စစ်အစိုးရကို ယုံ၍ ပုံလျှင် မှားမည်
ရဲနည် | မတ် ၁၇၊ ၂၀၀၈
များမကြာသေးမီကပင် ရန်ကုန်မြို့တွင်းသို့ လက်နက်ကိုင်တပ်ဖွဲ့များ ပြန်ဝင်လာပြီး တပ်စွဲခဲ့ကြသည်။ ဖြစ်လာနိုင်ဖွယ်ရှိသည့် ဆန္ဒပြပွဲများကို ချေမှုန်းရန်နှင့် ပုန်းအောင်းနေသည့် လှုပ်ရှားသူများကို ဖမ်းဆီးရန် ရည်ရွယ်ချက်ဖြင့် မြို့တွင်းတပ်များ ပြန်ချ ထားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်ရှိ လေ့လာသုံးသပ်နေသူများကတော့ ယခုလို လုံခြုံရေး တင်းကျပ်ထားမှုမျိုးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအသစ်အတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမည့် မေလတိုင် ဆက်လက်ထားရှိ လိမ့်မည်ဟု သုံးသပ်နေကြသည်။
စစ်အစိုးရ၏ သတင်းဌာနများက ဆန္ဒခံယူပွဲကျင်းပမည့် အစီအစဉ်ကို ကြေညာလိုက်သည့်အခါ မြန်မာနိုင်ငံအရေး လေ့လာ နေသူအများစုက အံ့အားသင့်ခဲ့ကြရသည်။ သံဃာများဦးဆောင်ခဲ့သည့် စက်တင်ဘာလ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိပ်ကွပ် ချေမှုန်းခဲ့သည်မှာ ၆-လပင် မကြာသေး။ ဤ့အချိန်တွင် စစ်အစိုးရက ဤသို့ ယုံကြည်ရဲတင်းစွာ အရေးပါသည့် နိုင်ငံရေးခြေ လှမ်းတရပ် လှမ်းလာခြင်း အပေါ် သို့လော သို့လော စဉ်းစားစရာ ဖြစ်ခဲ့ကြသည်။
မည်သည့်နည်းဖြင့်တွက်တွက် စစ်အစိုးရကို ဆန့်ကျင်လိုသည့်၊ မုန်းတီးနေသည့် စိတ်ခံစားမှုက မြန်မာပြည်သူများအကြား တွင် မြင့်မားနေဆဲ ဖြစ်သည်။ အမှန်တကယ်ပြောရလျှင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက တနိုင်ငံလုံးရှိ ပြည်သူ အများက တောင်ပြိုကမ်းပြိုမဲပေး၍ စစ်အစိုးရ အုပ်ချုပ်ရေးကို ငြင်းပယ်ခဲ့ကြသည့် အချိန်မှစ၍ စစ်အစိုးရအပေါ် ပြည်သူ အများစု၏ သဘောထားမှာ ပြောင်းလဲသွားရန် အကြောင်းမမြင်ရသေးပါ။ ဤ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတကြိမ်သည် သာ နိုင်ငံ၏ အရေးပါသည့် ဆုံးဖြတ်ချက်အတွက် ပြည်သူများကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆုံးဖြတ်ခွင့် ရခဲ့သည့် နောက်ဆုံး အကြိမ် ဖြစ်ပါသည်။
ယခုအချိန်တွင်မှ ထူးထူးခြားခြား မည်သည့်အတွက်ကြောင့် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်မည်ဟု ဆုံးဖြတ်ခဲ့ရပါသနည်း။ ရန်ကုန် အခြေစိုက် ၀ါရင့်သတင်းစာဆရာကြီးတဦးက သူ့အမြင်ကို ရှင်းပြပါသည်။ "တရုတ်ဖိအားလည်း ပါသလို၊ ဗေဒင်အခါပေး တွေနဲ့ နေပြည်တော်မှာရှိနေတဲ့ ကလိမ်ကကျစ် ခေါင်းမာဂိုဏ်းသားတွေက ဗိုလ်သန်းရွှေကို ဒီလို ဆုံးဖြတ်ချက်ကျလာအောင် ၀ိုင်းတွန်းခဲ့ကြတယ် ထင်တာာပဲ" ဟု ဆိုပါသည်။
တရုတ်နိုင်ငံ၏ အရေးပါမှုက ရှင်းပါသည်။ စက်တင်ဘာလ သွေးထွက်သံယို ဖြိုခွဲနှိမ် နင်းမှုပြီးချိန်မှစ၍ ကမ္ဘာပေါ်ရှိ စက်ဆုပ် ကြောက်မက်ဖွယ် အကောင်းဆုံး အာဏာရှင် စစ်အစိုးရကို နောက်မှ အဓိက ကျားကန်ပံ့ပိုး ပေးနေသူအဖြစ် တရုတ်နိုင်ငံကို အများက ပို၍ မီးမောင်းထိုး၍ ထောက်ပြဝေဖန်လာခဲ့ကြပါသည်။ ဤသို့ အာရုံစိုက်ခံရမှုမျိုးကို တရုတ်နိုင်ငံက မလိုလားပါ။ ဘေဂျင်းတွင် ကျင်းပမည့် အိုလံပစ်ပွဲတော် အဆင်ပြေချောမွေ့စွာ အောင်မြင်နိုင်ရေး အတွက်လည်း ဤကိစ္စကြောင့် အနှောက်အယှက် မဖြစ်စေလိုပါ။ ဤသို့ဖြင့် တရုတ်နိုင်ငံက နေပြည်တော်ရှိ စစ်ခေါင်း ဆောင်များကို နိုင်ငံတကာ အမြင်လှ၊ ကျေနပ်စေရန်အတွက် တခုခု ဆောင်ရွက်ရန် ကျိတ်၍ လက်သိပ်ထိုးနားချနေခဲ့ပါသည်။
ဗေဒင်အခါပေးကိစ္စနှင့် ပတ်သက်၍ တွက်ချက်ပြောဆိုနေမှုတွင်မူ လွဲချော်နေကြောင်း ရန်ကုန်အခြေစိုက် သတင်းစာဆရာ ကြီးက ထောက်ပြပါသည်။ မြန်မာ စစ်ဗိုလ်ချုပ်များက အရေးပါသည့် ကိစ္စများ လုပ်ကိုင်ဆောင်ရွက်မည့် ကာလတိုင်း တွင် ၉ ဂဏန်းကိုသုံးလေ့ရှိပါသည်။ ၎င်းတို့အတွက် ကံကောင်းစေသည်ဟု ယူဆထားသည့်ဂဏန်းလည်း ဖြစ်သည်။ သို့သော်လည်း ယခုနှစ်သည် ၂၀၀၈၊ (၂+ ၈) ပေါင်းလျှင် ၁၀ ဖြစ်နေပါသည်။ ၉ မဟုတ်ပါ။ ဤကိစ္စသည်လည်း သိပ် မဆန်းလှပါ။ "အခု သန်းရွှေက အိုလာပြီ။ အရာရာ မေ့မေ့လျော့လျော့ ဖြစ်လာနေတယ်။ သူက အခုနှစ်ဟာ ၂၀၀၇ လို့ပဲ ထင်နေသေးတယ်။ လူတိုင်းကလည်း သူ့ကို ကြောက်နေရတော့ အခုလို ကိန်းဂဏန်း မှားနေတယ်ဆိုတာကိုလည်း ဘယ်သူမှ ပြန်မပြောရဲကြ ဘူး" ဟု ၀ါရင့် သတင်းစာဆရာကြီးက သူ့အမြင်ကို ဆိုသည်။ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ရီချင်ဖွယ်လည်း ဖြစ်ရသည်။
စစ်အစိုးရ၏ ခေါင်းမာဂိုဏ်းခေါင်းဆောင်များ၏ အကြံအစည်ဟု ပြောဆိုနေကြသည့် သီအိုရီမှာလည်း ကြားရသည့် သတင်း တခုအပေါ် အခြေခံ ပြောဆိုနေကြခြင်း ဖြစ်သည်။ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ၏ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်ဌေးဦး၊ ဦးအောင်သောင်း၊ ဦးသောင်း၊ ဗိုလ်မှူးချုပ် ကျော်ဆန်းတို့က ဤဖွဲ့စည်းပုံအပေါ် "ထောက်ခံမဲ" ရစေမည်ဟု ဗိုလ်ချုပ်သန်းရွှေထံ ၀ိုင်း၍ တိုက်တွန်းနားချကြသည်ဟု လည်း ဆိုပါသည်။ သူတို့ ဤသို့ယုံကြည်မှုရှိနေသည့် အကြောင်းမှာလည်း ကြံ့ဖွံ့အဖွဲ့၏ အဖွဲ့ဝင်အရေအတွက် ၂၄ သန်း ကျော်ရှိနေပြီဟူသည့် အချက်အပေါ် မာန်တက်ပြောဆိုနေခြင်းလည်း ဖြစ်နိုင်ပါသည်။ ဤအရေအတွက်မှာ ဆန္ဒမဲပေးနိုင်သူ များ၏ တ၀က်ခန့် ရှိနေပါသည်။
ဖြစ်နိုင်သည်မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ကြုံတွေ့ခဲ့ရသည်များကို စစ်အစိုးရက အနည်းငယ် သင်ခန်းစာ ထုတ်၍ လုပ်ကောင်းလုပ်ပါလိမ့်မည်။ ဤရွေးကောက်ပွဲ ကျင်းပစဉ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့ပါသည်။ ယခုတကြိမ်တွင်တော့ အတိုက်အခံ ပါတီနှင့် ဒီမိုကရေစီရေး လှုပ်ရှားနေသူများ မလှုပ်သာအောင် လုပ်ထားပါလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍လည်း ပြောဆိုဆွေးနွေး မှုများ၊ ဆွေးနွေးငြင်းခုန်မှုများ ရှိလိမ့်မည် မဟုတ်ပေ။ ဘက်မလိုက်သည့် နိုင်ငံတကာလေ့လာ စောင့်ကြည့်သူများ ခွင့်ပြုရေး တောင်းဆိုချက်ကိုလည်း ပယ်ချခဲ့ပါသည်။
ယခုအချိန်တွင် စစ်အစိုးရက လာမည့်ပြည်သူ့ဆန္ဒခံယူပွဲတွင် မြန်မာပြည်သူ အများကို "ထောက်ခံမဲ" ထည့်ရန် တိုး၍ ဖိအားပေးနေပါသည်။ ညစ်ပတ်သည့် လှည့်ကွက်များနှင့် ပြောင်ကျကျ ဗိုလ်ကျအနိုင်ကျင့်သည့်နည်းများကိုလည်း တွဲဖက် သုံးနေပါသည်။ ဤအစီအစဉ်၏ တစိတ်တပိုင်းအနေဖြင့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများ အပါအ၀င်၊ ဝေးလံသည့် မြို့နယ်များတွင် ယာယီမှတ်ပုံတင်ကဒ်ပြားများ ထုတ်ပေးခြင်းပြုနေပြီး၊ အပြန်အလှန်အားဖြင့် "ထောက်ခံမဲ" ထည့်ရန် တောင်းဆိုနေပါသည်။ အကယ်၍ ဤဖွဲ့စည်းပုံကို ငြင်းပယ်လိုက်ပါက စစ်တပ်က နောင်နှစ် ၂၀ ဆက်၍ အုပ်ချုပ်လိမ့်ဦးမည်ဟုလည်း ကြံ့ဖွံ့အဖွဲ့ဝင်များက လူထုအကြားေ၀၀ါး၍ ထင်ယောင်ထင်မှား ဖြစ်စေရန် ၀ါဒဖြန့်နေ ကြပါသေးသည်။
ယခုထိ ဆန္ဒခံယူပွဲ မည်သို့ မည်ပုံကျင်းပ ဆောင်ရွက်မည်ကို တဦးတယောက်မျှ မသိရှိကြရသေးပါ။ မည်သည့်နေရာတွင် မဲပေးရမည်၊ မဲရုံများ မည်သည့်နေရာတွင် ထားရှိမည်၊ မဲပုံးများ မည်သို့ဖြစ်မည် စသဖြင့် ညွှန်ကြား ချက်များလည်း မရှိသေး ပါ။ ဆန္ဒခံယူပွဲကျင်းပမည့် ကုန်ကျငွေအတွက် ဘဏ္ဍာငွေ ခွဲဝေလျာထားပေးခြင်းလည်း မရှိသေးပါ။ ပို၍ အရေးကြီးသည့် အချက်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း မှာ လူထုလက်ထဲသို့ ရောက်ရှိမလာသေးခြင်း ဖြစ်ပါသည်။ မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ပေးထားသည့် ကတိက၀တ်အတိုင်း ဖြစ်လာနိုင်ဖွယ် မမြင်ရသေးပါ။ စစ်အစိုးရက ဂုဏ်တင်ပြောဆိုနေသည့် "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်" ကဲ့သို့ပင် ဝေေ၀၀ါးဝါးနိုင်လှပါသည်။
သို့သော်လည်း သေချာသည့် အချက်တခု ရှိနေပါသည်။ ယခုတကြိမ်တွင်လည်း စစ်အစိုးရ အလိုကျရလဒ် ဖြစ်မလာခဲ့လျှင်၊ ကျင်းပမည်ဟု ပြောနေသည့် ပြည်သူ့ဆန္ဒခံယူပွဲသည်လည်း မကျင်းပ၊ မတည်ရှိခဲ့သည့်အတိုင်း ငြင်းပယ်ပြုမူနေဦးမည် ဖြစ်ပါတော့သတည်း။ [Top] |