ခံစားနေရသည်ဟု ဆိုသည်။

မြန်မာလူမျိုးအများစုကတော့ ဗိုလ်ချုပ်ကြီးကျန်းမာရေး ဆိုးရွားလာရခြင်းမှာ သံဃာ့ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲခဲ့ခြင်း ကြောင့် ကံကြီးထိုက်ပြီဟုလည်း ယုံကြည်နေကြသည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့သည့် ၁၉၉၀ ပြည့်နှစ် သံဃာ့ကံဆောင်ပွဲများကို ဖြိုခွင်းခဲ့သော ဗိုလ်ချုပ်မှူးကြီးစောမောင်သည်လည်း
ဘ၀နိဂုံးမကောင်းခဲ့ကြောင်း ဖြစ်ရပ်များကို ကောက်ယူ ထောက်ပြခဲ့ကြသေးသည်။

ဗိုလ်ချုပ်စောမောင်သည်လည်း နောက်ပိုင်းတွင် စိတ်ဝေဒနာခံစားရကာ ကျန်းမာရေးယိုယွင်းလာခဲ့ပြီး ဗိုလ်ချုပ်သန်းရွှေက ၁၉၉၂ ခုနှစ်တွင် အစားထိုးနေရာယူခဲ့ခြင်း ဖြစ်သည်။ နှစ်နှစ်သာခံသည်။ ဗိုလ်ချုပ်စောမောင်လည်း ကွယ်လွန်ခဲ့သည်။

“အခုတော့ သန်းရွှေအလှည့်ပေါ့ ...” ရန်ကုန်နေ ဗုဒ္ဓဘာသာဝင်တဦးက ပြောသည်။ “ရဟန်းသံဃာတွေ သေရတာ သူ့မှာ တာဝန်ရှိတယ်။ ကံကြီးထိုက်မှာပဲ။ သူ့ဘ၀နိဂုံးလည်း လာတော့မှာပါ”။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!