ဦးပါပါလေးနှင့် တွေ့ ဆုံခြင်း
အေးလဲ့ | ဇန်နဝါရီ ၉၊ ၂၀၀၈

လွန်ခဲ့သည့်နှစ် စက်တင်ဘာ အရေးတော်ပုံကာလအတွင်း ဖမ်းဆီးခံခဲ့ရသည့် ကမ္ဘာကျော် လူရွှင်တော် ဦးပါပါလေး ပြန်လွတ် လာသည် ဟု သိလျှင်သိရခြင်း မန္တလေးမြို့ ၈၁-၈၂ လမ်းတွင်ရှိသော ဦးပါပါလေး နေအိမ်သို့ ကျမ ရောက်သွားခဲ့သည်။

ဦးပါပါလေး၊ ဦးလူမော်တို့က အပြုံးနှင့် ကျမကို ကြိုဆို နှုတ်ဆက် နေရာချထားပေးပါသည်။ သူတို့ အိမ်သား မိသားစုဝင်များ အားလုံးနှင့်လည်း မိတ်ဆက်ပေးသည်။ သူတို့ က ဇာတ်သဘင် အနုပညာသည်တွေ ဖြစ်သည်။ ညနေခင်း သတင်းလာချိန် ဖြစ်သောကြောင့် ရေဒီယိုအနားတွင် ၀ိုင်းအုံ နားထောင်နေကြသည်။

ဦးပါပါလေးတို့ အိမ်ကလေးသည် အနုပညာ အငွေ့အသက်တို့ဖြင့် တမူထူးခြားနေပါသည်။ ဇာတ်ဝင်ခန်းသုံး ပစ္စည်းများ၊ တူရိယာပစ္စည်းတချို့နှင့် မြန်မာရုပ်သေးရုပ်ကလေးများကို ကျမမြင်တွေ့နေရသည်။ ဤအိမ်ကလေး ပေါ်တွင်ပင် ဦးပါပါလေးနှင့် ကျမ တွေ့ဆုံ စကားပြောဖြစ်ခဲ့ပါသည်။

ဦးပါပါလေးက ထောင်ထဲ၌ အနေအစားဆင်းရဲစွာ ၁ လ နှင့် ၅ ရက် ကြာနေခဲ့ရကြောင်း ကျမ ကို စတင် ပြောပြသည်။

“ကျနော်တို့ ရပ်ကွက် ခုံဝင်း ဓမ္မာရုံ မှာဆွမ်းချက်နေတုန်း လိုက်ခဲ့ပါဦး ဆိုပြီးတော့ ခေါ်သွားတာပဲ။ ရွှေစာရံ အမှတ် (၄) ရဲစခန်းကို မျက်လုံးပိတ်ခေါ်သွားတယ်။ နောက်တော့ မန္တလေးတောင်ခြေအောက် အိုးဘိုထောင်ကို ပို့လိုက်တယ်။ နာရီတွေ ရွှေတွေပါရင် အ၀င်မှာ အကုန်အပ်ခဲ့ရတယ်။ မျက်စိပိတ်ခေါ်သွားတာက အခု ချိန်အထိ ကိုလိုနီစရိုက်က မပျောက်နိုင်သေး ဘူး၊ အစက ကျနော့်ကို ၆ တိုက်မှာထားတယ်၊ နောက်တော့ ကြိုးတိုက်ကို ပို့လိုက်တယ်”ဟု ဦးပါပါလေးက ပြောပြသည်။

သူထောင်တွင်း တွေ့ကြုံခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူ မိတ်ဆွေတချို့နှင့် နေထိုင်စားသောက်ခဲ့ရသည့် အတွေ့အကြုံ များကိုလည်း ဦးပါပါလေးက အမှတ်တရ ပြန်ပြောသည်။

“ကျနော်နဲ့အတူ မန္တလေး အန်အယ်လ်ဒီ အဖွဲ့ ဝင်တွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ  ၃၁ ဦး ပြန်လွတ်လာတယ်။ ဒါပေမယ့် ဒေါ်ဝင်းမြမြ၊ ကိုရွှေမောင်း၊ ဦးမောင်မောင်သန်းတို့ကိုတော့ ပြန်မလွှတ်သေးဘူး”

“အစားအစာကလည်း အတော် ဆင်းရဲတယ်၊ ထောင်ထုံးစံအတိုင်း ငါးပိကိုလည်း အစိမ်း၊ တာလပေါ၊ ကန်စွန်းရွက် အပြုတ် ရည်၊ ဒါတွေကို စားပြီးရင် လည်ချောင်းတွေ ယားပြီးတော့ ချောင်းဆိုးတာ သွေးတောင် ပါတယ်၊ တကိုယ်လုံး ယားနေတာပဲ”

“ကျနော်လွတ်လာတာတောင် ကျနော်စိတ်မချမ်းမြေ့ပါဘူး၊ အခုတော့ ထောင်ထဲမှာ ကျန်ခဲ့တဲ့ ကျနော့် မိတ်ဆွေတွေကိုပဲ သတိရနေတော့မှာပါ”ဟု ဦးပါပါလေး က သူ့ မိတ်ဆွေများကို သတိရတမ်းတစွာ ပြောဆိုနေသည်။

ဦးပါပါလေးသည် ထောင်တွင်းမှ ပြန်လွတ်လာသော်လည်း အချူပ်အနှောင်မှ မကင်းသေး။ နိုင်ငံခြားသတင်း ဌာနများနှင့် အဆက်အသွယ်ဖြတ်ရန် ရည်ရွယ်၍ စစ်အစိုးရအာဏာပိုင်များက ပတ်ဝန်းကျင်ရှိ ဖုန်းလက်ခံရှိရာ အိမ်များကို ဦးပါပါလေး အိမ်သို့ ဖုန်းလက်ခံ ခေါ်မပေးရန် ဖိအားပေး ခြိမ်းခြောက်ထားသည်။

မည်သို့ ပင် ဖြတ်တောက် ပိတ်ဆို့ထားစေကာမူ ဦးပါပါလေးကတော့ “ပစ်လိုက်တိုင်း ထောင်တဲ့ ငါတို့ဘ၀ ပစ်တိုင်းထောင်” ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!