အထူးဆောင်းပါး
ဘယ်ဆီ ဘယ်ဝယ် (တနည်း) မသိခြင်း နယ်မြေစိမ်းဆီသို့

ဧရာဝတီ အဖွဲ့ | ဇန်နဝါရီ ၂၃၊ ၂၀၀၈

မြန်မာနိုင်ငံတွင် လမ်းပြမြေပုံတချပ် ရှိထားသော်လည်း ထိုမြေပုံ၏ဦးတည်ရာကို မသိရပါ။ ဧရာဝတီမဂ္ဂဇင်း အနေဖြင့် ဖြစ်လာနိုင်ဖွယ်ရှိသော မြန်မာ့နိုင်ငံရေး အလားအလာများကို ဟောကိန်းထုတ်လိုက်ပါသည်။

သန်းရွှေ၏ အမွေ

အကယ်၍ နာမကျန်းဖြစ်နေသော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုတ်တရက်ကွယ်လွန် သွားမည် ဆိုပါလျှင် ...။  အာဏာသိမ်းမှု နောက်တခု၊ သို့မဟုတ် ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် တိုင်းမှူးများအကြား အာဏာလွန်ဆွဲ ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာဖွယ်ရှိသည်။ အာဏာရှင်ကြီး သေဆုံးသွားလျှင် အပြောင်းအလဲလိုလားသည့် စစ်တပ် အရာရှိများအတွက် အခွင့်အရေးတရပ် ပေါ်ပေါက်လာနိုင်ပြီး နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ၊ အတိုက်အခံများနှင့်  တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာဖွယ်ရှိသည်။


ဗိုလ်ချုပ်အိုကြီး သန်းရွှေ [Photo: Reuters]

ဗိုလ်ချုပ်သန်းရွှေ၏ ကျန်းမာရေးအတော်လေး ယိုယွင်းနေပြီ။ ရရှိထား သော သတင်းများအရ ဗိုလ်ချုပ်သန်းရွှေ ကွယ်လွန်တော့မည် ဆိုသည် မှာလည်း ဖြစ်နိုင်ခြေရှိနေသည်။ သေချာသည်မှာ ဗိုလ်ချုပ်သန်းရွှေ သည် အသက်ငယ်ရွယ်သူ တယောက် မဟုတ်တော့။ တရားဝင်အရ သူ၏ အသက်ကို ၇၄ နှစ်ဟု ဆိုထားသော်လည်း အချို့ လေ့လာသူ များက ၇၈ နှစ်နီးပါး ရှိနေပြီဟု ယုံကြည်ကြသည်။

ဗိုလ်ချုပ်သန်းရွှေသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တဦးလည်း ဖြစ်သည်။ သူ သေဆုံးသွားပါက ပို၍လက်တွေ့ကျသည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးသိန်းစိန် တို့ က ဆက်လက် ဦးဆောင်သွားဖွယ်ရှိပြီး စီးပွားရေးအရ ပြုပြင် ပြောင်းလဲမှုများလည်း ဆောင်ရွက်လိမ့်မည်ဟု မှန်းဆရသည်။ သို့သော်လည်း သဘောထားပြင်းထန်သူများနှင့် ဗိုလ်ချုပ်သန်းရွှေ၏ သစ္စာခံဂိုဏ်းသားများက၊ ဤသဘောထားပျော့ပြောင်း သူများ၏ အပြောင်းအလဲများကို လက်မခံဘဲ စစ်အစိုးရအတွင်း ဖြုတ်ထုတ်သတ်လုပ်ရပ်များ၊ အာဏာသိမ်းပွဲများ ဖြစ်ကောင်းဖြစ်လာနိုင်သည်။

စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲရေးကိုလိုလားပြီး သဘောထားပျော့ပြောင်းသည့် အရာရှိများ ရှိနေနိုင်သည်ဟု ယုံကြည် ရသည်။ စက်တင်ဘာလ ဆန္ဒပြသံဃာတော်များနှင့် ပြည်သူများကို ရက်စက်စွာဖြိုခွင်းခဲ့သည့် အချိန်မှစ၍ လက်ရှိစစ်တပ် ခေါင်းဆောင်မှုအပေါ် စိတ်ပျက် မကျေနပ် ဖြစ်နေကြသော အရာရှိများက တစစ ပိုမိုများပြားလာသည်။ ထိုသူများက အပြောင်းအလဲတခု ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတကာ ကြားဝင်ဖြန်ဖြေမှုများ ဖြစ်လာစေရန် လိုလားနေကြသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့် အင်အားကြီး အိမ်နီးချင်းနိုင်ငံများက အပြုသဘောဆောင်ပြီး၊ ပို၍ တွန်းတွန်းတိုက် တိုက်နိုင်သည့် သံတမန်နည်းများ ကျင့်သုံးစေရန်လည်း ၎င်းတို့က မျှော်လင့်နေကြသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် နိုင်ငံအဝှမ်း တောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အတိုက်အခံ အင်အားစု များနှင့် အဓိပ္ပာယ်ပြည့်ဝသော ညှိနှိုင်းအပေးအယူ ပြုမှုများကိုလည်း ၎င်းတို့က မြင်တွေ့လိုနေကြသည်။

သဘောထား ပျော့ပြောင်းသူ စစ်တပ်အင်အားစုများအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်ညှိနှိုင်း ရင်ကြားစေ့၍့ အရှည်တည်တံ့နိုင်သော နိုင်ငံရေးအရ ဖြေရှင်းလာနိုင်သည်။ ထို့ပြင် နိုင်ငံတကာအသိုင်းအဝန်းမှ ဖွံ့ဖြိုးရေးအကူအညီ များကိုရယူကာ စီးပွားရေးအရ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ အကယ်၍ ၎င်းအင်အားစုသာ တပ်မတော်အတွင်းနှင့် ပြင်ပအားပေးထောက် ခံမှုများရရှိပါက ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏စစ်အုပ်စုကို ဖယ်ရှားပစ်လိုက်နိုင်ဖွယ်ရှိသည်။

နောက်ထပ်အုံကြွမှုတခု

၂၀၀၈ ခုနှစ်တွင် ရဟန်းသံဃာတော်များက ဦးဆောင်သည့် ကျောင်းသားများ ပါဝင်လှုပ်ရှားကြသော လူထုအုံကြွမှုတခု ဖြစ်လာနိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

၁၉၈၈ ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှု အရေးတော်ပုံတွင် မပါဝင်၊ မထိတွေ့ခဲ့ရသော၊ နိုင်ငံရေးကိုလည်း စိတ်မဝင်စားသည့် လူငယ်မျိုးဆက်ဝင်များက စက်တင်ဘာ သံဃာ့ဆန္ဒြ့ပပွဲများ နောက်ပိုင်းတွင် အကြီးအကျယ် သက်ဝင် လှုပ်ရှားလာကြသည်။ နိုင်ငံအဝှမ်းတွင် ၎င်းတို့က မြေအောက်အဖွဲ့များနှင့် ဆဲလ်အုပ်စုငယ်များ ထူထောင်ကာ လက်ကိုင်ဖုန်း များ၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ အီးမေးလ်များ၊ အင်တာနက် ဘလော့များမှတဆင့် လူငယ်အုပ်စု အချင်းချင်းအကြား ကွန်ရက်ဖွဲ့ခြင်း၊ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခြင်း၊ ပြည်ပရှိ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းများ ပြုလုပ်နေကြသည်။ နှိုင်းယှဉ်ချက်အရဆိုလျှင် ၎င်းလူငယ်များက ၁၉၈၈ မှ ကျောင်းသားများ၊ လှုပ်ရှားသူများထက် အဆပေါင်းများစွာ နည်းပညာ အခွင့်သာနေသည်။


၂၀၀၈ မှာလည်း ၂၀၀၇ လိုပဲလား [Photo: Thierry Falise]

ယင်း လူငယ်မျိုးဆက်သစ်များကို နိုင်ငံရေးအတိုက်အခံ အင်အားစုတခုအဖြစ် သတ်မှတ်နိုင်သော်လည်း ကံမကောင်းလှ သည့် အချက်တခုမှာ ၎င်းလူငယ်အုပ်စုများက ရင့်ကျင်မှု အားနည်းနေပြီး၊  ဗဟိုချုပ်ကိုင်မှု လျော့ရဲစွာဖြင့် စစ်အစိုးရကို ရင်ဆိုင်အံတုနေရခြင်း ဖြစ်သည်။

တိုင်းပြည်၏ လုံးဝယိုယွင်းနေသည့် စီးပွာရေး အခြေအနေ ရှေ့မတိုး နောက်မဆုတ်သာ နိုင်ငံရေးအကျပ် အတည်း၊ တစစ ကြီးထွားလာနေသော လူထု၏ မကျေနပ်မှုများနှင့် စစ်အစိုးရခေါင်းဆောင်များ၏ ခေါင်းမာမှုတို့ တဖြည်းဖြည်းစုပေါင်းလာ ခြင်းက မကြာမီတွင် ကြီးမားသော အုံကြွပေါက်ကွဲမှုကြီးတခု ဖြစ်လာမည့် ယမ်းအိုးကြီးကို အားဖြည့်ပေးနေသကဲ့သို့ ဖြစ်နေသည်။

အဆိုးရွားဆုံး တွက်ထားနိုင်သည့် အနေအထားမှာ မပြောကောင်း မဆိုကောင်း အသက် ၆၂ နှစ်အရွယ် ရှိနေပြီဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် ကွယ်လွန်ခဲ့သော်ဟူသည့် တွက်ဆမှုမျိုး ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တွင် သူမ၏ခေါင်းဆောင်မှု ကင်းမဲ့စေရန်အတွက် ဒေါ်စုသေဆုံးမည့်နေ့ကို စစ်ခေါင်းဆောင်များက စောင့်ကြိုကောင်း စောင့်ကြိုနေနိုင်သည်။ သို့သော်လည်း အကယ်၍ ဤသို့ဖြစ်ခဲ့ပါက နောက်တကြိမ် အုံကြွ ပေါက်ကွဲမှုတခု ဖြစ်ပေါ်လာနိုင်ပြီး သွေးချောင်းစီး သတ်ဖြတ်ဖြိုခွင်းမှုနှင့်အတူ နိုင်ငံအတွင်း နိုင်ငံရေးမီးပြင်း တောက်လာနိုင်သည်။

လမ်းပြမြေပုံ

အကယ်၍ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာမိသားစုများက မြန်မာနိုင်ငံတွင် အပြုသဘော ဆန်သည့် ပြောင်းလဲမှုများနှင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အပေါ် လွမ်းမိုးထိန်းကျောင်းနိုင်ခြင်း မရှိခဲ့သော် စစ်ခေါင်းဆောင်များက ၎င်းတို့၏ အချက် ၇ ချက်ပါ လမ်းပြမြေပုံကို ပြီးဆုံးအောင် ဆက်လက်အကောင်အထည်ဖော်သွား ကြမည်ဖြစ်သည်။

လမ်းပြမြေပုံ ပြီးပြည့်စုံသွားပါက စစ်အစိုးရအဖို့ အာဏာကို မလွှတ်စတမ်း ဆက်လက်ဆုပ်ကိုင်သွားနိုင်ပြီး မြန်မာနိုင်ငံတွင် တပ်မတော်မင်းဆက်၏ အခန်းကဏ္ဍကို တရားဝင် အသက်သွင်းကြမည် ဖြစ်သည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းရေးဆွဲရေးကော်မတီသည် အချက် ၇ ချက်ပါ ဒီမိုကရေစီ တိုင်းပြည်သစ် လမ်းပြမြေပုံ၏ အဆင့် ၃ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မူကြမ်း လုပ်ငန်းစဉ်ကို စတင်နေခဲ့ပြီ။ မကြာသေးမီကပင် ဤ မူကြမ်းရေးဆွဲမည့် ကော်မတီတွင် လူပုဂ္ဂိုလ် ၅၄ ဦးကို ခန့်အပ်ခဲ့သည်။ သို့သော်လည်း ဤမူကြမ်း ပြီးဆုံးရမည့်အချိန်ကိုမူ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပေ။


စစ်အစိုးရရဲ့ လမ်းပြမြေပုံ ဘယ်တော့ပြီးမလဲ [Photo: Reuters]

၂၀၀၃ ခုနှစ်၊ သြဂုတ်လတွင် လမ်းပြမြေပုံကို ထုတ်ပြန်ကြေညာခဲ့စဉ်က အဆင့် ၇ ဆင့်ကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

၁။ ပထမဆင့် - ၁၉၉၆ ခုနှစ်က စတင်၍ ယာယီအားဖြင့် ဆိုင်းငံ့ထားလျက်ရှိသော အမျိုးသားညီလာခံကြီးကို ပြန်လည် ကျင်းပခြင်း။

၂။ ဒုတိယအဆင့် - အမျိုးသားညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီးသည့်အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ဖွယ်ရာလုပ်ငန်းစဉ်များကို တဆင့်ပြီး တဆင့် ဆက်လက် ဆောင်ရွက်ခြင်း။

၃။ တတိယအဆင့် - အမျိုးသားညီလာခံကြီးမှ ချမှတ်ပေးသော အခြေခံရမည့်မူများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ရေးဆွဲခြင်း။

၎။ စတုတ္တအဆင့် - ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကြီးအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခြင်း။

၅။ ပဉ္စမအဆင့် - ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်များဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း။

၆။ ဆဋ္ဌမအဆင့် - ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော် အစည်းအဝေးများ ကျင်းပခြင်း။

၇။ သတ္တမဆင့် - လွှတ်တော်မှရွေးကောက်တင်မြောက်သော နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းများဖြင့် ခေတ်မီဖွံဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ခြင်းတို့ ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် လမ်းပြမြေပုံ၏ ပထမအဆင့် ပြီးမြောက်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲ ကျင်းပလိမ့်မည်၊ ၂၀၀၉ ခုနှစ်တွင် ရွေးချယ်တင်မြောက်ခံရသည့် အစိုးရအသစ် တက်လာ ဖွယ်ရှိသည်ဟု မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူများက အချိန်ဇယား ခန့်မှန်းကြသည်။

သို့သော်လည်း စက်တင်ဘာလ ဒီမိုကရေစီအရေး အုံကြွတောင်းဆိုမှုက ၎င်းလုပ်ငန်းစဉ် တခုလုံးကို မေးခွန်းများစွာ ဖြစ်စေ ခဲ့ပြီး လူအများကို သံသယရှိစေခဲ့သည်။ ဆန္ဒပြပွဲများကို လူမဆန် ရက်စက်စွာ ဖြိုခွင်းခဲ့ပြီးသည့်နောက်တွင် ၎င်းမြေပုံပေါ် တွင် လမ်းပိတ်ဆို့သွားတော့သည်။ အကျိုးဆက်မှာ စစ်အစိုးရအဖို့ မဝေးသောကာလတွင် ရွေးကောက်ပွဲတခု ကျင်းပရဲမည့် သတ္တိမရှိတော့ခြင်းပင် ဖြစ်သည်။ ကျင်းပခဲ့လျှင်လည်း စစ်ခေါင်းဆောင်များအဖို့ မလွဲမသွေ အရှုံးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

အကယ်၍ စစ်အစိုးရကသာ ၎င်း၏လမ်းပြမြေပုံအတိုင်း အတင်းအကျပ်ဇွတ်တိုးသွားမည်ဆိုပါက နိုင်ငံရေး အကျပ်အတည်း ကို ပို၍ရှုပ်ထွေးစေဖွယ် ရှိသည်။ မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပရှိ ပင်မ အတိုက်အခံ အင်အားစုများကိုလည်း ပို၍ ဘေးဖယ် ထားသလို ဖြစ်သွားနိုင်သည်။

ငြိမ်းချမ်းစွာ ဆွေးနွေးပြေလည်မှု

အတိုက်အခံ အင်အားစုများနှင့် စစ်ခေါင်းဆောင် များအကြား ငြိမ်းချမ်းစွာ နိုင်ငံရေးနည်းအရ ဆွေးနွေးအ ဖြေရှာခြင်း သည်သာ မြန်မာပြည်အရေးအတွက် အကောင်းဆုံးဖြေရှင်းခြင်း ဖြစ်ပေလိမ့်မည်။ အကောင်းတကာ့ အကောင်းဆုံးမှာ အတိုက်အခံ ခေါင်းဆောင်များ ပါဝင်သော ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းစေနိုင်မည့်  နိုင်ငံရေးသဘောတူညီချက်တခု ဖြစ်သည်။


ဆွေးနွေး အဖြေရှာမှု ဘယ်လောက်ကြာမလဲ [Photo: UNIC Yangon]

အောက်တိုဘာလတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရန် ဆက်ဆံရေးဝန်ကြီးတဦး ခန့်အပ်ခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည်၊ အခြားသော အတိုက်အခံ ကိုယ်စားလှယ်များ၊ အုပ်စုများ၊ တိုင်းရင်းသားခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးရေး တကယ်လုပ်ရန် စိတ်ဝင်စားမှု ရှိမရှိမှာ အလွန် သံသယဖြစ်ဖွယ် ရှိနေသေးသည်။

သို့သော် စစ်အစိုးရက ၎င်းတို့သည် အိမ်နီးချင်းတိုင်းပြည်များ၊ ပြည်တွင်းပြည်ပ၊ ဘက်ပေါင်းစုံမှ  ဖိအားပေးခံနေရသည်ကို အမှန်တကယ် ခံစားမိလာပါက အတိုက်အခံပါတီများနှင့် တကယ်စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းသို့ ဝင်ရောက် လာနိုင်ပြီး၊ နိုင်ငံရေးအရ အပေးအယူပြု သဘောတူညီချက်များလည်း ဖြစ်လာဖွယ် ရှိသည်။

သို့ပင်ငြား နိုင်ငံရေးပြေငြိမ်းချက်တခုမတိုင်မီ စိတ်ရင်းအစစ်အမှန်ကို ပြသသည့်အားဖြင့် အချို့လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးရန် လိုအပ်သေးသည်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးခြင်း၊ နိုင်ငံအဝှမ်း အပစ်အခတ်ရပ်စဲရေး ကြေညာခြင်း၊ ကရင်၊ ကရင်နီ၊ ရှမ်းတိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ချုပ်ဆိုခြင်း စသောကိစ္စများကို လည်း လုပ်ဆောင်ပေးရန် လိုအပ်သည်။

စစ်အစိုးရနှင့် အတိုက်အခံအင်အားစုများက ငြိမ်းချမ်းသည့် ဝန်းကျင်တခုကို ဖန်တည်းရန်လိုအပ်နေပြီး ညီညွတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အသွင်ကူးပြောင်းရေးကာလတခုအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ကြရေးအတွက် ဆော်သြပေးရန်လည်း လိုအပ်သည်။

စစ်အစိုးရနှင့် နိုင်ငံရေးအတိုက်အခံများအကြား စစ်မှန်သောနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းကလည်း ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ဆက်လက်ပံ့ပိုး အားပေးရန် လိုအပ်သည်။ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုများနှင့် အကူအညီပေးရေး အစီအစဉ်များလည်း ဆောင်ရွက်ပေးရမည် ဖြစ်သည်။

 စစ်အစိုးရကသာ အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးညှိနှိုင်းမှုများဆီသို့ ဦးတည်ဆောင်ရွက်လာပြီဟေ့ဆိုလျင် အာဆီယံအဖွဲ့၊ တရုတ်နိုင်ငံ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ကလည်း ပူးပေါင်း၍  အကူအညီများ ပေးသင့်သည်။ စစ်အစိုးရ အပြင် အတိုက်အခံအဖွဲ့များနှင့်ပါ နှစ်ဖက်စလုံးဖြင့် ဆွေးနွေးနိုင်ရန် မြန်မာနိုင်ငံသို့ အချက်အလက် ရှာဖွေစုဆောင်းရေး ကိုယ်စားလှယ် အဖွဲ့များနှင့် ထိပ်တန်းအဆင့်မြင့် အရာရှိများကို ၎င်းနိုင်ငံများက စေလွှတ်နိုင်သည်။

ယင်း ကိုယ်စားလှယ်အဖွဲ့များက နိုင်ငံရေးပြေလည်မှုများ ပိုမိုတိုးတက်ရရှိရန်အတွက် နှစ်ဖက်စလုံးအား တိုက်တွန်းအားပေး နိုင်သည်။ ထို့ပြင် စစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့၏ အကျိုးတူ မိတ်ဖက်စီးပွားရေးသမားများအပေါ် ချမှတ်ထားသော ပြည်ဝင်ခွင့် ဗီဇာကန့်သတ်ချက်အား ပယ်ဖျက်ပေးမည်။ စီးပွားရေးအရ အရေးယူ ပြစ်ဒဏ်ခတ်ထားမှုများ၏ တစိတ်တဒေသ ကို ပယ်ဖျက်ပေးမည်ဟူသည့် စကားကိုလည်း အချက်ပြကမ်းလှမ်းနိုင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံအဖွဲ့များအနေဖြင့် အနောက်နိုင်ငံများမှ ချမှတ်ထားသည့် ပြစ်ဒဏ်ခတ် အရေးယူမှု များကို ရပ်ဆိုင်းစေရေးအတွက် တောင်းဆိုရန် ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပေလိမ့်မည်။ အကြောင်းမှာ နိုင်ငံရေးအရ ကိုယ့်ကိုယ် ကိုယ် သတ်သေသကဲ့သို့နှယ် ဖြစ်သွားမည့်အတွက်ကြောင့်ပင်။ သို့ သော်လည်း အကယ်၍ နိုင်ငံရေးမျက်နှာစာတွင် ခိုင်မာ အကောင်အထည်ရှိသည့် တိုးတက်ဖြစ်ထွန်းမှုများ ဖြစ်ပေါ်လာပြီဆိုပါက မြန်မာနိုင်ငံ အတွင်း အပြင်ရှိ အတိုက်အခံ အင်အားစုများက စစ်အစိုးရအပေါ် အပြုသဘောဆောင်သော ချဉ်းကပ်မှုများ ပြုလုပ်ပေးကြရန် အနောက်နိုင်ငံများသို့ အကြံပြုပေးနိုင်ပါသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့ကိုလည်း မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ကူညီထောက်ပံ့နိုင်ရန်၊ လေ့လာမှုများ ပြုလုပ်ရန်နှင့် အတိုးနှုန်း သက်သာသော ချေးငွေများ ထုတ်ပေး ခြင်းဖြင့် စီးပွားရေးပြဿနာများကို ကူညီဖြေရှင်းပေးရန် ဖိတ်ကြားနိုင်သည်။

အမျိုးသားညီလာခံက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များအတွက် ဆုံစည်းနိုင်သည့် နေရာတခုအဖြစ် ဆက်လက် ရှိနေနိုင်သေးသော်လည်း မူရင်း “လမ်းပြမြေပုံ” ကို ချဲ့ထွင်ပြင်ဆင်ရန် လိုအပ်နေသေးသည်။ တိုင်းရင်းသား လူမျိုးစုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများအားလုံးကို လက်ရှိအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရရှိနိုင်အောင် ကျယ်ပြန့်စေသင့်သည်။

ကပ်ဘေးနှင့် လူသားချင်းဆိုင်ရာကြားဝင်ဆောင်ရွက်မှု

အကယ်၍ လက်ရှိနိုင်ငံရေးအရ ရှေ့မတိုး နောက်မဆုတ်သာဆက်သွားနေပါက နောင်နှစ် ၂၀ အတွင်း မြန်မာနိုင်ငံသည် အလုံးစုံ ပျက်သုဉ်းကျရှုံးသော နိုင်ငံတနိုင်ငံအဖြစ်သို့ ရောက်ရှိသွားကာ မတည်ငြိမ်မှုများ ဆိုးရွားစွာ ပြန့်နှံ့ဖြစ်ပေါ်လာ နိုင်သည်။

ဒုက္ခသည်များ၊ နိုင်ငံတွင်းအခြေမဲ့ ပြေးလွှားပုန်းအောင်းနေကြရသူများ၊ အတင်းအဓမ္မ ပြောင်းရွှေ့ခံရသူများ၊ တိုင်းရင်းသား အင်အားစုများနှင့် ဖြစ်ပေါ်နေသည့် တင်းမာမှုများ၊ မူးယစ်ဆေးဝါးပြဿနာ၊  ကျန်းမာရေး ပြဿနာ၊ ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး တိုးတက်မှုမရှိဘဲ အုံ့မှိုင်းကျဆင်းနေမှု စသော အကျယ်အပြန့် ဖြစ်ပွားနေသည့် ပြဿနာများ အကြောင်းပေါင်းဆုံ လာပါက နောက်ဆုံး ဒေသတွင်းနှင့် နိုင်ငံတကာမှ မဖြစ်မနေ ကြားဝင်ဆောင်ရွက်ရမည့် အနေအထားသို့လည်း ရောက်ရှိ သွားနိုင်သည်။

ထိုအခါ ကမ္ဘာ့ ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့၊ တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံအစိုးရများက မြန်မာစစ်အစိုးရအပေါ် နှုတ်ဖြင့် ဆက်လက်ပြောဆိုဖျောင်းဖျနေရမှုများ တခန်းရပ်သွားလိမ့်မည်။ နိုင်ငံရေးအရ ပြေလည်မှုရလာစေရန် အတင်းအကျပ် တိုက်တွန်းဆောင်ရွက်ရမည့် ကိန်းမျိုးလည်း ဆိုက်လာနိုင်သည်။ လက်ရှိ စစ်အစိုးရနေရာတွင် သဘောထား ပျော့ပြောင်း သည့် စစ်တပ်ခေါင်းဆောင်များပါဝင်၍ အရပ်သားများ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အုပ်ချုပ်ရေးစနစ်မျိုးဖြင့် အစားထိုးပေး သော ဖိအားပေးမှုမျိုးလည်း ခံရကောင်း ခံရနိုင်ဖွယ် ရှိနေပေသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!