ဆက်သွယ်မှုဧရိယာပြင်ပကို ရောက်ရှိမနေပါ
အေးချမ်းမြေ့ | ဇန်န၀ါရီ ၈၊ ၂၀၀၈
စက်တင်ဘာအရေးအခင်းပြီးခါစက စစ်အစိုးရပိုင်သတင်းစာတွေထဲမှာ ဖမ်းမိတဲ့သူတွေဆီက ရတဲ့လက်နက် တွေဆိုပြီး လေးခွတွေနဲ့ လက်ကိုင်ဖုန်းတွေကို ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။
လေးခွတွေကြောင့် စစ်အစိုးရဖက်ကလူတွေ နဖူးကွဲ မကွဲ မသေချာပေမယ့်၊ လက်ကိုင်ဖုန်းတွေ ကြောင့်တော့ သူတို့ အလဲအကွဲဖြစ်ခဲ့ရတာသေချာတယ်။ ဒါကြောင့် စစ်အစိုးရက လက်ကိုင်ဖုန်းတွေကို ပြည်သူ တွေဖက်က လက်နက် တခုအဖြစ် ကြောက်နေကြတာ၊ ပြည်သူလူထုဆီမှာ တယ်လီဖုန်းတွေ ပေါပေါများများရှိမှာ မလိုလားကြတာ ဖြစ်ပါတယ်။
ကြောက်မယ်ဆိုလည်း ကြောက်လောက်ပါရဲ့ ပြည်သူလူထုဆီမှာ ဒီလောက်အရေအတွက်နည်းနည်းလေးပဲ ရှိတဲ့ ကြားက၊ စက်တင်ဘာ အရေးတော်ပုံကြီးတခုလုံးကို ကမ္ဘာကသိအောင် ဒီဖုန်းကလေးတွေက အထောက်အပံ့ ပေးနိုင်ခဲ့တာကိုး။ ဒီတော့ သူတို့က ပြည်သူလူထုကို ဖုန်းကိုင်ခွင့် ဖုန်းပြောခွင့် နည်းနိုင်သမျှနည်းအောင် ချုပ်ကိုင် ထားချင်တော့တာပေါ့။
တကယ်တော့ ဖုန်းဆိုတာ ပြည်သူလူထုအတွက် မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတခုပါ။ လက်ကိုင်ဖုန်းဆို ပိုတောင် အရေးပါ ပါတယ်၊ လူတိုင်းသိပြီးသားပါ လက်ကိုင်ဖုန်းတလုံးကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပမ်းသက်သာတဲ့ သာဓကတွေအများကြီး ရှိပါတယ်။ စီးပွားရေးသမားတွေ၊ သတင်းစာ ဆရာတွေအတွက် ဖုန်းရှိမှ အဆင်ပြေနိုင် မယ့် ကိစ္စတွေရှိပါတယ်လို့ ရန်ကုန်က စီးပွားရေးသမား တဦးကပြောပါတယ်။
“အထူးသဖြင့် သတင်းထောက်တွေမှာ လက်ကိုင်ဖုန်းတွေ ရှိထားသင့်ပါတယ်၊ တနေ့ တနေ့လူပေါင်းများ စွာနဲ့တွေ့ဖို့ ဆိုတာ မလွယ်ပါဘူး၊ တချို့ အရေးမကြီးတဲ့ အင်တာဗျူးတွေ ဖုန်းနဲ့လုပ်နိုင်သလို၊ ဖုန်းမရှိလို့ ကိုယ်တွေ့ချင်တဲ့သူနဲ့ မတွေ့ရတာမျိုး နီးလျက်နဲ့ ဝေးတာမျိုး မဖြစ်နိုင်တော့ဘူးပေါ့” လို့ သူကဆက်ပြောတယ်။
နောက်ပြီး လူတွေအတွက် သာရေးနာရေးကိစ္စတွေကို ဖုန်းမရှိလို့ မသိမမီလိုက်တာတွေ ရှိပါသေးတယ်။ စီးပွား ရေးကိစ္စတွေ ဆိုရင်လည်း လူကိုယ်တိုင်သွားနေစရာမလိုဘဲ ဖုန်းလေးနဲ့ အဆင်ပြေ မှာသိလျက်နဲ့ ဖုန်းမရှိလို့ အလုပ်မဖြစ်တာတွေလည်း အများကြီးပါပဲ။ တချို့ ပစ္စည်းတွေဆို အိမ်မှာထိုင်ရင်း ဈေးစုံစမ်းပြီး ကိုယ်နဲ့အဆင် ပြေမှ သွားဝယ်ရုံဆိုတော့ စိတ်ရောလူပါ မပင်ပမ်းတော့ဘူးပေါ့။
“ဆက်သွယ်ရေးဆိုတာ စစ်အစိုးရအတွက်သေမလောက်ကြောက်ရတဲ့ လက်နက်ဆိုတော့ လက်ကိုင်ဖုန်းတွေဟာ မြန်မာ ပြည်သူလူထုအတွက် ဇိမ်ခံပစ္စည်းတွေ အလိုလိုဖြစ်ကုန်တာပါလို့” ကုမ္ပဏီတခုရဲ့ မန်နေဂျာ တဦးကပြောပါတယ်။ သူက ဖုန်းလျှောက်တဲ့သူ တော်တော်များ များဟာ ပေါက်ရင် ကိုင်ဖို့ထက် ရောင်းစားဖို့က အဓိကဖြစ်နေပြီး လက်ကိုင်ဖုန်း ဆိုတာပိုက်ဆံချမ်းသာ တဲ့ လူတန်းစားတရပ် အတွက်သာဖြစ်နေတာကတော့ မထူးဆန်းတော့သလိုပဲ လို့ ဆက်ပြောပါတယ်။
ဖုန်း မကိုင်နိုင်တဲ့သူတွေကတော့ “ဘ၀ ကံအကျိုးပေးနည်းခဲ့ကြလို့ ဖုန်းမကိုင်နိုင်ကြတာပဲ” လို့ ဖြေသိမ့်နိုင်ကြရှာပေမယ့် တချို့ မြန်မာပြည်ရဲ့ အပြင်ဘက်ကို ခြေတလှမ်းလောက်ထွက်ဖူး သူတွေကတော့ လက်ကိုင်ဖုန်းဆိုတာ လမ်းဘေး ဈေးသည်ကအစကိုင်နေကြတဲ့ မရှိမဖြစ်လူသုံးကုန်ပစ္စည်းတမျိုး ဆိုတာသိလာရတော့ တော်တော်လေး ရင်နာကြရပါတယ်။
“စစ်အစိုးရက ဆက်သွယ်ရေးကို ကန့်သတ်ချင်တာလား၊ စီးပွားရေးကို လူနည်းစုအတွက်ပဲ ချုပ်ကိုင်ချင်တာလား ဆိုတာ ကတော့ စဉ်းစားရခက်တယ်ဗျ ။ ဒါပေမယ့်သေချာတာကတော့ တချက်ခုတ်၂ချက် ပြတ်ဆိုသလို ကန့်သတ်ရင်း သူတို့လူ နည်းစု စီးပွားဖြစ်နေတာတော့ အမှန်ပဲ” လို့ ကုမ္ပဏီမန်နေဂျာက ဆက်ပြောပါတယ်။
ဖုန်းတွေကို ဆက်သွယ်ရေးဝန်ကြီးနဲ့ နီးစပ်သူတွေ၊ စစ်အစိုးရလူကြီးပိုင်းတွေနဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေကို တနင့်တပိုး ချပေးပြီးမှ အပြင်လူတွေကို အရိုးအရင်းလောက် ချပေးတာလို့ ဆက်သွယ်ရေး ဝန်ထမ်းတွေဆီက သိရပါတယ်။ အရိုးအရင်း ဆိုတာတောင် သူ့ဈေးက မသေးဘူး၊ အစိုးရဈေးနဲ့ရတဲ့ ဖုန်းတလုံးအတွက် ဆင်မ်ကဒ်တကဒ်ရဲ့တန်ဘိုးက ဟန်းဆက် မပါဘဲနဲ့ ကျပ်၁၅ သိန်း ၅ သောင်းလို့ ဆိုပါတယ်။
ဆင်မ်ကဒ်တကဒ်တန်ဖိုးက ထိုင်းမှာ ဘတ်၂၅၀(၈ဒေါ်လာခန့်)၊ စင်ကာပူမှာဆို စင်ကာပူဒေါ်လာ ၂၀၊ ၂၅ ၀န်းကျင်၊ တောင်အာဖရိက ကင်ညာမှာ ၁ဒေါ်လာပဲရှိတယ်လို့ နိုင်ငံရပ်ခြားကို ခရီးမကြာခဏထွက်နေသူ တဦးက သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ခြောက်လလောက်ကဆို ဆင်မ်ကဒ်အတွက် စစ်အစိုးရကိုသွင်းဈေးက ကျပ်၁၀သိန်း၅ သောင်းဖြစ်ပါတယ်၊ ခုနောက်ပိုင်းကျမှ ဘတ်ဂျက်မပြည့်မီလို့ ဆို ပြီး ကျပ်၅သိန်းထပ်တိုး ကောက်တာလို့ ဆက်သွယ်ရေးဝန်ထမ်း တဦးက ရှင်းပြပါတယ်။ ဘယ်ဘတ်ဂျက်ကဘယ်လို မပြည့်မီလဲဆိုတာကတော့ ဆက် သွယ်ရေးဝန်ကြီးဦးသိန်းဇော်ပဲ ပြောနိုင်မယ် ထင်ပါရဲ့။
မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆိုတာကို ၁၈၈၄ခုနှစ်မှာ စမြင်ဘူးကြတယ်လို့သိရပါတယ်။ အဲဒီအချိန်က တယ်လီဖုန်းဆိုတာ ပေါ်ပြီး ရှစ်နှစ်ပဲရှိပါသေးတယ်။ ဆယ်လူလာဖုန်းတွေကိုတော့ ၁၉၉၃ခုနှစ်မှာ စကိုင်ဖူးကြပြီး ၁၉၉၈ ခုနှစ်မှာ လူတွေ ခြင်းဖုန်းလို့ အလွယ်ခေါ်တဲ့ စီဒီအမ်အေဖုန်းတွေ ပေါ်လာပါတယ်။
အခုလက်ရှိအသုံးပြု နေကြတဲ့ ဂျီအက်စ်အမ် လက်ကိုင်ဖုန်းတွေကတော့၂၀၀၁ခုနှစ်မှာ စတင်ပါတယ်။ အခုလက်ရှိ မြန်မာ နိုင်ငံ တနိုင်ငံလုံးမှာ ဂျီအက်စ်အမ် ဖုန်းအရေအတွက် ၂၃၀၀၀၀ ဝန်းကျင်ချပေးပြီးပြီ ဆိုတာကို မြန်မာ့ဆက်သွယ်ရေးရဲ့ စာရင်းတွေအရ သိရပါတယ်။ မြန်မာပြည်လူဦးရေနဲ့ နှိုင်းယှဉ်ရင် အပုံပေါင်း ၂၆၀၀ပုံမှာ တပုံပဲ လက်ကိုင်ဖုန်းသုံးနိုင်တာ ဖြစ်ပါတယ်။
ဂျီအက်စ်အမ် ဟန်းဖုန်းတွေစချပေးတဲ့ အချိန်က စစ်အစိုးရနဲ့ပတ်သက်တဲ့ အသိုင်းအ၀ိုင်းမှာ ဖုန်းတွေမလိုချင် အဆုံး မိသား စုတစုမှာ ရှိသမျှလူအရေအတွက်အတိုင်း ဖုန်းတွေရကြတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကကြားသိရပါတယ်။ စစ်အစိုးရရဲ့မျက်နှာသာ ပေးချင်းကိုခံရတဲ့ မိသားစုဝင်တွေ သောက်သောက်လဲ ဖုန်းရကြပြီး ရတဲ့ဖုန်းတွေကို ပြန်ရောင်း ကြတော့ မြန်မာပြည်ရဲ့ ဆက်သွယ်ရေးဝန်ထမ်းအရေချုံ ထားတဲ့ ဖုန်းပွဲစားတွေပဲ ပွပေါက်တိုးပြန်တယ်လို့သိရတယ်။
“အဲဒီအချိန်က ဖုန်းတလုံးအပြင်ပေါက်ဈေးက ကျပ်သိန်း ၃၀နဲ့ ၃၅သိန်းကြားမှာရှိတော့ သွင်းဈေး ကျပ်၁၀သိန်း ၅သောင်း နှုတ်ပြီးရင် ဖုန်းတလုံးကို အမြတ်ကျပ်သိန်း၂၀ လောက်ကျန်ပါတယ်” လို့ ဖုန်းပွဲစားတဦးကပြောပြ ပါတယ်။ ဖုန်းပွဲစားတွေ ကတော့ တင်ရိုက် တာကော နှစ်ဖက်ခွကြိတ်တာကော လည်ရင်လည်သလိုစားကြရတယ် လို့ဆိုပါတယ်။
စစ်အစိုးရရဲ့မျက်နှာသာပေးတာခံရတဲ့သူ ဆိုတာကလည်းရှင်းပါတယ် ၀န်ကြီးရဲ့လက်မှတ်တစ်ခုရဖို့၊ ဘာပေးရင် ရမယ် ဆိုတာသိထားသူတွေပါ။ အဲဒီလို အဆင့်ဆင့်ကြီးပွားချမ်းသာကြပြီး ၀ အီနေတော့မှ နောက်တဆင့် အနေနဲ့ ပြည်သူထဲက ဖုန်းလျှောက်သူတွေကို ချပေးတာပါ။ ခုတော့လက်ကိုင်ဖုန်းပြန်ရောင်းစားမယ်ဆိုရင်၊ အမြတ် ကျပ် ၁၀ သိန်းပဲရမှာဖြစ်ပြီး အဲဒီထဲက ပွဲခနှုတ်၊ ဆောင်ရွက်ပေးတဲ့ ၀န်ထမ်းတွေကိုလက်ဖက်ရည်ဖိုးပေး၊ တခြားအ သေးစား ကုန်ကျတာတွေနှုတ် လိုက်ရင် ကျပ် ၆သိန်း၊ ၇သိန်းကျန်ရင် ကံကောင်းလို့သိရပါတယ်။
ဖုန်းပွဲစားတွေလည်းခုတလော အမြတ်ငွေသိပ်မကျန်တော့ဘူးလို့ ညည်းပါတယ်။ ဖုန်းဈေးကို လူတွေကသိနေပြီ ဆိုတော့ သူတို့သိပ်တင်ရိုက်လို့ မရတော့ပါဘူး။ ပွဲခကျပ်သုံးလေးသောင်းလောက်နဲ့ပဲ ကျေနပ်ကြရတယ်လို့ ဆက် သွယ်ရေးဝန်ထမ်း လည်းဖြစ် ဖုန်းပွဲစားလည်း လုပ်နေသူ တဦးကပြောပါတယ်။
တချက်ခုတ်နှစ်ချက်ပြတ် ဇာတ်လမ်းလေးပြန်စရရင် သူတို့လူနည်းစုအတွက်လည်း တွက်ခြေကိုက် ပြည်သူအများစုကိုလည်း ဆက်သွယ်မှုခက်အောင် လုပ်ရာရောက်ဆိုသလိုပါပဲ။ အဲဒီတော့ ဖုန်းတန်ဖိုးတွေ များနေတာ၊ သူတို့ လူနည်းစုရဲ့ အိတ်ထဲကို ထည့်နေတာကိုလည်း အကြောင်းပြချက် ကောင်းကောင်းပေးပြီးသားဖြစ်သွားပါတယ်။
နောက်တခုကတော့ ဆက်သွယ်ရေးက အောက်ခြေ၀န်ထမ်းတွေပြောပြတာပါ သူတို့တွေခမျာ ဆက်သွယ်ရေးဝန် ထမ်းဆိုတဲ့ အမည်ခံပြီး ဖုန်းမရှိတာပါပဲ။ ဖုန်းမရှိတာမှ လိုင်းဖုန်းကော လက်ကိုင်ဖုန်းပါ မရှိတာပါ။ လိုင်းဖုန်းပေး မယ်ကြားလို့ ၀င်လျှောက်ပြန်တော့လဲ သက်ဆိုင်ရာမြို့နယ်က အာဏာရှိတဲ့သူတွေနဲ့ နီးစပ်သူတွေသာ ရသွားလို့ သူတို့ခမျာ လှေလှော် ရင်းရေငတ်နေရတယ်လို့ ဆိုပါတယ်။
အဲဒီလိုမြန်မာပြည်ကြီးက ဆက်သွယ်မှုဧရိယာပြင်ပကို ရောက်နေရာကနေ ကြံဖန်ပြီး အရေးပါတဲ့ဖုန်းလက်နက်ကို အသုံးချလိုက်နိုင်တော့ စစ်အစိုးရ တော်တော်အကြပ်ရိုက်သွားပုံရပါတယ်။ သူတို့အနေနဲ့ တနိုင်ငံလုံးကဖုန်း တွေကို ဘယ်လို ကြပ်မလဲဆိုတဲ့ကိစ္စက တော်တော်လေးစိတ်ဝင်စားစရာ ကောင်းပါတယ်။
အခုဆို ဦးသန်းရွှေကိုယ်တိုင် ရတနာပုံအိုင်တီစီးတီးဆိုတာကို လှည့်လည်စစ်ဆေးနေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီး အချို့မှာလည်း ဆက်သွယ်ရေးကောင်းမွန်ဖို့ ဆိုပြီး ဧရိယာတိုင်သစ်တွေ ထောင်နေပါ တယ်။ အခုထိက တော့ ဖုန်းဆက် လိုက်တိုင်း ဆက်သွယ်မှုဧရိယာပြင်ပရောက်တယ် ပြောလိုက်၊ မအားသေးပါ ပြောလိုက်၊ စက်ပိတ်ထားပါတယ်ပြောလိုက်၊ ခေါ်နေကြဖုန်းကိုပဲ တပ်ဆင်ထားခြင်း မရှိသေးပါပြောလိုက်နဲ့ လုံးဝမရိုးရအောင် အဖြေတွေပေးနေတုန်းပါပဲ။
ရန်ကုန်က အင်တာနက်အသုံးပြုသူတွေကတော့ ရတနာပုံအိုင်တီစီးတီးပြီးမှ အင်တာနက်ဆက်သွယ်ရေးတွေ အရင်ထက် ပိုခက်တယ်လို့ ပြောပါတယ်။ အင်တာနက်ဆိုင်တွေမှာလည်း မထင်ရင်မထင်သလို အစောင့်တွေ ချထားတယ်လို့ အင်တာနက်ဆိုင်တဆိုင်က ဝန်ထမ်းလေးတယောက်က ပြောပြပါတယ်။
သူတို့ အင်တာနက်ဆိုင် ဝန်ထမ်းတွေကတော့ စားသုံးသူအလိုကျ ဝက်ဘ်ဆိုက်တွေကို ဟိုကကျော်ဝင်ပေး၊ ဒီက ကျော်ဝင် ပေးနဲ့ တနေ့ထက်တနေ့ ပိုပိုပြီးကျွမ်းကျင်လာတယ်လို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဆိုပြီးလည်းပြောနေပြီ၊ အိုင်တီစီးတီးတွေ ဘာတွေ လည်း အော်နေပြီဆိုတော့ ဆက်သွယ်ရေးကိစ္စကို ကြောက်ပေမယ့် မလုပ်မဖြစ်လုပ်ပြရဦးမှာပါ။ ဒါပေမယ့် တယ်လီဖုန်းတွေ ဈေးပေါဖို့ကတော့ မမျှော်လင့်ပါနဲ့။
“ သူများနိုင်ငံတွေက ဖုန်းကိုဈေးပေါပေါနဲ့ လူတိုင်း ကိုင်နိုင်အောင် လုပ်ပြီး ဖုန်းပြောခယူတဲ့စနစ်နဲ့ ရေရှည်စီမံကိန်း လုပ်နေ ချိန်မှာ မြန်မာ စစ်အစိုးရကတော့ တနေ့တလုံးရွှေဥဥပေးမယ့် ငန်းကြီးကို တထိုင်ထဲ သတ်ပြီး ကင်စားရင်း အဲဒီအရသာ ကိုတော်တော်လေး သဘောကျနေပုံရတယ်” လို့ ထိုင်းနိုင်ငံကို စီးပွားရေး ကိစ္စတခုနဲ့ ရောက်နေတဲ့ ရန်ကုန်သားတဦးက ပြောပါတယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီလောက်ကန့်သတ်ထားတဲ့ကြားက ဖုန်းတွေကသူတို့ အတွက် လက်နက်တွေဘာ ကြောင့် ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါကတော့ရှင်းပါတယ် ပြည်သူတရပ်လုံးက အခွင့်အရေး ရရင်ရသလို အချင်းချင်း သတင်းတွေပို့၊ ဖုန်းတွေခေါ်၊ ပြည်ပမီဒီယာတွေကို ဆက်သွယ်ဖြေကြားပေးနေလို့ ဆိုတဲ့ အဖြေတခု ပဲရပါတယ်။
သူတို့ရဲ့အဆိုအရ သတင်းပေးတွေ ပြည်ပအားကိုးတွေ ဘယ်သူလဲလို့ လိုက်ရှာနေမယ်ဆိုရင်တော့ တော်တော် သနားဖို့ ကောင်းပါတယ်။ဘာလို့လဲဆိုတော့ အဲဒီလိုသတင်းပေး ပို့သူတွေဟာ တနိုင်ငံလုံးကပြည်သူတွေ ဖြစ်နေလေတော့ သူတို့ ဘယ်ဖုန်းတွေကို စောင့်ကြည့် စစ်ဆေးမှာ တဲ့လဲ၊ သူတို့ အများဆုံးစောင့်ကြည့်မှာက နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး နာမည်ရှိနေတဲ့သူတွေ လောက်ပဲ ဖြစ်မှာပါ။
တကယ်လည်း သူတို့မသင်္ကာတဲ့သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို ပိတ်ထားခဲ့တယ်။ နိုင်ငံရေးသမားတွေရဲ့ဖုန်းတွေကို စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့သတိလွတ်သွားတာက ပြည်ပကိုသတင်းပေးနေတာ နာမည်ရှိ သူတွေချည်းပဲ မဟုတ်ဘူး၊ တကယ့်ပြည်သူထဲက ပြည်သူတွေပါ။ အဲဒီလို သတ္တိရှိရှိနဲ့သတင်းပေးသူတွေကြောင့်ပဲ ပြည်ပမီဒီယာတွေက အဖြစ်မှန်အတိုင်း ကမ္ဘာကို ချပြ နိုင်ခဲ့တာပါ။
စစ်အစိုးရဘက်ကတော့ ပြင်ဆင်နိုင်သမျှပြင်ဆင်နေပါတယ် နောက်တကြိမ် အရေးအခင်းဖြစ်ထပ်ရင် ဖုန်းတွေကို ဘယ်လို တားဆီးမလဲဆိုတာကိုလည်း ကြံစည် နေမှာသေချာပါတယ်။ ပြည်သူလူထုကလည်း ရတဲ့နည်းနဲ့ ဖြစ်တဲ့နည်းကိုသုံးပြီး ဆက်သွယ်ကြဦးမှာပါပဲ။ တချိန် ထဲမှာပဲ စစ်အစိုးရကလည်း ဖြတ်တောက် ပိတ်ပင်တားဆီးဦးမှာပဲ။
၈၈ အရေးအခင်းကာလက နည်းပညာတွေ ဒီလောက်မထွန်းကားသေးတော့ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကို ကမ္ဘာက မြင်အောင်မပြနိုင်ခဲ့ပါဘူး။
“ရေလိုစီးဆင်းနေတဲ့ နည်းပညာကို ဘယ်သူမှမတားဆီးနိုင်ပါဘူး။ မြန်မာနိုင်ငံထဲကို ပင်လယ်ကြီးလောက် မဝင်ရင်တောင် ချောင်းငယ်လေးလောက်တော့ ဝင်နေပါပြီ နည်းပညာဆိုတာ အစိုးရလက်ထဲမှာပဲ ရှိတာမဟုတ်ဘူး ပြည်သူလူထု လက်ထဲ မှာလည်းရှိနေတယ်ဆိုတာ မေ့လို့မရပါဘူး” လို့ စင်ကာပူမှာ ကျောင်းတက်နေတဲ့ မြန်မာလူငယ်တဦးကပြောတယ်။
၈၈ သပိတ်ကာလက အော်ခဲ့တာလေးကို ပြန်သတိရမိသေးတယ် “တို့အားလုံးကို ဖမ်းချင်ရင် မြန်မာပြည်ကို တံတိုင်းခတ် လိုက်” ဆိုတာလေးပါ။ ခုတော့ ပြောင်းအော်ရမလိုဖြစ်နေပြီ “တို့အားလုံးကိုတုံးစေချင် တပြည်လုံးက ဖုန်းတွေဖြတ်လိုက်” လို့သာအော်လိုက်ချင်ပါတော့တယ်။ ။ [Top] |