သဘာဝ ကပ်ဘေးများကို ရှာကြံဖန်တီးနေကြသည်
ဝီလီယံ ဘွတ် | ဧပြီ ၆၊ ၂၀၀၈
မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသူများက အိမ်နီးချင်းနိုင်ငံများ ကျူးလွန်ခဲ့ကြသည့် သဘာဝ ၀န်းကျင်ဆိုင်ရာ အမှားများကို နားထောင်၍ နည်းနည်းမျှ သင်္ခန်းစာယူဟန် မရှိပါ။
ကမ္ဘာတ၀ှမ်းလုံးက မြန်မာစစ်အစိုး၏ စဉ်ဆက်မပြတ် ကျင့်သုံးလာသည့် ရက်စက်ဖိနှိပ်သော မူဝါဒများအပေါ် ချင့်ချိန် ပြောဆိုနေကြစဉ် တပြိုင်နက်တည်း၌ နိုင်ငံနှင့်အ၀ှမ်းတွင် အခြားသော အကျပ်အတည်း ပြဿနာ တခုကလည်း ပေါ်ထွက် လာခဲ့ပြန်သည်။
တစစ ယိုယွင်းလာနေသော သဘာဝပတ်ဝန်းကျင် အခြေအနေများကြောင့် သန်း ၅၀ သို့မဟုတ် ထိုထက် မကရှိသည့် တိုင်းပြည်၏ ပြည်သူအများစု၏ လူမှုဘ၀လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စများအတွက် အန္တရာယ် ရှိလာနေသည်။
ရေထု ညစ်ညမ်းမှု၊ သစ်တောများ ခုတ်လှဲမှုကြောင့် မြေယာပျက်စီးရမှုများနှင့် အဆင်ခြင်မဲ့ ချမှတ်ဆောင်ရွက် နေသည့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး စီမံချက်များကြောင့် ထောင်သောင်းချီသော ပြည်သူများကို သူတို့ ၏ အိုးအိမ်များကို စွန့်ခွါပြောင်းရွှေ့စေခဲ့ရပြီး၊ အခြားပြည်သူများစွာကိုလည်း အန္တရာယ်ရှိစေသည့် အခြေ အနေသို့ တွန်းပို့ခဲ့သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ဆိုကြပါသည်။
ဝိသမလောဘသားများ၏ အကျိုးအမြတ်သာကြည့်၍ ဥပဒေမဲ့ဆောင်ရွက်မှုများကြောင့် မြေဆီသြဇာကောင်း မွန်သော စိုက်ပျိုးမြေများ ပျက်စီးရခြင်း၊ သောက်သုံးရေများ အဆိပ်သင့်ရခြင်း၊ ငါးသတ္တ၀ါများ ပြုန်းတီးကုန်ရ ခြင်းတို့ ဖြစ်ခဲ့ရပါသည်။ ပြည်သူသန်းပေါင်းများစွာက နေ့စဉ် အစားအစာအတွက် ဤသဘာဝအရင်းအမြစ် များပေါ်တွင် အမှီသဟဲပြုနေကြရပါသည်။
ဤနှစ်များအတွင်း စစ်တပ်နှင့် အကျိုးတူ စီးပွားရေးလုပ်ငန်းရှင်များ၏ အလုံးစုံ သိမ်းကျုံးလုယူ ဖျက်ဆီးနေမှု များအပြင်၊ သင့်လျော်သော နည်းပညာဆိုင်ရာ အကဲဖြတ်လေ့လာစုံစမ်းမှုများ မရှိဘဲ ဆောင်ရွက်နေကြသည့် စီမံချက်အသစ်များ ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုက်မှုတခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဤသို့ အခြေအနေဆိုက်ရောက်စေရန် တွန်းအားပေးနေကြောင်း နိုင်ငံတကာ အန်ဂျီအိုအများ အပြားက သတိပေးထားပြီး ဖြစ်သည်။
"စစ်အစိုးရ၏ ဘဏ္ဍာငွေ ရှာရေးမူဝါဒများသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာကိစ္စ များတွင် အကြီးအကျယ် ပျက်ဆီးမှု၊ အန္တရာယ်ဖြစ်စေမှုကိုသာ ရလဒ်ဖြစ်ပေါ်စေသည်" ဟု အရှေ့တောင် အာရှနိုင်ငံများအသင်းရှိ ပါဝင်သော နိုင်ငံများအတွင်း လူ့အခွင့်အရေး ကိစ္စရပ်များအတွက် လှုံ့ဆော်ဆောင် ရွက်နေသော ဘန်ကောက်အခြေစိုက် အန်ဂျီအိုတခုဖြစ်သည့် စင်ပြိုင် အာဆီယံအဖွဲ့ (Altsean) က သူ၏ အင်တာနက်စာမျက်နှာရှိ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
သစ်တောပြုန်းတီးမှုသည် အထူးသဖြင့် ထိခိုက်ပျက်စီးလွယ်သော ဂေဟဗေဒစနစ်တည်ရှိနေသည့် နိုင်ငံမျိုး နှင့် သဘာဝ ပတ်ဝန်းကျင် အကာအကွယ်ပေးရေး ဥပဒေများကို စည်းကြပ်မှုလျော့လျဲသော နိုင်ငံတခုတွင် ပို၍ ပြဿနာ ဖြစ်စေနိုင် ပါသည်။
မြန်မာနိုင်ငံ၏ သစ်တောများသည် ရေရှည်ကို မကြည့်ဘဲ ထုတ်လုပ်နေမှုကြောင့် လျှင်မြန်စွာ ဆုတ်ယုတ် ပျောက်ကွယ်နေပြီ ဖြစ်ပါသည်။ ဤသစ်ထုတ်လုပ်ငန်းများသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာနေသော စက်မှုလုပ်ငန်း၏ လိုအပ်ချက်များ အတွက် ဖြည့်ဆည်းပေးနေရပြီး၊ လျှပ်စစ်မီးမရှိသော ဒေသခံပြည်သူများက လောင်စာအတွက် သစ်တောများကို အသုံးပြု နေရခြင်းတို့ကြောင့် ဖြစ်သည်။
စင်ပြိုင် အာဆီယံအဖွဲ့ (Altsean) က ခန့်မှန်းပြောဆိုရာတွင် ၁၉၄၈ ခုနှစ်က မြန်မာနိုင်ငံ၏ ၇၀% ကို သစ် တောများဖုံးလွှမ်း ခဲ့သော်လည်း၊ ယခုအခါ နိုင်ငံ၏ ဧရိယာ ၃၀% တွင်သာ သစ်တောများ ရှိတော့သည်ဟု ဆိုပါသည်။
"ဆင်းရဲမွဲတွေမှု၊ အခွန်နှုန်းထား ကြီးမြင့်မှုနှင့် အစိုးရ၏ ပြောင်းရွှေ့ နေရချထားရေးအစီအစဉ်များကြောင့် နိုင်ငံသားများအဖို့ ၎င်းတို့၏ လက်ငင်း အသက်ရှင်ရပ်တည်ရေးကိစ္စများကို ဖြေရှင်းရန်အတွက် သစ်ပင်များ ကို ပို၍သာခုတ်လှဲရခြင်း၊ မြေရှင်း လင်းခုတ်ထွင်ရခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးစေသည့် အကြောင်းဖိအားများ ဖြစ်လာစေပါသည်။" ဟု Altsean အဖွဲ့က ဆိုသည်။
သဘာဝ ဓါတ်ငွေ့ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် စွမ်းအင်ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံနီးပါးကို ထင်းမီးလောင် စာသုံး၍ အားထားနေရခြင်းသည် မယုံကြည်နိုင်စရာ ဖြစ်သည်။
"သစ်တောပြုန်းတီးခြင်းကြောင့် မြေဆီလွှာ ခမ်းခြောက်ခြင်း၊ မြစ်ချောင်းများ နုန်းတင်ခြင်း၊ မြစ်ရေလျှံခြင်း၊ အချို့ဒေသများ တွင် ဆိုးဆိုးဝါးဝါး ရေရှားပါးခြင်း၊ သက်ရှိဇီဝကွဲပြားမှုများ သိသိသာသာ ကျဆင်းလာစေခြင်း စသည့်တို့ကို ဖြစ်ပေါ်စေ သည်" ဟု Altsean အစီရင်ခံစာက ဖော်ပြထားပါသည်။
သို့သော်လည်း ယခုအခါတွင် ဆင်းရဲမွဲတေမှုကြောင့် အဖျားအနာ၊ ရောဂါထူပြောနေပြီးဖြစ်သော မြန်မာလူထု အတွက်၊ အဖျက်အာဏိသင်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများက ဆင့်ကဲဖိစီးလာပြီဖြစ်ရာ အကြီးမားဆုံး သော ခြိမ်းခြောက်မှုကို ရင်ဆိုင်နေကြရပြီ ဖြစ်သည်။
ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့တင်ပို့ရန် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးရန်အတွက် ဧရာဝတီ နှင့် သံလွင်မြစ် များပေါ်တွင် ရေကာတာများ တည်ဆောက်ရန် လျာထားရာ၊ ဤသို့တည်ဆောက်မှုများကြောင့် မြစ်အောက် ပိုင်းရှိ ပြည်သူများအတွက် သောက်သုံးရေနှင့် သားငါးများကို ထိခိုက်ပျက်ဆီးစေတော့မည် ဖြစ်သည်။ ထိုမျှ သာမက မြစ်အထက်ပိုင်းရှိ ဖြစ်သလို လုပ်ဆောင်နေကြသော ရွှေမိုင်းများမှ ထွက်လာသည့် ပြဒါးဓါတ် (မာ ကျူရီ) နှင့် အခြား အဆိပ်သင့်မှု၊ ရေထုညစ်ညမ်းမှု များလည်း အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေအထိ မြင့်တက်လာစေနိုင်သည်။
ဆည်တည်ဆောက်ခြင်းကြောင့် မြစ်ရေက နှေးကွေးစွာ စီးဆင်းလာသည့်အခါ အဆိပ်ဓါတ်များကို ပျော်ဝင် ဖျော်ချပစ်မည့် အစား၊ ရေထဲတွင် အလျှင်အမြန် ပို၍ အနည်ကျစုပြုံလာစေနိုင်ပါသည်။
ကချင်ပြည်နယ်အတွင်း စီဆင်းနေသော ဧရာဝတီမြစ်၏ မြစ်လက်တက်များတလျှောက်တွင် စစ်တပ်ပိုင်၊ သို့မဟုတ် စစ်တပ်မှ ခွင့်ပြုထားသည့် ရွှေမိုင်းများသည် ရွှေရှာရာတွင် ပြဒါး (မာကျူရီ) ကိုသာ အသုံးပြုနေရုံ မျှမက၊ ဆိုင်ယာနိုဒ်နှင့် အခြားသော အဆိပ်သင့်စေသည့် ဓါတုပစ္စည်းများကိုပါ ရွှေခွဲထုတ်ရန်အတွက် အသုံး ပြုနေကြသည်ဟု ရေရှည်တည်တံ့ သည့် စီးပွားရေးစနစ်မျိုးဖြစ်စေရန် လှုံ့ဆော်တိုက်တွန်းနေသော ကချင် ဖွံ့ဖြိုး တိုးတက်ရေးကွန်ယက်အဖွဲ့က သတိပေး ဖော်ပြခဲ့ပါသည်။
ထို့အတူ ထိုင်းနိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန်ဂျီအိုတခုဖြစ်သော သံလွင်စောင့်ကြည့်ရေး အဖွဲ့ကလည်း၊ တာဆန်းအရပ်တွင် တည်ဆောက်နေသည့် ဧရာမဆည်စီမံကိန်းကြောင့် သံလွင်မြစ်ကြောင်း တလျှောက် နေထိုင်နေကြ သော လူထုသုံးသိန်းကျော်၏ ဘ၀ရှင်သန်ရပ်တည်မှုများ ထိခိုက်နစ်နာဖွယ်ရှိနေ သည်ဟု ခန့်မှန်းထားပါသည်။ လူအများ အနေဖြင့် အတင်းအဓမ္မပြောင်းရွှေ့ခံရမည်ဖြစ်ပြီး၊ ဂေဟဗေဒဆိုင်ရာ ဖိစီးမှုများလည်း ထပ်လောင်းဖြစ်စေနိုင်ပါသည်။
" ဆည်များတည်ဆောက်ခြင်းကြောင့် မြစ်ရေစီးဆင်းမှုကို နှေးကွေးစေသည်။ ထို့ကြောင့် ရေနေသတ္တ၀ါများ ခိုလှုံရန် အသိုက်များနှင့် စားကျက်များ နည်းပါးလာခြင်း ဖြစ်စေကာ၊ မြစ်အောက်ပိုင်းရှိ ရေနေသတ္တ၀ါများ၏ အသက်ရှင် ရပ်တည် ရေးအပေါ် ပိုမို၍ ဖိစီးမှု ဖြစ်လာစေသည်။ ဆည်များက ၀န်းကျင်ဂေဟစနစ် (ecology) တွင် ကြီးမားသော အပြောင်းအလဲ များ ဖြစ်ပေါ်လာစေနိုင်ပြီး၊ မြစ်များနှင့် ၎င်း၏ မြစ်လက်တက်များအတွင်း ရေ၏ အရည်အသွေးကိုလည်း ပြောင်းလဲစေနိုင် သည်" ဟု သံလွင်စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာတခုက ဖော်ပြပါသည်။ "ထို့အပြင် ဆည်များသည် ကမ်းရိုးတမ်းဒေသ ရှိ ၀န်းကျင်ဂေဟစနစ်အပေါ်တွင် ကြီးမားသော သက်ရောက်မှုများ ရှိနိုင်သည်။" ဟု ဆိုသည်။
တာဆန်းဆည်သည် အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံးသော ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံ ကိန်းတခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စီမံကိန်းရေးဆွဲနေသူများက ၎င်းဓါတ်အားထုတ်လုပ်ရေးစက်ရုံမှ မီဂါဝပ် ၇,၀၀၀ ထုတ်လုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းကြသည်။
ထိုကဲ့သို့သော စွမ်းအင်ပမာဏသည် မြန်မာနိုင်ငံအတွက် အလွန်တရာ အကျိုးကျေးဇူးရှိနိုင်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ချို့ချို့ငဲ့ငဲ့ အသုံးပြုနေသော စွမ်းအင်ထုတ်လုပ်မှုထက် ငါးဆမျှ ပိုများ၍ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ထွက်ရှိ လာသည့် လျှပ်စစ်စွမ်းအင်အများစုကို ထိုင်းနိုင်ငံသို့ နယ်စက်ဖြတ်ကျော်၍ တင်ပို့မည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ စီးပွားရေးတိုး တက်မှုအတွက်သာ ဖြစ်စေပါလိမ့်မည်။
တရုတ်နှင့် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူများပါဝင်သော အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိ ၎င်းစီမံကိန်း သည် မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် မည်မျှထိခိုက်နစ်နာရမည်ကို စိုးစဉ်းမျှ စဉ်းစား တွက်ချက်နေရန် မလိုဘဲ ရှေ့တိုးလုပ်ဆောင်နေကြပြီ ဖြစ်သည်။ ဖြစ်နိုင်ချေ ပဏာမ ခန့်မှန်းတွက်ချက်လေ့ လာမှုများကိုလည်း မဆိုသလောက်သာ ဆောင်ရွက်ခဲ့ကြသည်ဟု ဝေဖန်သူများက ဆိုပါသည်။
အမိကမ္ဘာမြေသည် ဒေါသူပုန်ထလာပါက မည်ကဲ့သို့ တန်ပြန်ဒဏ်ခတ်တတ်သည်ကို တရုတ်နိုင်ငံက တွေ့ကြုံ သင်ခန်းစာ ရပြီးသား ဖြစ်သည်။
တရုတ်နိုင်ငံ၏ မဟာယန်ဆီမြစ်ပေါ်တွင် တည်ဆောက်ထားသော Three Gorges သည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေး ဆည်ဖြစ်သည်။ ဤစီမံကိန်းကြောင့် ကြိုတင်မျှော်လင့်မထားသော မြေဆီလွှာတိုက်စားခြင်း၊ မြစ်ရေပြင် နိမ့်ကျလာခြင်းများ ကြုံကြရသည့် အပြင်၊ အဆိုးရွားဆုံးအဖြစ် ဧရာမရေလှောင်ဆည်ကြီးအတွင်းရှိ ရေများတွင် အောက်ဆီဂျင်သိုလှောင်ထားမှု နည်း ပါးလာခြင်းကြောင့် ရေမှော်၊ ရေညှိပင်များ ရှင်သန်မှု ထိခိုက်လာခြင်း ဖြစ်သည်။
" ဒီမယ်၊ ခင်ဗျားရဲ့ အိမ်နားမှာ ဧရာမရေကာတာကြီးတခု ကျနော်တို့ ဆောက်ပါတော့မယ်။ အဲဒါကြောင့် ခင်ဗျား ရွှေ့ပေးရ ပါမယ်" ဟု ယနေ့တရုတ်နိုင်ငံတွင် တစုံတဦးက ပြောလာခဲ့ပါက လူထုမကျေနပ် ကန့်ကွက် မှုများနှင့် ရင်ဆိုင်ရတော့မည်ဖြစ် သည်ဟု ဟောင်ကောင်ရှိ စွမ်းအင်လုပ်ငန်း အကြံပေးနှင့် တရုတ်နိုင်ငံရေး ရာ စောင့်ကြည့်လေ့လာနေသူ ဂျက်ဖ် မိဒ် (Jeff Mead) က ပြောခဲ့သည်။
" Three Gorges ကနေပြီး ခန့်မှန်းထားသလောက် အင်အားကို ဘယ်အခါမျှ ထုတ် ယူ ရနိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူတဦးကမှ သဘာဝပတ်ဝန်းကျင်က ဘယ်လိုတုံ့ပြန် လာမယ်ဆိုတာ ကြိုတင်ထည့်သွင်း တွက်ချက်ထားတာ မရှိကြဘူး" ဟု မိဒ်က ဧရာဝတီသို့ ပြောခဲ့သည်။ "နုနယ် ပျက်ဆီးလွယ်တဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေ အပေါ်မှာ မြန်မာနိုင်ငံရဲ့ မြစ်တစင်းပေါ်မှာ ၇,၀၀၀ မီဂါဝပ် ထုတ်နိုင်တဲ့ ဆည်တခုတည်ဆောက်တာဟာ ပြည်သူအများစုအတွက် အလွန်ဆိုးဝါးတဲ့ ပြဿနာတွေကို ထပ်မံကြုံတွေ့စေမှာပါ" သူက ဆိုသည်။
ခရစ်ယာန် အထောက်အပံ့ပေးရေး အန်ဂျီအို (Christian Aid) ကလည်း မကြားသေးမီက အလားတူ ဖော်ပြ ချက်မျိုးကို အစီရင်ခံစာတခုတွင် ဖော်ပြ၍ ထပ်လောင်း သတိပေးခဲ့သေးသည်။ " မြန်မာ စစ်အစိုးရ၏ ဖွံ့ဖြိုး ရေး စီမံကိန်းများကြောင့် ပေါ်ပေါက်နေရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများသည် ကျေးလက် လူထုအကြား အခြေမဲ့ရွှေ့ပြောင်းရမှုကို ပို၍ ဖြစ်ပေါ်စေနိုင်သည်" ဟု သတိပေးထားခဲ့သည်။
တာဝန်ခံမှုရှိသည့် စနစ် ဆောင်ကျဉ်းပေးနိုင်သော အစိုးရတရပ်သို့ ပြောင်းလဲနိုင်မှု မရှိသေးမခြင်း သဘာဝ ပတ်ဝန်းကျင် ဘေးအန္တရာယ်များ ဖြစ်ပေါ်လာမည့်အရေးကို ရပ်တန့်သွားနိုင်အောင် စွမ်းဆောင်နိုင်မည့် အလားအလား အလွန်နည်း နေပါသေးသည်။
မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေးစာစောင် (Burma Economic Watch) အယ်ဒီတာနှင့် သြစတေး လျနိုင်ငံ မတ်ကွိုင်းယား တက္ကသိုလ် (Macquarie University) မှ ပါမောက္ခတဦးဖြစ်သူ ရှောင်တာနဲ (Sean Turnell) က " စစ်တပ်မှ အုပ်ချုပ်မှုနေသော မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ပြည့်ဝသော စီးပွားရေးပြုပြင်ပြောင်း လဲမှုများ မရှိဟု ဆိုနိုင်သည်။ နိုင်ငံတော် က ကဏ္ဍတိုင်းကို လွှမ်းမိုးချယ်လှယ်ထားပြီး၊ တိုင်းပြည်၏ အရေးကြီး သောကဏ္ဍတိုင်း၌ စီးပွားရေးလုပ်ငန်းများအားလုံးကို လက်ဝါးကြီးအုပ် ကုမ္ပဏီပိုင်ရှင် လူနည်းစုနှင့် ဆက် လက် မင်းမူနေဆဲဖြစ်သည်။" ဟု ဆိုပါသည်။
WILLIAM BOOT ရေးသားသည့် A Natural Disaster in the Making ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top] |