စစ် ကျွန်ဘဝ အမှတ်တရများ
အေးချမ်းမြေ့ | ဇန်နဝါရီ ၄၊ ၂၀၀၈

အပေါ်ရံအားဖြင့်တော့ ရန်ကုန်မြို့ကြီးက စည်ကားသိုက်မြိုက်နေသည်။
ဈေးသည်၊ ဈေးဝယ်တို့ဖြင့် မြို့လယ် လမ်းတိုင်းတွင် ကြိတ်ကြိတ်တိုးနေသည်။
စူပါမားကတ်ကြီးများတွင်လည်း ထို့အတူ။

လူတိုင်းစီးပွားရေး အခြေ အနေကောင်းနေသလိုလို၊ တည်ငြိမ်အေးချမ်းပြီး ဘာမှမဖြစ်တော့သလိုလိုထင်ရသည်။ အစိုးရ
ဝန်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေ ဆိုရင်လည်း ကြည့်လိုက်တိုင်းအေးအေးလူလူ၊ လက်ဖက်ရည် ဆိုင် လေးထိုင်လိုက်၊ စကား လေး ဖောင်ဖွဲ့လိုက်ဖြင့် အပေါ်ရံမြင်ရသူအဖို့ စိတ်အေးသက်သာရှိလှသည် ဟု ရန်ကုန် မြို့တွင်နေထိုင်သူ တဦးက ပြောပြသည်။

ယနေ့သည် မြန်မာပြည်၏ အရေးကြီးအမှတ်တရနေ့များထဲမှ တနေ့ဖြစ်သော လွတ်လပ်ရေးနေ့ဖြစ်သည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်လာတာ ဒီနေ့ ဇန်န၀ါရီ ၄ ရက် ၂၀၀၈ ဆိုလျှင် နှစ်၆၀ ပင် ပြည့်ပြီ။ တကယ်ဆို ရင် ဒီလိုနေ့မျိုးမှာ အားလုံး လွတ်လပ်ပျော်ရွှင်ခြင်း၏ အရသာကို မြိန်မြိန်ယှက်ယှက်ကြီး ခံစားနေကြရမှာဖြစ်သည်။

သို့သော်…

“လွတ်လပ်ရေးနေ့တွေဘာတွေ စိတ်မ၀င်စားနိုင်ဘူး၊ တတ်နိုင်ရင် လူသတ်ချင်စိတ်ပဲရှိတယ်။ မသတ်နိုင်လို့သာ ငြိမ်နေရ တယ်။ မြင်နေရတာ၊ ကြားနေရတာတလွဲတွေချည်းပဲ၊ တခုမှအဆင်မပြေဘူး။ မတရားမှုတွေချည်းပဲ နေရာတိုင်းမှာ တွေ့နေ မြင်နေရတာ၊ ဘာမှလည်းလုပ်စားကိုင်စားလို့မကောင်းဘူး၊ အဲဒီတော့ နှစ်၆၀ပဲပြည့်ပြည့် ဘာကြီးပဲဖြစ်ဖြစ် စိတ်ကိုမ၀င် စားဘူးဗျာ” ဟု ကိုထွန်းဦးဆိုသူက နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့အပေါ် သူ့သဘော ထားကို ပြောပြသွားသည်။

တကယ်တော့ သူ့မှာဘာမှသိပ်ပူပင်စရာမရှိလှ။ ရန်ကုန်မြို့ လူစည်ကားရာလမ်းတလမ်းတွင် ကွန်ပျူတာစာစီဆိုင်လေး ဖွင့်ထားသည်။ သူ့မိသားစုနှင့် သူ့တ၀မ်းတခါးအတွက် အဆင်ပြေသည်။ သို့သော် သူမြင်နေရ၊ ကြားနေရတာတွေ အဆင် မပြေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောသွားခြင်းဖြစ်သည်။

မျက်နှာပေါ်မှာ အပြုံးများကိုတပ်ဆင်ထားကြသော်လည်း ကိုထွန်းဦးလိုစိတ်အလိုမကျဘဲ ဒေါသထွက်ကာ လူသတ်ချင်နေ သူတွေ အများကြီးရှိနေနိုင်သည်။ အသက်၂၅နှစ်အရွယ်ရှိ ကျန်းမာရေးဝန်ထမ်း တဦးဖြစ်သူ မနွယ်နွယ်ကတော့ လွတ်လပ် ရေးရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာပြည်သူလူထုအတွက် ပိုပြီး မထူးခြားနိုင် ဟု သူ့ထင်မြင်ချက်ကို ပြောပြသည်။

ပြီးတော့ မြန်မာပြည်သူလူထုအနေနဲ့ ကိုလိုနီခေတ်ကထက် လက်ရှိ စစ်အစိုးရလက်အောက်မှာ နေရတာ ပိုပြီး ဒုက္ခဝေဒနာ တွေခံစားရသည်ဟု လည်း သူက ဆက်ပြောသည်။

“ကျမကတော့ လွတ်လပ်ရေးဆိုတာကို လုံးဝအယုံအကြည်မရှိဘူး၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ပြည်သူလူထုရဲ့ ဒုက္ခ တွေက ပိုပိုပြီးကြီးလာတယ်လို့ထင်တယ်၊ နှစ်၆၀ ဆိုတဲ့ အချိန်က နည်းတာမဟုတ်ဘူး၊ လူတွေတော်တော် ဒုက္ခရောက် ခဲ့ရတာ” ဟု မနွယ်နွယ်က ပြောသည်။

နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ကို နိုင်ငံတော်က ခြိမ့်ခြိမ့်သည်းသည်းကျင်းပနေသည်။ တချို့မြို့နယ်များတွင် စတိတ်ရှိုး များဖြင့် မစည်ကား စည်ကားအောင်လုပ်ပေးနေသည။် သတင်းစာများကို လည်း အထူးထုတ်အဖြစ် ရောင်စုံအချပ်ပို ၄မျက်နှာတိုးကာ ထုတ်ဝေသည်။

သို့သော်လည်း ပြည်တွင်းဂျာနယ် များကတော့ လွတ်လပ်ခွင့် မရှိရှာ စာပေစိစစ်ရေးဆိုသည့်ဓါးကြီးနှင့် တပတ် တပတ် လှီးဖြတ်ခြင်းကိုခံနေကြရသည်။ စစ်အစိုးရ၏ သတင်းစာ များကို ဘယ်လိုပင် ရောင်စုံ အချပ်ပိုများနှင့် ထုတ်သည်ဟုဆိုဆို အနှစ်သာရ ဘာမှ ရှိသဖြင့် မသာအလောင်း ကောင်ကြီးကို မိတ်ကပ် လိမ်းပေးထားသလိုပင် ဖြစ်လို့နေသည်။

“တပတ်တပတ် စိစစ်ရေးလွတ်ဖို့ကိုပဲ အားထုတ်နေရတော့ လွတ်လွတ်လပ်လပ် ရေးပါဆိုရင်တောင် ရေးတတ်ပါတော့ မလား မသိဘူးဗျာ၊ လွတ်လပ်ရေးနေ့ဆိုတာ ကျနော်တို့ ဂျာနယ်လစ်တွေနဲ့တော့ ဘာမှမဆိုင်ဘူး ထင်တာ ပဲ” ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက သူ့အမြင်ကို ရင်ဖွင့်ပြောကြားသည်။

တနေ့ကပဲ ဂြိုဟ်တုစလောင်းတွေ ကန့်သတ်သည့်သတင်းကြားရသည်။ စလောင်းမှတ်ပုံတင်ရင် ကျပ် ၁၀ သိန်း ပေးရမည် တဲ့၊ ကျပ် ၁၀ သိန်း ဆိုသောငွေက သာမန်ဝန်ထမ်းတယောက် ၁၀ လ ၊ ၁၅ လ ရှာ၍မရနိုင်။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် များကိုလည်း လိုင်စင်အသစ်များချမပေးတော့။

ရန်ကုန်မြို့ထဲတွင် နေရာတိုင်း၌ လက်နက်ကိုင် အစောင့်များချထားသည်။ ဘုန်းတော်ကြီးတို့၏ တရားပွဲများကို ကန့်သတ် ပိတ်ပင်သည်။ တရားပွဲမကျင်းပမီ ဟောမည့်အကြောင်းအရာကို သက်ဆိုင်ရာသို့ကြိုတင်ရသည်။ ည ၈နာရီလောက်ဆို ရန်ကုန်မြို့ကြီးက သုဿာန်တစပြင်လို ခြောက်ကပ်နေသည် ဟု နယ်မြို့တမြို့မှ ရန်ကုန်သို့ အလည်ရောက်ရှိနေသူတဦးက ပြောသည်။

အိမ်ရှင်မတဦးကတော့“လွတ်လပ်ရေးနေ့ ရောက် တော့ကောဘာထူးမှာတဲ့လဲ၊ ကျမယောက်ျားရတဲ့လစာက မနက်ဖြန်ဆို ကုန်ပြီ ကျန်တဲ့ ရက်၂၀ ကျော်ကိုကလေး ၂ ယောက်နဲ့ ဘယ်လိုစခန်းသွားရမလဲ ဆိုတာပဲ ကျမခေါင်းထဲမှာရှိတယ်”ဟု သူ၏ လွတ်လပ်ရေးနေ့အပေါ် အမြင်ကို ပြောသွားသည်။

သူ့လိုအိမ်ရှင်မများကလည်း မရေမတွက်နိုင်အောင်ရှိမည်မှာဧကန်မလွဲ။ မဝရေစာစားဖို့ကို တနေ့တနေ့ရုန်း ကန်နေရသူများ အဖို့ လွတ်လပ်ရေးနေ့ ရောက်ခြင်းမရောက်ခြင်းက အရေးမကြီးတာမထူးဆန်းပါ။

မြန်မာလူငယ်အများစုကတော့ ၁၉၄၈ခုနှစ် ဇန်နဝါရီ ၄ရက်နေ့တွင် အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ သော်လည်း ယခုလက်ရှိတွင် စစ်ဗိုလ်ချုပ်ကြီးများ၏ ကိုလိုနီနယ်ချဲ့ခြင်းကို ခံနေရသည် နှင့်တူသည်တဲ့။ 

အဲဒါနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကိုလင်းထက်နိုင်က “ကိုလိုနီခေတ်တုန်းက မြန်မာတွေက ဗြိတိသျှတွေရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ရတယ်၊ အခုလည်းဘာထူးလည်း စစ်ဗိုလ် ချုပ်တွေကျွန်ပြုတာကို ပြန်ခံနေရတာပဲ” ဟု ပြောသည်။

စက်တင်ဘာအရေးအခင်းမှာ စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သံဃာတွေနဲ့ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်း သက်ဖြတ် ပြီးတဲ့နောက် ပြည်သူများရဲ့ ရင်ထဲမှာ စစ်တပ်ကိုမုန်းတီးနာကြည်းမှုတွေ လတ်လတ်ဆတ်ဆတ် ရှိနေ သေးသည်။

ကြောက်ရွံ့မှု၊ မလွန်ဆန်နိုင်မှုတို့ကြောင့်သာ ပုံမှန်သွားလာလှုပ်ရှားနေရသည်။ ခိုင်းသည့်အတိုင်း ပျော်ကြဆို ပျော်လိုက် သည်။ ငြိမ်ကြဆိုငြိမ်ရသည်။ ကိုလင်းထက်နိုင်ပြောသလို စစ်တပ်၏ကျွန်များအဖြစ် ထိတ်လန့်စွာ ကျီးလန့်စာ စားနေ ရသည်။

အချင်းချင်းစကားပြောဖို့လည်း ကြောက်သည်၊ ဖုန်းသုံးရမှာလည်းကြောက်သည်၊ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့ရ မှာ၊ တရားပွဲသွားရမှာပင် ကြောက်နေကြရသည်။ လွပ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွင် မပါမဖြစ်ပါကြရမည် ဆိုလျှင်လည်း ပါလိုက်ကြရသည်။ အနုပညာသမားတွေ အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း မထူး ဒီမှာ နေဆို နေရသည်၊ ဒီဟာဆို ပါဆိုရင် ဆိုရသည်။

“ကျနော်တို့ အားလုံး ကျနော်တို့နိုင်ငံရဲ့ နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ကြီးမှာ ဘယ်လိုမှ မပျော်နိုင်ပါဘူးဗျာ၊ ဘာလို့ လဲဆိုတော့ ကျနော်တို့ရင်ထဲမှာ စစ်သားတွေက သံဃာတော်တွေကို ရိုက်နှက်သက်ဖြတ်ခဲ့တဲ့ ပုံရိပ်တွေ စွဲနေ တုန်းပဲ” ဟု စင်ကာပူတွင်ကျောင်းတက်နေသော အသက်၂၃ နှစ် ရှိ ကိုမိုးမြင့်မောင်က သူ၏ခံစားချက်ကို ပြောသည်။ ကိုမိုးမြင့်မောင်က စင်ကာပူရောက် မြန်မာများ၏ ကိုယ်စားပြောပုံရသည်။

အဝေးတနေရာက လူများပင်မမေ့နိုင်သည့် အဖြစ်ဆိုးကြီးကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူများက မမေ့နိုင်တာ မဆန်း။

ရန်ကုန်မြို့ကြီးက အပေါ်ရံအားဖြင့်တော့ စည်ကားသိုက်မြိုက်နေသယောင် ထင်ရသည်။ နှစ်၆၀ပြည့်လွတ်လပ် ရေးနေ့မှာ အလံတွေထူကြ၊ ရုံးတွေပိတ်ကြ၊ အားကစားပွဲတွေ ခြိမ့်ခြိမ့်သည်းသည်း ဆင်နွှဲကြသည်။ စူပါမားကတ် တွေ၊ ပန်းခြံတွေကိုလည်းလူတွေသွားကြသည်။

သို့သော် သူတို့တယောက်စီ၏ မျက်နှာများကို စေ့စေ့စပ်စပ်ကြည့်ပြီး တယောက်စီနှင့် အေးအေးဆေးဆေး စကားပြော ကြည့်လျှင်တော့ အခြေအနေအားလုံးနှင့် ပြောင်းပြန်ဖြစ်နေလိမ့်မည်ထင်သည်။ သူတို့မျက်နှာ များပေါ်မှာ စိုးရိမ်ထိတ်လန့် ရိပ်တွေ၊ နာကြည်းပင်ပန်းရိပ်တွေ ယှက်သန်းနေတာကို သူတို့ အသံများထဲက မှန်းကြည့်လို့ရသည်။

အမှန်တကယ်လွတ်လပ်ရေး၏ အနှစ်သာရကို အမှန်တကယ်လွတ်လပ်မှုမရှိသော မြန်မာပြည်တွင်း၌ နေထိုင်နေသည့် မြန်မာပြည်သူပြည်သားများက ပို၍သိ၊ ပို၍လိုချင်နေပါလိမ့်မည်။     ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!