မဲရုံ..မဲရုံကိုလာ..တပြည်လုံးဆန္ဒမဲနဲ့..
အေးချမ်းမြေ့| မတ် ၂၄၊ ၂၀၀၈
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ “ကန့်ကွက်မဲသွားထည့်ကြရန်” လှုပ်ရှားမှုအနေနှင့်လည်း အတိုင်းအတာတခုအထိ အရှိန်ရလာပြီဖြစ်သည်။
အထူးသဖြင့် ပညာတတ်ကုမ္ပဏီဝန်ထမ်းများ၊ တရားဝင်မဲထည့်ခွင့်ရသူ ပြည်ပရောက် အလုပ်သမားများ၊ တက္ကသိုလ် ကျောင်းသားများနှင့် အစိုးရဝန်ထမ်းအများစုက အခြေခံဥပဒေကို ကန့်ကွက်ဆန္ဒမဲပေးမည် ဟူ၍ပြောဆိုနေကြသည်။
ပြည်သူများက အခြေခံဥပဒေကို စိတ်ဝင်စားမှု နည်းပါးလှသည်။ အထူးသဖြင့် အခြေခံလူတန်းစားများ၊ တောသူတောင်သားများနှင့် လက်လုပ်လက်စားများဖြစ်သည်။ ၎င်းတို့ အနေနှင့် အခြေခံဥပဒေဆိုသည်ထက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုသည်ထက် သူတို့အတွက်အရေးကြီးသည့် ဝမ်းရေးပြဿနာကို အချိန်နှင့်အမျှ ဖြေရှင်းနေရသည်။
တောသူတောင်သားအများစုကတော့ စစ်အစိုးရကို ကြောက်ရွံ့ကြသည်။ စစ်သားမဆိုထားနှင့် ရယက လောက် ကြံ့ဖွံ့လောက်ကိုပင် ကြောက်ရွံ့နေကြရသည်။ အခြေခံဥပဒေဆိုတာကိုလည်း နားမလည်။ စစ်အစိုး ရရေးဆွဲထားသည့် အခြေခံဥပဒေဆိုသည်ကလည်း သာမန်ပညာမတတ်သည့် လူတန်းစားမဆိုထားနှင့် တော်ရုံတန်ရုံပညာတတ်သည့် လူတန်းစားဖတ်လျင်ပင် နားမလည်နိုင်အောင် ရှုပ်ထွေးလှသည်။
သို့သော် ပြည်သူလူထု လက်ခံထားသည့်အချက်က ယေဘုယျအားဖြင့် စစ်အစိုးရ၏လက်အောက်တွင် နေနေသရွေ့ ဆင်းရဲဒုက္ခရောက်သည်ထက် ရောက်နေရမည်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် မျှော်လင့်ချက်မရှိ ဆိုသည့်အချက်ပင်ဖြစ်သည်။
စစ်အစိုးရရေးဆွဲထားသည့် အခြေခံဥပဒေတွင် အခြေခံအကျဆုံးနှင့် အရှင်းလင်းဆုံးဆိုသည့်အချက်မှာ နိုင်ငံ တော်၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်က ၂၅ရာခိုင်နှုန်းရနေမည် ဆိုသည့်အချက်ပင်ဖြစ်သည်။ ကျန်သည့် ၇၅ရာခိုင်နှုန်းတွင်လည်း လူဝတ်လဲထားသော တပ်မတော်သားများက နေရာတော်တော်များများ ယူထားကြဦးမည်။
ထိုအခြေခံအချက်ကိုတော့ လူတိုင်းနားလည်ထားသည်။ ပြည်သူအများစုကလည်း ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံကာလကို မမေ့နိုင်ကြသေး။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျှောက် မည်သည့် အတွက်ကြောင့်ပဲဖြစ်ဖြစ် ဘုန်းတော်ကြီးများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့် စစ်အစိုးရကို မုန်းတီး နေသည်ကတော့သေချာသည်။
“ကျနော့်အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရကို ထောက်ခံတဲ့ အနေအထားမျိုးဖြစ်အောင် ဘယ်တော့မှမလုပ်ပါဘူး။ အခြေခံဥပဒေက တရားမျှတမှု လုံးဝမရှိတဲ့အတွက် ကျနော်ကတော့ ကန့်ကွက်မဲ ပဲထည့်မှာပါ” ဟု ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေထိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးညီညီက ပြောသည်။
မန္တလေးတွင်နေထိုင်သည့် ဒေသခံများအနေနှင့်လည်း ကန့်ကွက်မဲထည့်ရန် အဆင်သင့် ဖြစ်နေကြပြီဟု ၎င်း ဒေသခံတဦးကပြောပြသည်။
“သူတို့က အခြေခံဥပဒေကို သေသေချာချာ နားလည်ကြလို့တော့မဟုတ်ဘူး ဒါပေမယ့် စစ်အစိုးရကို မကြိုက် တာ တခုတည်းနဲ့ပဲ ကန့်ကွက်မဲ ထည့်မယ်လို့ပြောနေကြတယ်” ဟု ၎င်းကပြောသည်။
ပြည်သူလူထု အဓိကစိုးရိမ်နေသည့်အချက်မှာ မဲထည့်စဉ်နောက်ကျော လုံ၊ မလုံဆိုသည့် အချက်ဖြစ်သည်။
သံဃာတော်များကိုပင် ရက်ရက်စက်စက်ဖြိုခွင်းပြထားသည့် ဗုဒ္ဓဘာသာဝင်များဟု ၎င်းတို့ကိုယ် ၎င်းတို့ ပြော နေကြသူ စစ်တပ်အကြီးအကဲများအနေနှင့် ဘာမဆိုလုပ်ရဲ၊ ရက်စက်ရဲမည်ဆိုခြင်းကို ပြည်သူလူထုက သိလည်းသိ၊ ကြောက်လည်းကြောက်ရွံ့ကြသည်။
“လူတွေက မဲပုံးနားမှာ ဘယ်သူက စောင့်နေမလဲ၊ သူတို့ ကန့်ကွက်မဲထည့်တာကို စောင့်ကြည့်နေမှာလားဆို တာ စိုးရိမ်နေကြတယ်။ တကယ့်တကယ် လျှို့ဝှက်မဲ သေသေချာချာ ထည့်ရမယ်ဆိုရင်တော့ ကန့်ကွက်မဲ တွေပဲထည့်ကြမှာသေချာတယ်” ဟု သန်လျင်မြို့နေ ကိုမင်းမင်းဆိုက ပြောသည်။
လူများအနေနှင့် ယခုလတ်တလောတွင် ဆန္ဒခံယူပွဲနှင့် အခြေခံဥပဒေကို စိတ်ဝင်စားမှုမရှိသော်လည်း လွတ်လပ်စွာမဲပေးခွင့်ရှိပါက စစ်အစိုးရ၏ အခြေခံဥပဒေဖြစ်သည်ဆိုသည့် အချက်တချက်တည်းနှင့် ကန့်ကွက်မဲ ထည့်ကြလိမ့်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ဝန်ထမ်းများသည်လည်း စစ်အစိုးရကိုကြောက်လန့်နေရသည့် လူတန်းစားများဖြစ်သည်။ စက်တင်ဘာ အရေးတော်ပုံကာလက ဝန်ထမ်းများ လမ်းပေါ်မထွက်နိုင်လိုက်ခြင်းမှာ စစ်အစိုးရက သံဃာများ လမ်းလျှောက်နေကတည်းက အစိုးရရုံးများကို တံခါးများပိတ်ကာ တင်းကျပ်သောအမိန့်များချမှတ်၍ ဦးစွာ ပိတ်ပင်နိုင်လိုက်ခြင်းကြောင့် ဖြစ်သည်။
ထိုစဉ်ကာလအတွင်းနှင့် စစ်တပ်က လူစုခွဲနှိမ်နင်းပြီးနောက်တွင် အစိုးရရုံးများ၌ ပိုမိုတင်းကျပ်ခဲ့သည်။ ထိုကာ လက ရုံးမတက်သူ၊ လက်မှတ်မထိုးသူများဆိုလျင် နိုင်ငံတော်အာဏာဖီဆန်သည်ဟူ၍ အရေးယူမည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။
“လျှို့ဝှက်ဆန္ဒမဲသာ တကယ်ပေးရမယ်ဆိုရင် ဝန်ထမ်းတွေလည်း ကန့်ကွက်မဲပဲထည့်ကြမှာပဲ” ဟု ကိုမင်းမင်း က ဆက်ပြောသည်။
စစ်တွေရှိ အိမ်ရှင်မတဦးအား ဧရာဝတီက မည်ကဲ့သို့မဲပေးမည်ကို မေးမြန်းကြည့်ရာ သူ့အနေနှင့် သေချာ ပေါက် မဲသွားပေးမည်ဖြစ်သော်လည်း မည်သည့် မဲအမျိုးအစားဖြစ်မည်ကို ယခုအချိန်တွင်ပြောရန် စောသေး သည်ဟု ဖြေကြားသည်။
“အဲဒီအချိန်ကျတော့မှ ဘာထည့်တယ်ဆိုတာ ကြည့်တာပေါ့။ ကျမဘာဆိုလိုတယ်ဆိုတာသိမှာပါ” ဟု ၎င်းအိမ်ရှင်မကပြောသည်။
မြစ်ကြီးနားဒေသ၌မူ မြို့ခံအများစုက ကန့်ကွက်မဲသွားထည့်မည်ဟု ဆိုကြသော်လည်း အနည်းစုက လုံးဝမဲသွားမထည့်ဟုဆိုသည်။
“ကျနော်ကတော့ ကန့်ကွက်မဲသွားထည့်မှာပါ။ တခြားမြစ်ကြီးနားဒေသခံတွေလည်း ကျနော့်လိုပဲ နေမှာပါ” ဟုမြစ်ကြီးနားတွင်နေထိုင်သည့် ကိုမာဘရန်ကပြောသည်။
ရန်ကုန်တွင်နေထိုင်သူတဦးကလည်း ၎င်း၏မိတ်ဆွေအများစုက ကန့်ကွက်မဲပေးရန်အသင့် ပြင်ထားပြီးဖြစ်၍ ၎င်းတို့နှင့်နီးစပ်သူတချို့ကမူ လုံးဝမဲသွားမပေးရန် ပြောဆိုနေကြသည်ဟု ဆိုသည်။
၎င်းကမူ “ကျနော့်အနေနဲ့ကတော့ အခြေခံဥပဒေကို လုံးဝမထောက်ခံနိုင်ဘူး။ ကန့်ကွက်မဲပဲ ထည့်ရမလား လုံးဝမဲမပေးဘဲနေရမလား ဆိုတာကိုတော့ မစဉ်းစားရသေးဘူး” ဟု ပြောသည်။
ရန်ကုန်ရှိအတိုက်အခံအဖွဲ့များကလည်း ဆန္ဒခံယူပွဲတွင် ကန့်ကွက်ဆန္ဒမဲပေးရန် လှုပ်ရှားမှုများပြုလုပ်လျှက်ရှိ သည်။ လက်ရှိအထင်ရှာဆုံးမှာ သီးလေးသီးနှင့် ဂေါ်ဇီလာတို့ အငြိမ့်အဖွဲ့ ဂျပန်နိုင်ငံတွင် ကလာခဲ့သည့် ဗီစီဒီ အခွေကို ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေခြင်းဖြစ်သည်။ ထိုအခွေတွင် သူတောင်းစား ညီလာခံဆိုသော တခန်းရပ်ပြဇာတ်တပုဒ် ပါဝင်၍ လူအများကလည်း အလွန်နှစ်ခြိုက်ကြသည်။
ထိုကဲ့သို့သော အနေအထားတွင် စစ်အစိုးရကလည်း ၎င်းတို့၏ အခြေခံဥပဒေကို ထောက်ခံကြရန် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းလျှက်ရှိသည်။ ၎င်းတို့ပိုင်သတင်းစာတွင် နေ့စဉ်လိုလို အခြေခံဥပဒေကို အမွှမ်းတင်ထားသည့် ဆောင်းပါးများ ပါရှိသကဲ့သို့ ရပ်ကွက် ကျေးရွာများအတွင်း ရယကများ၊ ကြံ့ဖွံ့များနှင့် စည်းရုံးရေးဆင်းသည့် ပုံစံမျိုးကိုလည်း အလျဉ်းသင့်သလို လုပ်ဆောင်လျှက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစုများကို ယာယီမှတ်ပုံတင်များထုတ်ပေး လျှက်ရှိသည်။ တချို့သောဒေသများတွင် အခြေခံဥပဒေကိုထောက်ခံမည်ဟု ပြောသူများကိုသာ ၎င်းမှတ်ပုံ တင်များထုတ်ပေးသည်ဟုဆိုသည်။
ပြည်ပတွင်တရားဝင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် ကျောင်းသားများသည်လည်း ကန့်ကွက်မဲ ထည့်မည်ဟုသာဆိုနေကြသည်။ ပြည်ပအတိုက်အခံအဖွဲ့အစည်း အများစု၏ ကန့်ကွက်မဲထည့် ရေးလှုပ်ရှားမှုများနှင့် နေ့စဉ်လိုလိုထိတွေ့နေရသဖြင့်လည်း ထိုကဲ့သို့ ဆုံးဖြတ်ကြခြင်း ဖြစ်နိုင်သည်ဟု စင်ကာပူနိုင်ငံတွင် ဆိပ်ကမ်း အင်ဂျင်နီယာအလုပ်လုပ်ကိုင်နေသူတဦးကပြောသည်။
ပြည်ပအတိုက်အခံအဖွဲ့အစည်းအများစုနှင့် အတိုက်အခံမီဒီယာအများစုက နေ့စဉ်လိုလို ကန့်ကွက်မဲထည့် ရန် နှိုးဆော်လျှက်ရှိပြီး ပြည်ပရှိ မြန်မာဘလော့ဂါအများစုကလည်း ကန့်ကွက်မဲသွားထည့်ရန် တိုက်တွန်း လျှက်ရှိသည်။ ပြည်ပရောက်နေသော အင်တာနက်အသုံးပြုလေ့ရှိသူမြန်မာများက ၎င်းတို့၏ ချက်တင် ဘောက်စ်များတွင် ကန့်ကွက်မဲထည့်မည်ဟူသော ပုံများ၊ စာများကိုတင်ထားလျှက်ရှိသကဲ့သို့ ပြည်တွင်းရှိ အင်တာနက်အသုံးပြုသူ လူငယ်အများစု၏ ချက်တင်ဘောက်စ်များတွင်လည်း ယင်းကဲ့သို့သော ပုံများ စာများကို တွေ့ရှိကြရသည်။
အများစုသော ပြည်သူလူထုမှာ ထိတ်လန့်ကြောက်ရွံ့နေကြသော်လည်း တကယ့်တကယ် လွတ်လပ်စွာ မဲပေးခွင့်ရှိမည်ဆိုလျင် ကန့်ကွက်မဲထည့်ကြမည်မှာ သေချာသလောက်ရှိနေသည်။ မေးခွန်းထုတ်စရာက တော့များစွာရှိနေပါသည်။
စစ်အစိုးရက ပြည်သူလူထုကို ဖိအားပေး၍ ထောက်ခံမဲ ထည့်ခိုင်းလေမလား၊ သို့မဟုတ် မဲထည့်စဉ် စောင့်ကြည့်နေမည်လား၊ သို့မဟုတ် လွတ်လပ်စွာမဲထည့်ခွင့်ပေးပြီးမှ မဲရေတွက်စဉ် မသမာမှုများဖြင့် အနိုင်ယူမည်လား စသည့် လားပေါင်းများစွာကတော့ ရှိနေမည်ဖြစ်သည်။ ထိုလားပေါင်းများစွာအတွင်း ပြည်သူလူထုအတွက် မျှော်လင့်ချက်က အလွန်နည်းပါးလှသည်။ ထိုသို့ နည်းပါးသည်ကိုလည်း ပြည်သူ လူထုကနားလည်သည်။
ယခုပွဲက အမုန်းနှင့် အကြောက် လွန်ဆွဲမည့်ပွဲဟုပင်ဆိုနိုင်သည်။ အမုန်းက သာချင်လည်းသာသွားနိုင်သည်။ အကြောက်က လွန်ကဲချင်လည်းလွန်ကဲသွားပါလိမ့်မည်။ လူတိုင်း၏ရင်ထဲတွင် အကြောက်ကော အမုန်းပါရှိ နေသည်။ နိုင်ချင်လည်းနိုင်လိမ့်မည် ရှုံးချင်လည်း ရှုံးသွားလိမ့်မည်။ အခြေခံဥပဒေကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ မုန်းတီးသည်။ စစ်အစိုးရ ရေးဆွဲ သည်ဆိုသည့် တချက်တည်းနှင့်ပင် ကန့်ကွက်မည်။ စစ်အစိုးရက ဦးဆောင်မည် ဆိုသည်နှင့်ပင် ချန်ရစ်နေခဲ့မည်ဆိုသည့် စိတ်ကတော့ ထိုမြေတွင်နေထိုင်ကြသူ တိုင်း၏ ရင်ထဲတွင် ကိန်းအောင်းနေသည်မှာ သေချာသလောက်ရှိနေပါသည်။ [Top]
|