မျှော်လင့်ခြင်းမဲ့ ဖဲကြိုးနီ
လွင်ကျော် | ဇန်နဝါရီ ၁၈ ၊ ၂၀၀၈
သံတံခါးနှစ်ချပ် ကာရံထားတဲ့ နှစ်ထပ်တိုက်အိုတစ်လုံးရှေ့မှာ ပိန်လှီချိနဲ့နေတဲ့ ဝေဒနာသည် အသွင်အပြင်တွေနဲ့ အမျိုးသားအမျိုးသမီးပေါင်း ၁၀၀လောက် ညှိုးငယ်ခြောက်သွေ့စွာ တန်းစီနေကြတာ တွေ့ရပါတယ်။
သူတို့တွေရဲ့ မျက်နှာတွေဟာ ဝေဒနာသည်တွေမှန်းသိသာလောက်အောင်ကို ပါးရိုးတွေကျပြီး အရိုးပေါ် အရေတင် ခြောက်ကပ် ချောင်ကျနေတယ်။ တချို့တွေကလည်း ချောင်းတွေတဟွတ်ဟွတ်မရပ်မနား ဆိုး နေကြပြီး တချို့တွေကတော့ မှုန်ဝါးဝေရီနေတဲ့မျက်ဝန်းကြောင်တောင်တွေနဲ့ ဟိုငေးဒီငေး လုပ်ရင်း၊ သက်ပြင်း တွေထပ်ခါထပ်ခါချရင်း စောင့်ဆိုင်းနေကြတယ်။
သူတို့တွေ မျှော်လင့်တကြီးစောင့်ဆိုင်းနေတာကတော့ အသက်ဆက်ဆေးလို့တင်စားကြတဲ့ အေအာဗီဆေးရဖို့ ဖစ်တယ်ဆိုတာကို သဇင်ဆေးခန်းက ဆရာဝန်မလေးက စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။
အင်းစိန်မြို့နယ် ဖော့ကန်ဈေးမှတ်တိုင်အနီးမှာရှိတဲ့ နယ်သာလန်နိုင်ငံ နယ်စည်းမခြားဆရာဝန်များ အဖွဲ့ပိုင် သဇင်ဆေးခန်းကို အေအာဗီဆေး ရဖို့အတွက်စောင့်ဆိုင်းနေတဲ့ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို ခုလိုတွေ့ရ တိုင်း သူမစိတ်ထဲမှာ ၀မ်းနည်းမိတယ်၊ အခြေအနေတရပ်ကိုလည်း မကျေမနပ်ဖြစ်မိတယ်လို့ ဆရာဝန် မလေးက ပြောပြပါတယ်။
“အခု ကျမတို့က လူနာအသစ်တွေကို အေအာဗီ ဆေးလုံးဝမပေးတော့ဘူး။ ရောက်လာတဲ့ဝေဒနာရှင်တွေကို သွေးစစ်ပေးမယ်။ နှစ်သိမ့်ဆွေးနွေးပေးမယ်။ ဆေးလိုအပ်လာရင်တော့ အစိုးရ ဝေဘာဂီဆေးရုံ နဲ့ မင်္ဂလာဒုံ ဆေးရုံကိုကျမတို့ဆီက ဆေးစာနဲ့လွှဲပေးတယ်၊ အဲဒီလောက်ပဲ လုပ်ပေးနိုင်တော့တယ်”လို့ ဆရာဝန်မလေးက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ အေ့စ် ဝေဒနာသည်တွေကတော့ နေ့စဉ်နဲ့အမျှ တိုးလာဆဲပါပဲ၊ တိုးပွားလာတဲ့ ဝေဒနာသည် တိုင်း ကို ဆေးဝါးကုသမှုပေးချင်ပေမယ့် ခုလို အခြေအနေမျိုးမှာ ပေးလက်စ လူနာတွေကိုတောင် ဆေးမှန်မှန်ရနိုင် အောင် မနည်းကြိုးစားနေကြရတယ်”လို့ အေ့စ်ရောဂါကာကွယ်ကုသရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အန်ဂျီအို တခုမှ ၀န်ထမ်းတဦးကလည်း ပြောပြပါတယ်။
လက်ရှိအနေအထားအရ အေအာဗီဆေးဝါး အခမဲ့ ထောက်ပံ့ပေးနေသောနယ်သာလန်နိုင်ငံ အခြေစိုက်နယ်စည်း မခြား ဆရာဝန်များအဖွဲ့ကလည်း ၂၀၀၈ခုနှစ်မှ စတင်ကာဆေးဝါးအခမဲ့ထောက်ပံ့ခြင်း အစီအစဉ်တွေလုံးဝ ရပ် ဆိုင်း လိုက်သလို အိတ်ခ်ျအိုင်ဗီ ကာကွယ်ကုသရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြတဲ့ အန်ဂျီအိုများ၊ လူမှုရေး အဖွဲ့အစည်းများနဲ့ အစိုးရရဲ့ တခုတည်းသော အိတ်ခ်ျအိုင်ဗီဆေးဝါး ကုသရေးဆေးရုံဖြစ်တဲ့ ဝေဘာဂီ ဆေးရုံမှ လည်း ဝေဒနာရှင်များအတွက်ဆေးဝါးထောက်ပံ့နိုင်ခြင်း မရှိတော့တာကို တွေ့ရပါတယ်။
နယ်သာလန် နယ်စည်းမခြားဆရာဝန်များအဖွဲ့အနေနဲ့ ခုလို ဝေဒနာရှင်အသစ်တွေကို အေအာဗီဆေးဝါးအခမဲ့ ထောက်ပံ့ ခြင်းရပ်ဆိုင်း လိုက်ရခြင်းကလည်း ဘတ်ဂျက်အနေအထားကြောင့် ဖြစ်တယ်လို့ အဆိုပါ နယ်စည်း မခြား ဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပြပါတယ်။
“လက်ရှိ အဖွဲ့က ဆေးပေးနေရတဲ့ ဝေဒနာရှင်အရေအတွက် ၈၀၀၀ တိတိရှိပါတယ်။ အဲဒီ ပေးလက်စ အတွက်ပဲ တာဝန်ယူနိုင်တော့တယ်၊ အသစ်ကို မပေးနိုင်တော့ဘူး၊ အဲဒီ ၈၀၀၀ ဆိုတဲ့ အရေအတွက်ကလည်း အန်ဂျီအိုတခု လုပ်ပေးနိုင်တဲ့အဆင့်ကို ကျော်သွားပြီ။ အဲဒီအတွက် ဘတ်ဂျက်အနေနဲ့ကလည်း တနှစ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် သုံးနေရတယ်” ဟု ၄င်းက ရှင်းပြပါတယ်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ဟာ မြန်မာနိုင်ငံမှာ အေအာဗီ ဆေးဝါး အများဆုံးထောက်ပံ့ ပေးနေတဲ့ အဖွဲ့ကြီး ဖြစ်ပြီး ၁၉၉၂ ခုမှာ မြန်မာနိုင်ငံအတွင်း စတင်အခြေစိုက်ခဲ့ကာ ၂၀၀၀ခုနှစ်ဝန်းကျင်မှာ ဝေဒနာရှင် ၁၀၀၀ ကို အေအာဗီ ဆေးဝါးများ စတင်ထောက်ပံ့ ပေးခဲ့ကြောင်း သိရပါတယ်။
အေအာဗီ ဆေးဝါးရပ်ဆိုင်းမှုကို နယ်စည်းမခြားဆရာဝန်များအဖွဲ့ရဲ့ ရန်ကုန်လှိုင်သာယာ သဇင်ဆေးခန်း သုံးခု၊ အင်းစိန်မြို့နယ်ရှိ သဇင်ဆေးခန်းတခု၊ သာကေတမြို့နယ်ရှိ သဇင်ဆေးခန်းတခုနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ သဇင်ဆေးခန်း ၁၇ ခု မှာပါ ရပ်ဆိုင်းလိုက်တဲ့အတွက် ဒီဆေးခန်းတွေကို မှီခိုအားထား နေကြတဲ့ ဝေဒနာသည်တွေ အခက်ကြုံနေရကြရတယ်လို့ သိရပါတယ်။
“ကျနော့်ရှေ့မှာဆေးရဖို့ စောင့်နေတဲ့လူနာတွေ သုံးရာကျော်လောက်ရှိပါတယ်။ တချို့ဆိုရင် ဆေးစောင့်နေတာ သုံးလ လောက်ကြာပြီ။ ဆေးရဖို့စာင့်ရင်း သေဆုံးသွားတဲ့လူနာတွေလည်း အများကြီးပဲ၊ အေဇက်ဂျီ(နယ်သာလန် နယ်စည်းမခြား ဆရာဝန်များအဖွဲ့)မှာတင်မဟုတ်ပါဘူး၊ တခြား အန်ဂျီအိုတွေမှာပါ အေအာဗီဆေးရဖို့ ကြိုးစား ကြည့်ပါတယ် ၊ ဘယ်လိုမှမရနိုင်တော့လို့ ဝေဘာဂီမှာဆေးရုံမှာ စောင့်နေရတာပါ” ဟု သာကေတ မြို့နယ် မှ ဝေဒနာရှင် တဦးက ဆိုပါတယ်။
“ဆေးပေးဖို့က ဆရာဝန်ကြီးတွေရဲ့ဆုံးဖြတ်ချက်နဲ့တင်မလုံလောက်ဘူး။ လူနာကိုဆေးပေးဖို့ မပေးဖို့ ကျန်းမာ ရေး ၀န်ကြီးဌာနကိုတိုက်ရိုက်တင်ပြရပါတယ်။ အထက်ကဆေးပေးဖို့ ခွင့်ပြုချက် ပေးတော့မှဆေးပေးတာပါ၊ ဆေးရဖို့အချိန်ဘယ်လောက်စောင့်ရမယ်ဆိုတာကပြောလို့မရပါဘူး”လို့ ဝေဘာဂီဆေးရုံမှ သူနာပြုဆရာမကြီး တဦးက ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ အိတ်ခ်ျအိုင်ဗီကူးစက်ခံဝေဒနာသည်တွေအတွက် အေအာဗီဆေး အခမဲ့ ပေးဝေမှု အစီ အစဉ်ကို ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းမှာစတင်ခဲ့ပြီး အခုအချိန်အထိ ဝေဒနာရှင် ၁၀၀ ကျော်ကိုသာဆေး ပေးနိုင် တယ်လို့ ဝေဘာဂီဆေးရုံနဲ့ နီးစပ် သူတွေရဲ့အဆိုအရ သိရပါတယ်။
ကုလသမဂ္ဂ အေအိုင်ဒီစက်ရောဂါတိုက်ဖျက်ရေးနဲ့ မြန်မာနိုင်ငံအစိုးရတို့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ အမျိုးသား အေအိုင်ဒီစက်ရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ စီမံကိန်းဆိုင်ရာ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိ ကြီးတဦးကတော့ မြန်မာနိုင်ငံမှာ အေအိုင်ဒီစက်ရောဂါကူးစက်ခံနေရသူ ၃၃၉၀၀၀ ရှိပြီး ၁၀၀၀၀ ကျော်သာ အေအာဗီ ဆေးဝါး ရရှိသုံးစွဲနိုင်ကြောင်းပြောပြပါတယ်။
အန်အယ်လ်ဒီ ပါတီ၏ အိပ်ခ်ျအိုင်ဗီ ပညာပေးရေးနဲ့ ကူညီစောင့်ရှောက်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကလည်း“ဒီနှစ် ဝေဒနာ ရှင်တွေဆေးရဖို့ တော်တော်ကြီးကို ခက်ခဲနေပါတယ်၊ အရင်နှစ်တွေကလည်းဆေးရဖို့ ခက်ခဲတယ်၊ အခုနှစ်က ပိုပြီး ခက်ခဲသွားတယ်၊ အန်ဂျီအိုတွေမှာလည်းဆေးရဖို့ခက်ခဲနေပါတယ်”လို့ ဆိုပါတယ်။
လက်ရှိအနေအထားအရ ဖဲကြိုးနီနဲ့ သူငယ်ချင်းများအဖွဲ့အနေနဲ့ ခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံရသူတွေကို ပြုစုစောင့်ရှောက်မှုပေးရာမှာလည်းဆေးဝါးအခက်အခဲအပြင် တခြားအာဏာပိုင်တွေရဲ့ နှောင့်ယှက်မှုအခက် အခဲ တွေနဲ့ပါကြုံတွေ့နေရကြောင်း သိရပါတယ်။
“ပထမက နေရာအခက်အခဲပေါ့။ အရင်တုန်းက ဝေဒနာရှင်တွေ မဂ္ဂင်ဘုန်းကြီးကျောင်းမှာထားပြီး ဆေးတိုက်တာ တို့ ဆေးစစ်ပေးတာတို့ လုပ်ပေးလို့ရတယ်။ ဒါပေမယ့် စက်တင်ဘာလကုန်ပိုင်းမှာ မဂ္ဂင်ဘုန်းကြီးကျောင်းမှာ ဝေဒနာရှင်တွေကို မထားရတော့ဘူးဆိုပြီး အစိုးရကပိတ်လိုက်တော့ လူနာတွေထားဖို့ နေရာအခက်အခဲက တွေ့ လာရတယ်။ အခုက လူနာတွေကို မဖြူဖြူသင်းရဲ့မိသားစုပိုင် တောင်ဒဂုံအိမ်နဲ့ မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံ ရှေ့က ရေလယ်ဘုန်းကြီးကျောင်းမှာ ထားရပါတယ်။
ပြီးတော့ မဖြူမရှိတော့ လူနာတွေကိုပြုစုစောင့်ရှောက်တဲ့နေရာမှာ အခက်အခဲတွေအများကြီးကြုံနေရတယ်။ ဒါပေမယ့် မဖြူမရှိပေမယ့် မဖြူရှိတုန်းကအတိုင်းလူနာတွေကို ပြုစုစောင့်ရှောက်ပေးသွားမှာပါ” လို့ ဖဲကြိုးနီနဲ့ သူငယ်ချင်းများအဖွဲ့ဝင်တဦးကဆိုပါတယ်။
ဖဲကြိုးနီနဲ့ သူငယ်ချင်းများအဖွဲ့အနေနဲ့ လတ်တလောဝေဒနာရှင် ၅၀ ကို ပြုစုစောင့်ရှောက်ပေးနေပြီး ဝေဒနာရှင် တွေအတွက် ဆေးဝါးများလှုဒါန်းလိုပါက ဆက်သွယ်နိုင်ကြောင်း၊ ဆေးဝါးအလှူရှင်တွေလည်း လိုအပ်နေကြောင်း ၄င်းကပြောပါတယ်။
“အခုကျမတို့က ခုခံအားကျဆင်းမှုရောဂါ အသိပညာပေး ဆွေးနွေးပွဲလေးတွေ လုပ်ဖို့ကြိုးစားနေပေမယ့် အာဏာ ပိုင်တွေဆီက ခွင့်ပြုချက်ရဖို့မလွယ်ဘူး ဖြစ်နေတယ်”လို့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို အဆိုပါ အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။
၂၀၀၈ခု နှစ်ဆန်းပိုင်းမှာ ပြည်တွင်းဆေးဝါးဈေးကွက်အနေနဲ့လည်း အိန္ဒိယ က တင်သွင်းတဲ့ အေအာဗီဆေး ဈေးနှုန်းတွေ နည်းနည်းပြောင်းလဲလာပြီး ဈေးတက်လာတာကို တွေ့ရပါတယ်။
“အရင်က အေအာဗီ သုံးမျိုးစပ်ဆေး တလစာဆိုရင် ကျပ် ၃၄၀၀၀ လောက်ကျတယ်။ အခုဈေးတက်သွားတယ်၊ အေအာဗီဆေး တလစာကို ၃၆၀၀၀ လောက်ဖြစ်သွားတယ်။ ၂၀၀၀ လောက်တက်သွားတာ။ အမြဲ သောက်ရမယ့် ဆေးဆိုတော့ ရေရှည်မှာဝယ်သောက်နိုင်ဖို့ မလွယ်တော့ပါဘူး။ အစိုးရကလည်းဆေးမပေး၊ အန်ဂျီအိုတွေက လည်း ဆေးမပေး။ ကျနော်တို့ကိုယ်တိုင်ကလည်း ဆေးဝယ်မသောက်နိုင်တော့ သေရုံမှတပါးအခြားမရှိတော့ ပါ ဘူး ဗျာ”လို့ ဆေးဝယ်သောက်နေရတဲ့ ကြည့်မြင်တိုင်မြို့နယ်က ဝေဒနာရှင်တဦးက ညည်းတွားလိုက်ပါတယ်။ ။ [Top]
|