အလံတဝက် လွှင့်ထူမည်
အေးချမ်းမြေ့ | မတ် ၁၃၊ ၂၀၀၈
ယနေ့ ၁၉၈၈ ခုနှစ်ကို ဖြတ်သန်းခဲ့သော မြန်မာနိုင်ငံသားတိုင်း၏ရင်ထဲတွင် အလံတဝက် လွှင့်ထူထားကြ လိမ့်မည်ထင်ပါ သည်။ အထူးသဖြင့် ထိုအချိန်က ကျောင်းသားဖြစ်ခဲ့ဖူးသူများ၏ ရင်ထဲတွင် ပို၍ငိုကြွေးနေ ပါလိမ့်မည်။
ယနေ့သည် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကွယ်လွန်ခဲ့သည့် မတ်လ ၁၃ ရက်နေ့ ဖြစ်သည်။ ထိုအချိန်မှစ၍ ရေတွက်လျင် အနှစ်၂၀ တိတိ ပြည့်သည့်နေ့လည်းဖြစ်သည်။
ကိုဖုန်းမော်ကျဆုံးရသည့်အဖြစ်အပျက်ကို မှတ်မိသူလည်းရှိ၊ မမှတ်မိတော့သည့်သူများလည်းရှိမည်။ သို့သော် ကိုဖုန်းမော် ကျဆုံးခြင်းနောက်တွင် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲများ များစွာ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံး လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ရသည်ကိုတော့ မည်သူမျှ မေ့လို့ရမည်မ ထင်။
အလားတူ ကိုဖုန်းမော်ကျဆုံးခြင်းနှင့်အတူ မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ကျောင်းသားခေါင်း ဆောင်များ ပေါ်ထွက်ခဲ့သည်။ စစ်အစိုးရ၏ ရက်စက်ယုတ်မာမှု၊ လူမဆန်မှုတို့ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
ယခင်က အတိတ်ခါးများကို သကာအုပ်၍ မင်းသားခေါင်းဆောင်းပြထားသော စစ်အာဏာရှင်တို့၏ ဘီလူးမျက်နှာကို ကျမတို့လို နုနယ်သော ကျောင်းသူ၊ ကျောင်းသားလူငယ်များ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရရန် ကိုဖုန်းမော်က အသက်နှင့် လဲ၍ လှစ်ဟပြသခဲ့သည်။
ကိုဖုန်းမော်ကျဆုံးခဲ့ခြင်းကြောင့်ပင် တပါတီအာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့သော၊ စစ်အာဏာရှင်စနစ်ကို ရှိသမျှအင်အားနှင့် တွန်းလှန်နေသော၊ မျိုးဆက်သစ်ကျောင်းသားများကို ဒီမိုကရေစီတိုက်ပွဲလမ်းကြောင်း လက်ဆင့်ကမ်းပေးနေသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ကျောင်းသားခေါင်းဆောင်များ ပေါ်ထွက်ခဲ့ပါသည်။
ကိုဖုန်းမော်ကျဆုံးသည့် မတ်လ၁၃ရက်နေ့ကို ဒီမိုကရေစီလိုလားသည့် အတိုက်အခံအဖွဲ့များက မြန်မာနိုင်ငံ လူ့အခွင့်အရေး နေ့အဖြစ် သတ်မှတ်လိုက်သည်။
မြန်မာနိုင်ငံတွင် ၁၉၈၇ခုနှစ်ကတည်းက ငွေစက္ကူအရေးအခင်းပေါ်ပေါက်ခဲ့၍ လူထုကမကျေမနပ်ဖြစ်နေခဲ့ သော်လည်း အစိုးရ၏ဖိနှိပ်မှုများနှင့် ယဉ်ပါးနေကာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို လူထုကသတိ မမူမိဘဲရှိနေခဲ့သည်ဟု လက်ရှိ လူ့အခွင့်ရေးပညာပေးရေးဌာနမှ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ ထုတ်ဝေသည့်စာစောင်တွင် ဖော်ပြထားသည်။ ကိုအောင်မျိုးမင်းမှာ ကိုဖုန်းမော်နှင့် ရင်းနှီးသော သူငယ်ချင်း တဦးလည်း ဖြစ်သည်။
ကိုဖုန်းမော်အသတ်ခံရပြီးနောက်တွင်မှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို တောင်းဆိုရန်အသိရှိလာကြပြီး ပြည်သူလူထု တရပ်လုံးက ကျောင်းသားများနှင့်လက်တွဲ တိုက်ပွဲဝင်ရန်ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောထားသည်။
ထိုအချိန်က နုနယ်သောကျောင်းသားလူငယ်များသည် ယနေ့အချိန်တွင် ရင့်ကျက်သောနိုင်ငံရေးခေါင်း ဆောင်ကြီးများဖြစ် နေပေပြီ။ ကိုဖုန်းမော်နှင့်ခေတ်ပြိုင်၊ ကိုဖုန်းမော်၏သွေးနှင့် အသက်ကို အားယူ၍တိုက်ပွဲ ဝင်ခဲ့ကြသော ထိုခေါင်းဆောင်တို့မှာ ယနေ့အခါ ထောင်ထဲတွင် အကျဉ်းချခြင်းခံနေရသည်။
ထိုစဉ်က အစပြုပေါ်ထွက်ခဲ့သည့် လူထုခေါင်းဆောင်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေးအတွက် အရာရာ ကိုစွန့်ကာ တိုက်ပွဲဝင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ် ကျခံနေရသည်။ မြောက်မြားလှ စွာသော သံဃာတော်များ၊ ကျောင်းသား၊ ပြည်သူတို့၏ အသက်များလည်း စစ်ဖိနပ်အောက်တွင် မွမွကြေခဲ့ရပြီဖြစ်သည်။
လက်ရှိဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ ကိုမင်းနိုင်က လက်ရှိ စစ်အစိုးရသည် ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှုများကို ခေတ်အဆက်ဆက် မပေါ်ပေါက်အောင် အကြမ်းဖက်သည့် နည်းအပါအဝင် နည်းလမ်းပေါင်းစုံသုံးကာ ဖုံးကွယ်ချင်ကြောင်း ဧရာဝတီသို့ပြောပြသည်။
“သူတို့က ဒီလှုပ်ရှားမှုသမိုင်းတွေကို ဖုံးပြီး လူတွေမသိအောင်ဖျောက်ဖျက်ဖို့ ကြိုးစားပေမယ့် ကျောင်းသားလှုပ်ရှားမှုတွေက ဘယ်တော့မှပျောက်ပျက်မှာမဟုတ်ဘူး။၁၉၈၈နောက်ပိုင်းမှာလည်း ၁၉၉၆၊ ၁၉၉၈၊ ၂၀၀၀ပြည့်နှစ်လှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်ခဲ့တယ်။ ၂၀၀၇မှာတော့ အထင်ရှားဆုံးပဲ။ သံဃာတော်တွေနဲ့ ကျောင်းသားတွေ ဘယ်လိုတက်ကြွလှုပ်ရှားခဲ့တယ်ဆိုတာ ပြနိုင်ခဲ့တယ်” ဟု ကိုမင်းနိုင်ကပြောသည်။
ကိုမင်းနိုင်က အနှစ်၂၀ဆိုသောကာလသည် တိုင်းပြည်အနေနှင့် ပြုပြင်ပြောင်းလဲမှုကောင်းမွန်စွာလုပ်နိုင်သည့် အချိန် အတိုင်း အတာတခုဖြစ်သောကြောင့် ဘာမှဖြစ်မလာဘဲ အချိန်ကုန်သွားရသည်ကို အလွန် နှမြောမိသည်ဟုဆိုသည်။
“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးသာရရင် ဒီနှစ်၂၀ဆိုတဲ့ကာလမှာ တိုင်းပြည်က အရမ်းကိုတိုးတက်နေပြီ။ ၈၈တုန်းက မွေးခဲ့တဲ့ကလေးတွေဆိုရင် ခုလူငယ်တွေဖြစ်နေပြီ။ တိုင်းပြည် ဒီမိုကရေစီရနေရင် သူတို့တွေခု ချိန်မှာ ခုလောက် ပင်ပန်း ရုန်းကန်ရမှာမဟုတ်ဘူး” ဟု သူကဆက်ပြောသည်။
ယနေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့တွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေးအတွက် လှုပ်ရှားမှုများ ပြုလုပ်လျှက် ရှိပြီး ယနေ့မှစ၍ သြဂုတ်လအထိ နိုင်ငံတကာ၌ ဆက်တိုက် လှုပ်ရှားမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း နိုင်ငံရေးအကျဉ်း သမားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီသို့ပြောသည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲဖို့ ပထမခြေလှမ်းက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးပဲ။ အဲဒါကို နိုင်ငံတကာကို ကော အာဆီယံကိုပါ သတင်းစကားပါးထားရတယ်။ ဒီကိစ္စကိုတရုတ်ကလည်း မငြင်းဘူး။ အာဆီယံကလည်း သဘောတူ ထားတယ်။ ဒါကိုထဲထဲဝင်ဝင် ပိုထိရောက်အောင် ကျနော်တို့လုပ်ရမယ်” ဟု ကိုဘိုကြည်က ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်မှစ၍ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့ကဲ့သို့သော နိုင်ငံရေးအကျဉ်း သားများစွာ ရှိသော်လည်း စစ်အစိုးရက ၎င်းတို့မှာနိုင်ငံရေအကျဉ်းသားများမဟုတ်ကြ ဟုငြင်းဆိုထားသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကိစ္စပြောမည်ဆိုပါက ထိုပုဂ္ဂိုလ်များကို ချန်လှပ်ထား၍ မရဟု ၎င်းကပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်အစိုးရကို ဖိအားပိုပေးရမယ်။ နိုင်ငံတကာတင်မကဘူး ပြည်သူတွေကပါ ပိုသိပိုနားလည်မယ်ဆိုရင် နိုင်ငံရေးအပြောင်းအလဲအတွက် ပိုပြီး ကောင်းမွန်မယ်လို့ ထင်တယ်” ဟုကိုဘိုကြည်ကဆိုသည်။
၁၉၈၈ခုနှစ် မတ်လ၁၃ရက်နေ့မှစတင်၍ နိုင်ငံတွင် တဆစ်ချိုးကွေ့ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ ထိုနေ့တွင် ကျောင်းဝင်း ထဲ၌ ကျောင်းသားများအသတ်ခံခဲ့ရပြီး ရဟန်းရှင်လူ ပြည်သူအများ အဖမ်းအဆီးခံခဲ့ရသည်။ ထို့ကြောင့် ခေတ်အဆက်ဆက် ကျဆုံးသူများကို ဂုဏ်ပြုသောအားဖြင့် ထိုနေ့ အနှစ်၂၀ပြည့် သည့်နေ့ကို ရွေးချယ်ကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ လုပ်ခြင်းဖြစ် ကြောင်း ကိုဘိုကြည်ကဆက်ပြောသည်။
“ပြီးခဲ့တဲ့ အနှစ်၂၀ကိုပြန်ကြည့်တော့ ခံစားမှု၂မျိုးဖြစ်တယ်။ တခုက ဒီလောက်နှစ်တွေကြာတာတောင် အဲဒီ မတ်လ ၁၃ ရက် နေ့မှာ ပါဝင်ခဲ့တဲ့သူတွေ ဒီနေ့ထိ မားမားမတ်မတ်ရပ်နေတာတွေ့ရတယ်။ မပြီးသေးတဲ့ တိုက်ပွဲ အတွက် ဆက်သယ်ဆောင် လာတာတွေ့ရတော့ အရမ်းကိုကျေနပ်အားရဖြစ်မိတယ်။ နောက်တချက်က တော့ ဒီတိုက်ပွဲဖြစ်လာတာ အနှစ် ၂၀ ကြာ တာတောင် မပြီးသေးတဲ့အတွက် ဘာတွေများလိုနေလဲလို့ စဉ်းစား ကြည့်မိတယ်” ဟု ၈၈ကျောင်းသားခေါင်းဆောင် တဦးကပြောသည်။
ဆက်လက်၍၎င်းက လွန်ခဲ့သည့်အနှစ်၂၀နှင့် နှိုင်းယှဉ်လျင် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုမှာ ပိုမိုပြင်းထန် ဆိုးရွားလာသည် ဟုဆိုသည်။
“ဖိနှိပ်မှုပိုဆိုးလာတယ်ဆိုတာကလည်း အစိုးရဘက်က ပိုကြပ်တည်းလာလို့ပဲ။ သူတို့ဘက်ကပိုကြပ်တည်းလာလေ ပိုဖိနှိပ် လေဖြစ်လာမှာပဲ။ ခုချိန်မှာသူတို့က အထိအခိုက်မခံနိုင်အောင် ဖြစ်နေပြီလေ” ဟု ၎င်းကဆက်ပြောသည်။
၁၉၈၈ခုနှစ်အရေးအခင်းနှင့်၂၀၀၇ စက်တင်ဘာအရေးအခင်း ကွာခြားပုံကိုလည်း ၎င်းက နှိုင်းယှဉ်ပြောပြသည်။ ၁၉၈၈ ခုနှစ်ထက် ယခုအချိန်တွင် လူများ၏စီးပွားရေးအကြပ်အတည်း ပိုမိုကြီးလာပြီဖြစ်ကြောင်း လည်း သူကပြောသည်။
၁၉၈၈ခုနှစ်အရေးအခင်းသည် ပိုမိုကြီးမားကျယ်ပြန့်သော်လည်း ထိရောက်မှုနှုန်းအားဖြင့် နည်းပညာ အားနည်းချက်ကြောင့် ၂၀၀၇ခုနှစ်လှုပ်ရှားမှုကို မမီခဲ့ဟု သူကဆိုသည်။ အနှစ်၂၀တိုင်ခဲ့သော်လည်း ယခုထိ လှုပ်ရှားရပ်တည်နေသော အတိုက်အခံ အဖွဲ့အစည်းအသီးသီးရှိနေပါသည်။ သို့ရာတွင် မြန်မာနိုင်ငံအရေး လှုပ်ရှားမှုတိုင်းသည် ခေါင်းဆောင်တယောက်တည်း၏ ဦးဆောင်မှုအောက်တွင်ရှိမနေသေးသကဲ့သို့ နည်းပရိယာယ်တခုတည်းအောက်တွင်လည်း မရပ်တည်နိုင်သေးကြောင်း ၎င်းကသုံးသပ်သည်။
“ကိုမင်းကိုနိုင်က ရိုးရိုးလေးဥပမာတခုပေးခဲ့တယ် တခုခုရွေ့ဖို့ဆိုရင် တနေရာတည်းကဝိုင်းတွန်းမှရမယ်တဲ့ အားလုံးတစု တည်း၊ နည်းပရိယာယ်တခုတည်း ဖြစ်နေစေချင်တယ်။ အဖွဲ့အစည်းများတာ ပြဿနာမဟုတ် ပေမယ့် အားလုံးညှိနှိုင်းနိုင် ရင်တော့ အောင်မြင်ဖို့ ပိုလွယ်မယ်လို့ ကျနော်ယုံကြည်တယ်” ဟု ၎င်းကပြောသည်။
၁၉၈၈ ခုနှစ်အရေးအခင်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော ထိုကျောင်းသားခေါင်းဆောင်က ၎င်းအနေနှင့် ကိုဖုန်းမော် ကျဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ ဆောင်းပါးရေးနေသော်လည်း တဆက်တည်း မရေးနိုင် လောက်အောင် ခံစားနာကျင် ရသည်ဟု ပြောပြသည်။
ကိုဖုန်းမော်မှာ ထိုတိုက်ပွဲအတွက် ပထမဆုံးအသက်ပေးခဲ့ရသော ကျောင်းသားအာဇာနည်ဖြစ်သော်လည်း ထိုခေတ်ထို အချိန်က ကျောင်းသားခေါင်းဆောင်ဟူ၍ သတ်သတ်မှတ်မှတ်မရှိခဲ့ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုမင်းဇော်က ဗကသ စာစဉ်တွင် ရေးသားဖော်ပြထားသည်။
“အဲဒီကာလက ဘာအစုအဖွဲ့ လုပ်ပိုင်ခွင့်တွေရှိလို့ ကျောင်းသားသမဂ္ဂတွေ၊ ကျောင်းသားခေါင်းဆောင်ဆို တာတွေရှိမှာ လည်းဗျာ။ ကိုဖုန်းမော်လည်း သူလိုကိုယ်လို သာမန်ကျောင်းသားတယောက်ပါပဲ” ဟု ဆက်လက် ဖော်ပြထားသည်။
“အဲဒီကနေမှ တိုက်ပွဲလိုအပ်ချက်အရကျောင်းသားခေါင်းဆောင်၊ အာဇာနည် ဗိုလ်ဖုန်းမော်အဖြစ် စံပြု တိုက်ပွဲ ဝင်ကြရတာ။ သူ့သွေး၊ သူ့အလောင်းကိုစံပြုပြီး တိုက်ပွဲတွေဆက်ခဲ့ကြရတာ” ဟု ကိုမင်းဇော်က ပြောပြထားသည်။
မြန်မာနိုင်ငံတွင် အနှစ်၂၀အတွင်း အဓိကကျသည့်အပြောင်းအလဲများ မဖြစ်ခဲ့ဘဲ ဖိနှိပ်၊ ဖမ်းဆီးမှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများကိုသာ ပြည်သူလူထုက တနေ့ထက်တနေ့ ပိုမိုခံစားနေရသည်ဟု ကိုဘိုကြည် ကပြောသည်။ ပြည်သူလူထု အတွက် စားဝတ်နေရေး ကြပ်တည်းသည်ထက် ကြပ်တည်းလာသည့် အချိန်ဖြစ်ပြီး လူထု၏တနေ့တာဝင်ငွေမှာလည်း အလွန်နည်းပါးသည်။ ကျန်းမာရေးနှင့် ပညာရေးအခြေအနေ များမှာလည်း အလွန်နိမ့်ပါး ဆိုးရွားနေပြီဖြစ်သည့်အတွက် လူထုက အကောင်းဆုံးသောပြောင်းလဲမှု တစုံတရာကို မျှော်လင့်နေပြီဖြစ်ကြောင်း ကိုဘိုကြည်ကဆက်ပြောသည်။
လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်သူတို့မှာ အခက်အခဲကြားမှ ခရီးဆက်လျှက်ရှိနေသည်။ တချို့ကျဆုံးသွား ကြပြီ၊ တချို့လည်း စစ်အစိုးရ၏ထောင်ထဲတွင် ခက်ခဲပင်ပန်းစွာ ဆောက်တည်နေရသည်။
ခေတ်အဆက်ဆက် ကျောင်းသားတို့၏မျက်ရည်များမှာ ယခုထိတိုင်မစဲသေး။ သူတို့၏ သွေးများသည်လည်း မခြောက်သေး ပေ။ စစ်အစိုးရက ခပ်ကြမ်းကြမ်း သုတ်ပင်သုတ်ပစ်သော်ငြားလည်း၊ ဖျောက်ဖျက်ပစ်ရန် ကြိုးစားပင် ကြိုးစားသော်ငြား လည်း ထိုသွေး ထိုမျက်ရည်တို့က နောက်လူတို့ကို စကားပြောနေပါသည်။ ထို့အတွက် ယနေ့မြန်မာပြည်သားတိုင်း၏ ရင်ထဲတွင် သွေးမြေကျခဲ့ရသူများအတွက် မျက်ရည်များဖြင့် အလံတဝက်လွှင့်ထူနေကြလိမ့်မည်။
ထိုနည်းတူ သူတို့၏ရင်ခွင်ထဲတွင် သူတို့သားသမီးများ၏သွေးများ ပေကြံခဲ့ဖူးသည်ကိုသတိရလျှက် မြန်မာ နိုင်ငံတွင်းမှ တက္ကသိုလ်ကျောင်းကြီးများသည်လည်း ယနေ့ အလံတဝက်လွှင့်ထူ ဂုဏ်ပြုနေပါလိမ့်မည်။ [Top] |