နတ်သိကြားများ ကျောက်ဖျာတင်းလေပြီ
ဧရာဝတီမဂ္ဂဇင်း အဖွဲ့သားများ| မေ ၉၊ ၂၀၀၈

နာဂစ် ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်ဖျက်ဆီးခံလိုက်ရမှုကို အယူသည်းကြသည့် မြန်မာနိုင်ငံသား အများစုက နောက် ဆုံးတွင် သဘာဝတရားကြီးက မနေနိုင်ဘဲ ၀င်ရောက်စွက်ဖက်ကာ မြန်မာနိုင်ငံကို ဒဏ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်နေကြသည်။

သို့သော် ဒဏ်ခတ်မှုက မတရားလှပါ။ ဤဆိုင်ကလုန်းမုန်တိုင်းက ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးများ နေထိုင်ကြသည့် နေပြည် တော်ကို လုံးဝ ၀င်ရောက်ဖျက်ဆီးလိုက်ခြင်းမရှိဘဲ အဆုံးတွင် အပြစ်မဲ့သည့် ပြည်သူပြည်သားများသာ ဤမုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားလိုက်ကြရသည်။

ဓလေ့ထုံးတမ်းများအရ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများက နိုင်ငံကို မင်းဆိုးမင်းညစ်များ အုပ်စိုးနေလျှင် ရေကြီးခြင်း၊ မုန်တိုင်းကျခြင်း၊ မီးသင့်ခြင်း စသည့် သဘာဝဘေးဆိုးများ ကြုံရတတ်သည်ဟု ယုံကြည်ကြသည်။ ဤသို့ ဖြစ်ပေါ်သည့် ဘေးဆိုးများကိုလည်း မင်းဆိုးမင်းညစ်၊ အရည်အချင်းမရှိသည့် မင်းများကို ဖယ်ရှားသုတ်သင်မည့် သင်္ကေတလက္ခဏာ များဟု ယူဆကြသည်။

ယုံကြည်ဖွယ် အကြောင်းများလည်း ရှိနေပါသည်။ လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ရဟန်းသံဃာများနှင့် သူတို့ကို ထောက်ခံသူများ ငြိမ်းချမ်းစွာ စုဝေး၍ မေတ္တာပို့ခဲ့ကြသည်ကို စစ်အစိုးရက ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲနှိမ်နင်းခဲ့ပြီး အပြစ်မဲ့ပြည်သူ များစွာကို သတ်ဖြတ်ခဲ့ကြပါသည်။ ဗုဒ္ဓဘာသာအများစုဖြစ်သည့် မြန်မာနိုင်ငံတွင် သံဃာကို သတ်ခြင်းမှာ ကြီးလေးသည့် အပြစ်ဖြစ်ပြီး၊ တွေးပင် မတွေးဝံ့ဖွယ် ကိစ္စဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာလူမျိုးအများစုက ကံဆိုးမိုးမှောင် ဖြစ်ရပ်တခုခု လာတော့မည်၊ ဗိုလ်ချုပ်များကို ပြန်လည်ဒဏ်ခတ်လိမ့်မည်ဟု ကြိုတင်သတိပေးနေခဲ့ကြသည်။

တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်သူများမှာ မင်းကျင့်တရား ဆယ်ပါးနှင့်အညီအုပ်ချုပ်ရမည်ဖြစ်ပြီး ရှေးယခင် ဘုရင်များ လက်ထက်က တိုင်းပြည်တွင် ရာသီဥတု ဖောက်ပြန်၍ ဆန်ရေစပါးရှားပါးပါက ဘုရင်ကိုယ်တိုင် ငါးပါးသီလ ဆောက်တည် ရကြောင်းရန်ကုန်မြို့နေ ကိုအောင်နိုင်က ပြောပြသည်။

“သူတို့က မင်းဆိုးမင်းညစ်တွေဆိုတာ ကျနော်တော့ ယုံတယ်။ မြန်မာဆိုရိုးစကားမှာ သားသမီးမကောင်း မိဘခေါင်းဆိုတာ ရှိတယ်မဟုတ်လား။ ခုဟာက မိဘမကောင်းတဲ့ဒဏ်ကို သားသမီးက ခံရသလိုပါပဲ သူတို့ရဲ့ ဒဏ်ကို ပြည်သူတွေက အလူးအလဲ ခံစားရတာပဲဗျ” ဟု ၎င်းကပြောသည်။

စစ်အစိုးရအနေနှင့် ပြည်သူလူထုအပေါ် အမှန်အကန် စေတနာထားသည် ဆိုပါက ယခုကဲ့သို့ ဘေးဒုက္ခခံစားရချိန်တွင် မည်သည့်အကူအညီကိုမဆို ဝမ်းမြောက်ဝမ်းသာ လက်ခံ၍ ပြည်သူအများကို အချိန်မီ ကယ်တင်သင့်ကြောင်း ကိုအောင်နိုင်က ဆက်ပြောသည်။

“ခုဟာက စစ်အစိုးရက လူတွေအပေါ် တော်တော်ရက်စက်လွန်းတယ်။ ဖြစ်ချင်ရာဖြစ် သူတို့ အာဏာကို မထိပါးရင် ပြီးရောဆိုတာမျိုး မျက်နှာလွှဲ ခဲပစ် လုပ်လွန်းတယ်။ ကျနော်က ဗုဒ္ဓဘာသာဆိုတော့ ဒီဒဏ်ကို ကံအနိမ့်ဆုံး ပြည်သူ တွေက ခံသွားရတာလို့ မြင်တယ်” ဟု သူကဆက်ပြောသည်။ ဆက်လက်၍ ကျန်ရစ်ခဲ့သည့် ပြည်သူပြည်သားများ မှာလည်း နောက်ဆက်တွဲ ဒဏ်များကို အလူးအလိမ့် ဆက်လက်ခံစား ကြရဦးမည်ဟု သူကဆိုသည်။

အသက် ၃၀ ကျော်အတွင်းရှိ ရန်ကုန်မြို့နေ မသန္တာက စစ်အစိုးရအနေနှင့် သံဃာများကို သတ်ဖြတ်ခဲ့ခြင်းကြောင့် သဘာဝတရားကြီးက မြန်မာနိုင်ငံကို ပြန်၍ဒဏ်ခတ်ခြင်းဖြစ်သည်ဟု မြန်မာပြည်သူလူထု အများစုက ယုံကြည်နေကြကြောင်း ဧရာဝတီသို့ ပြောပြသည်။ မြို့တော်အတွင်း ပျက်စီးဆုံးရှုံးမှုများကို မြင်တွေ့ရပြီးနောက် “ရန်ကုန်မြို့ကြီးကို ဒီလို မြို့ပျက်ကြီးပုံစံ မြင်ရတာ တကယ်ဝမ်းနည်းစရာပါပဲ” ဟု ပြောသည်။

“ကျနော်ထင်တာကတော့ ဗိုလ်ချုပ်သန်းရွှေကတော်ကတော့ အခုအချိန်ဆို ဗေဒင်ဆရာတွေနဲ့ မေးမြန်းတိုင်ပင်နေလောက် ပြီ” ဟု မြန်မာပြည်သို့ မကြာခဏသွားလေ့ရှိသည့် ထိုင်းနိုင်ငံတွင် နေထိုင်သူတဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစုက သိပ်အယူသည်းတာ။ သူတို့က တခုခုလုပ်မယ်ဆိုရင် အမြဲတမ်း ဗေဒင်ဆရာတွေနဲ့ မေးပြီးမှ ဆုံးဖြတ်ကြတာ” ဟု သူက ဆိုသည်။

၂၀၀၅ ခုနှစ်တွင် ဗိုလ်ချုပ်သန်းရွှေက ရန်ကုန်မှနေ၍ မြန်မာပြည်အလယ်ပိုင်း နေပြည်တော်သို့ မြို့တော်ကို ပြောင်းရွှေ့ခဲ့ခြင်း မှာလည်း ဗေဒင်ဆရာများ၏ အကြံပေးချက်ကြောင့်ဟု သာမန်မြန်မာပြည်သူအများစုက ယုံကြည်နေကြသည်။ လွင်တီး ခေါင်နေရာတွင် မြို့တော်သစ်အဖြစ်တည်ရန်လည်း စစ်အစိုးရက ငွေကြေးသန်းချီ၍ အသုံးပြုခဲ့ပါသည်။ ကောလာဟလများ အရ မြို့တော်ဟောင်း ရန်ကုန်တွင်သာ ဆက်နေလျှင် ဗိုလ်ချုပ်သန်းရွှေအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုးများ၊ လူမှုရေး အဓိကရုဏ်းများ ကြုံရဖွယ်ရှိသည်ဟု ဗေဒင်နက္ခတ်ဆရာများက အကြံပေးခဲ့ကြပြီး နေရာသစ်သို့ပြောင်းရန် အပြင်းအထန် အကြံပေးခဲ့ကြသည်ဟုလည်း ဆိုကြပါသည်။

ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသကို ဤဘေးဆိုးကြီးဆိုက်ခဲ့ပြီး လက်ရွေးစင်ထိပ်သီးများ စုနေကြသည့် မြို့တော်သစ်တွင် ဘေးမသီရန်မခ ကျန်ခဲ့သည်မှာလည်း ကံကြမ္မာက ထပ်မံ လှည့်စားလိုက်ခြင်း ဖြစ်သည်။ ဤတကြိမ်တွင်လည်း ဖောက်ပြန် လှည့်ဖြားတတ်သည့် အာဏာရှင်များကိုခြွင်းချန်၍ အပြစ်မဲ့ မြန်မာပြည်သူများသာ ဒဏ်ခတ်ခံခဲ့ကြရပြန်သည်။

တနင်္လာနေ့က ရန်ကုန်နှင့် ဘန်ကောက် လေကြောင်းလိုင်းများပြန်ဖွင့်ပြီးနောက် ထိုင်းနိုင်ငံသို့ရောက်လာသည့် မသန္တာက ပြောပြရာတွင် “သေချာတာကတော့ မြန်မာပြည်သူတွေက ဗိုလ်ချုပ်ကြီးတွေကို အကြီးအကျယ်ဒေါသထွက်နေ ကြတယ်။ ဘာပဲဖြစ်ဖြစ် အကူအညီပေးတာတွေက နှေးလွန်းနေတယ်” ဟု ဆိုသည်။ “သူတို့က နာဂစ်မုန်တိုင်းကိုလည်း ဘာဖြစ်လို့ နေပြည်တော်ကို ဖြတ်မတိုက်သွားရတာလည်း ဆိုပြီး စိတ်ဆိုးနေကြတယ်” ဟုလည်း ဖြည့်စွက်ပြောခဲ့သည်။

ရန်ကုန်ဒေသခံတချို့ကမူ နာဂစ်မုန်တိုင်း နေပြည်တော်သို့ ဝင်ခဲ့လျင်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ အိမ်များအနေနှင့် အထိနာမည် မဟုတ်ဘဲ အောက်ခြေ ဝန်ထမ်းများသာ ထိုဒဏ်ကို ခံစားရမည် ဟု ပြောဆိုကြသည်။

“ဒီမုန်တိုင်းက စစ်အစိုးရကို မြန်မာပြည်သူတွေ မုန်းသည်ထက် မုန်းအောင် လုပ်လိုက်သလိုပဲဗျ။ ၈၈ တုန်းက ပြည်သူလူထုက စစ်အစိုးရကို သိပ်မမုန်းသေးဘူး။ စက်တင်ဘာမှာ သံဃာတွေကိုရိုက်တော့ တော်တော် မုန်းလာတယ်။ အခုကတော့ အဆုံးစွန်ကို မုန်းတီးသွားတာပဲ။ မြန်မာပြည်သူ ပြည်သားတွေတင်မကဘူး နိုင်ငံတကာကပါ သူတို့ရဲ့ ရက်စက် ယုတ်မာမှုကို အံ့သြပြီး မုန်းတီးနေတာ” ဟု ရန်ကုန် ဒေသခံ တဦးကပြောသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!