သမိုင်း တပတ်ပြန်လည်ပြီ
အေးချမ်းမြေ့ | ဖေဖော်ဝါရီ ၂၉၊ ၂၀၀၈

မေလတွင်ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအနေနှင့် လွတ်လပ်ပြီး တရားမျှတမှု ရှိနိုင်၊ မရှိနိုင်ဆိုသည့် အချက်ကို ပြည်သူလူထုက သိချင်နေသည်။ ထိုဆန္ဒခံယူပွဲ၏ ရလဒ်နှင့်ပတ်သက်၍မူ စစ်အစိုးရက ၎င်းတို့ ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိထားပုံရသည်။

နအဖ စစ်အစိုးရ၏ ဖေဖော်ဝါရီ ၂၇ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ၂၀၀၈ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေဟူ ၍ စာမျက်နှာသုံးမျက်နှာခန့် ပြဌာန်းပါရှိခဲ့သည်ကို တွေ့ရသည်။ ယင်းဥပဒေတွင် နိဒါန်းနှင့် အခန်းပေါင်း ၁၂ခန်းခွဲ၍ ပြဌာန်းထားကာ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည်။

၎င်းဥပဒေ၏ အခန်း(၃) တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်တရပ်ကို သင့်လျော်သော နိုင်ငံသားများ ပါဝင်စေလျှက် လိုအပ်သော အရေအတွက်ဖြင့် ဖွဲ့စည်းရမည်။ ပြည်နယ်နှင့် တိုင်းတခုလျင် အဖွဲ့ဝင် ၁၅ဦးပါဝင်သော ပြည်နယ်သို့မဟုတ်တိုင်းကော်မရှင်အဖွဲ့ခွဲတခု၊ ခရိုင်တခုလျင် အဖွဲ့ဝင်၁၅ဦးပါဝင် သော ခရိုင်ကော်မတီအဖွဲ့ခွဲတခု၊ မြို့နယ်တခုလျင် အဖွဲ့ဝင်၁၅ဦးပါဝင်သော မြို့နယ်ကော်မရှင် အဖွဲ့ခွဲတခု နှင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအဖွဲ့ဝင် ငါးဦးမှ ၂၀ဦးအထိပါဝင်သော ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတခု ဖွဲ့စည်းရမည်ဟု ပါဝင်သည်။

ထို့ပြင်အခန်း(၈)၌ ၁၀ဦးထက်မနည်းသော ဆန္ဒမဲပေးခွင့်ရှိသူတို့၏ ရှေ့မှောက်တွင်မဲပုံးများကို စစ်ဆေးပြီး နောက် ယင်းမဲပုံးများကိုဖွင့်၍ ဆန္ဒမဲများရေတွက်ရမည်။ ယင်းသို့ရေတွက်ရာတွင် ထောက်ခံမဲ ကန့်ကွက်မဲနှင့် ပယ်မဲများကို ခွဲခြားရေတွက်ရမည်ဟု ပါရှိသည်။

သို့ရာတွင် ၎င်းဥပဒေ၌ မည်ကဲ့သို့သောကော်မရှင်နှင့် ကော်မရှင်ခွဲအမျိုးအစားများဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြ ထားခြင်းမရှိသည့်ပြင် ၎င်းကော်မရှင်အဖွဲ့ဝင်များအနေနှင့် မည်မျှမှန်ကန်မှုရှိသည်၊ မရှိသည်ဆို ခြင်းက အရေးကြီးသည့် အချက်ဖြစ်သည်။

“နအဖရွေးချယ်တင်မြှောက်ထားတဲ့ ကော်မရှင်ဆိုမှတော့ သူတို့ရဲ့ ကြံ့ဖွံ့အသင်းဝင်တွေ၊ ရယကတွေပဲဖြစ်မှာပဲလေ။ လျှို့ဝှက်ဆန္ဒမဲပေးရမယ်ဆိုတာတောင် မဲရေတွက်တဲ့နေရာမှာ သေချာမှုရှိမယ်၊ မရှိဘူး။ အဖြစ်မှန် အတိုင်းကြေညာမယ်၊ မကြေညာဘူးဆိုတာ မပြောနိုင်ဘူး” ဟု ရန်ကုန်မြိုမှ ဝန်ထမ်းတဦးကပြောသည်။

လက်ရှိအခြေအနေအရမူ မေလတွင်ကျင်းပမည့် လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲကိုလုံးဝ ဆန့်ကျင်ရှုံ့ချ ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ယမန်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် အတိအလင်း ဖော်ပြလိုက်သည်ကို တွေ့ရသည်။

“NLD က ၁၉၉၀ရွေးကောက်ပွဲမှာ ရာခိုင်နှုန်း၈၀ကျော် အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် စစ်အစိုးရက ၁/၉၀ ကြေညာချက်ရဲ့ အပိုဒ်၂၀မှာ ပြည်သူများကရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲဖို့ တာဝန်ရှိသူများဖြစ်ပါတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်” ဟု ကြေညာချက်တွင်ရေးသားဖော်ပြထားသည်။

သို့ရာတွင် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အများစုအနေနှင့် ပါဝင်ရေးဆွဲခဲ့ခြင်းမရှိသောကြောင့် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များသည် တဖက်သပ် လုပ်ဆောင်ချက်များဖြစ်ပြီး အများပြည်သူ လက်ခံနိုင်ခြင်းမရှိရာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေသည်ဟု ဆက်လက်ဖော်ပြထားသည်။

စစ်အစိုးရပြဌာန်းလိုက်သော ဥပဒေမှာ ၁၉၇၃ခုနှစ်ဆန္ဒခံယူပွဲအတွက် ၁၉၇၀ပြည့်နှစ် အစောပိုင်းကာလ များက ပြဌာန်း လိုက်သော ဥပဒေနှင့် ပုံစံတူပင်ဖြစ်ကြောင်း ဥပဒေပညာရှင်တဦးဖြစ်သူ ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောကြားလိုက်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ထောင်ဒဏ်၁နှစ်ကျခံရမယ်လို့ ၁၉၇၀ကရေးခဲ့တဲ့ ဥပဒေမှာပါတယ်။ အခုကျတော့ ထောင်ဒဏ်၃နှစ်ဖြစ်သွားတယ်။ ဒါပဲကွာတယ်လေ” ဟု ၎င်းကဆက်ပြော သည်။

စစ်အစိုးရအနေနှင် ၅/၉၆ကြေညာချက်ကိုလက်ရှိတွင် ရုတ်သိမ်းခြင်းမရှိသေးပေ။ ၎င်းကြေညာချက်တွင် အမျိုးသားညီလာခံ ကို ဆန့်ကျင်ဝေဖန်ပါက ထောင်ဒဏ်တသက်တကျွန်းအထိကျခံရနိုင်သည်ဟု ပါရှိသည်။

မြန်မာနိုင်ငံအတွင်းနေထိုင်သည့် သာမန်ပြည်သူများအနေနှင့် လူများစု၏ ဆန္ဒကို လျစ်လျူရှုသောစစ်အစိုးရ၏ အခြေခံ ဥပဒေကိုလက်ခံနိုင်ခြင်းမရှိသော်လည်း အတင်းအကြပ်ခိုင်းစေမှုကြောင့် မဖြစ်မနေဆန္ဒခံယူပွဲတွင် ပါဝင်ရဖွယ်ရှိကြောင်း ရန်ကုန်မြို့တွင်နေထိုင်သည့် လျှပ်စစ်အင်ဂျင်နီယာတဦးက ပြောသည်။

“နအဖလက်ထဲမှာက သေနတ် ရှိနေတာဆိုတော့ ကြောက်လို့သာ သူတို့ဆန္ဒခံယူပွဲမှာပါဝင်ရမှာ။ တကယ်လျှို့ဝှက်မဲပေး ကြေးဆို ကန့်ကွက် မဲပဲပေးမှာပဲ” ဟု၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်အရေအတွက်မှာ ၂၄သန်းကျော်ရှိသဖြင့် မြန်မာနိုင်ငံသား ဦးရေ၏ ၅၀ရာခိုင်နှုန်းခန့်ရှိနေခြင်းကလည်း စစ်အစိုးရအတွက် သေချာမှုတရပ်ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော် ထိုအရေအတွက်မှာ စာရင်းဇယားအရသာဖြစ်ပြီး သန်း၂၀ကျော်မှာ မဲမပေးနိုင် သည့် အသက်၁၈နှစ်အောက် အထက်တန်း ကျောင်းသားများ၊ အတင်းအကျပ်သွတ်သွင်းခံရသည့် ဝန်ထမ်း များသာဖြစ်ကြောင်းသိရသည်။

“ကျနော့်မိန်းမက တက္ကသိုလ်က ဆရာမလေ။ သူဆိုကြံ့ဖွံ့အသင်းဝင်ပဲ။ မဝင်မနေရ အတင်းဖောင်ဖြည့်ခိုင်း ပြီးဝင်ခိုင်းလို့ ဝင်ထားရတာ။ အမျိုးသမီးရေးရာဆို ဖောင်တောင်မဖြည့်ရဘူး ဒီတိုင်းအသင်းဝင်ကတ်လာပေး ထားတာ” ဟု စင်ကာပူနိုင်ငံ တွင် အလုပ်လုပ်ရန်ရောက်ရှိနေသော မြန်မာအင်ဂျင်နီယာ တဦးကပြောပြသည်။

၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲကျင်းပစဉ်က မဲရုံများကိုဦးစီးသူတို့မှာ ပြည်သူလူထုက လေးစားလက်ခံသော ရပ်မိရပ်ဖများ ဖြစ်ခဲ့သော်လည်း ယခုဆန္ဒခံယူပွဲတွင်မူ လွတ်လပ်၍တရားမျှတမှုမရှိနိုင်ဟု ၎င်းကဆက်ပြော သည်။

ရန်ကုန်မြို့တွင်နေထိုင်သော ဘူမိဗေဒအရာရှိတဦးက အခြေခံဥပဒေနှင့် ပတ်သက်၍ ဆန္ဒမဲထွက်ပေးမည် ဖြစ်သော်လည်း ကန့်ကွက်မဲသာ ပေးမည်ဟု ဧရာဝတီကိုပြောသည်။

စစ်အစိုးရအနေနှင့် ဆန္ဒခံယူပွဲရလဒ်ကို အမှန်အတိုင်းထုတ်ပြန်၊ မပြန်မပြောနိုင်သော်လည်း ဖိအားပေး၍ ထောက်ခံခိုင်းခြင်း ပြုလုပ်နိုင်သဖြင့် ပွင့်ပွင့် လင်းလင်းနှင့် လွတ်လပ်သော ဆန္ဒခံယူပွဲမဖြစ်နိုင်ဟု ၎င်းကထင်မြင်ချက်ပေးသည်။

ရန်ကုန်မြို့တွင်နေထိုင်သော သတင်းထောက်တဦးကမူ အင်္ဂါနေ့ကထုတ်ပြန်လိုက်သည့် စစ်အစိုးရ၏ ဥပဒေသည် ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှအတွက် ရှိရှိသမျှတံခါးများကို ပိတ်လိုက်သည်နှင့်တူပြီး မြန်မာပြည်၏ မျိုးဆက်သစ်များကို ဖိနှိပ် ချုပ်ချယ်လိုက်ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

စစ်အစိုးရ၏ ဆန္ဒခံယူပွဲဥပဒေနောက်ကွယ်တွင် ဆန်းပြားရှုပ်ထွေးသော မေးခွန်းများစွာ လိုက်ပါလာသည်။ စက်တင်ဘာ အရေးအခင်းကာလက သံဃာများနှင့် ပြည်သူလူထုကို နှိပ်စက်ချေမှုန်းခဲ့ပြီးသည့်နောက် စစ်အစိုးရအနေနှင့် လူထု၏ဆန္ဒကို တောင်းခံရန် မည်ကဲ့သို့သော ယုံကြည်မှုမျိုးရှိနေသလဲ ဆိုသည့်မေးခွန်း မေးသင့်သည်။ နောက်မေးခွန်းတခုကတော့ ၁၉၉၀ရွေးကောက်ပွဲမျိုးနောက်တခု ဖန်တီးဦးလေမလား ဟူ၍ဖြစ်သည်။

၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီက စစ်ဗိုလ်ချုပ်ကြီးများအနေနှင့် ၎င်းတို့ကိုထောက်ခံသော ပါတီဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) အနိုင်ရလိမ့်မည်ဟု ၎င်းတို့ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲခဲ့ကြောင်းတွေ့ရသည်။

ယခုတခါလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များကို အားကိုးကောင်းအားကိုးပေလိမ့်မည်။ ပြည်တွင်း ထုတ်ဂျာနယ်တစောင်က ဆန္ဒမဲပေးနိုင်မည့်လူဦးရေမှာ ၃၂သန်းရှိသည်ဟုဖော်ပြထားသည်။ ထောက်ခံမဲ ၅၁ရာခိုင်နှုန်း ရရှိလျင် ၎င်းတို့အနိုင်ရမည်ဖြစ်သောကြောင့် စစ်အစိုးရအတွက် ထောက်ခံမဲ ၁၆သန်းခန့်သာလိုအပ်သည်။ ကြံ့ဖွံ့အသင်းဝင် အရေအတွက်က ၂၄သန်းရှိနေသည်။

တရုတ်မြန်မာနယ်စပ် အခြေစိုက် မြန်မာ့နိုင်ငံရေးသုံးသပ်သူတဦးဖြစ်သည့် ကိုအောင်ကျော်ဇောက မဲပေးခွင့် ရှိသည့် လူဦးရေနှင့်ဆိုလျင် ကြံ့ဖွံ့အသင်းဝင်လူဦးရေက များပြားလွန်းသည်ဟုဆိုသည်။

“နအဖအစိုးရအနေနဲ့ သူတို့ကိုယ်သူတို့ အသာစီးရနေပြီလို့ ထင်ထားပုံရတယ်။ ၁၉၉၀ရွေးကောက်ပွဲတုန်းက လည်း ဒီလိုပဲထင်ခဲ့တာ။ သမိုင်းတပတ်ပြန်လည်တာပေါ့” ဟု ၎င်းကဆက်ပြောသည်။

ပြည်တွင်းပြည်ပရှိ နိုင်ငံရေးလေ့လာသူတို့ကမူ စစ်အစိုးရအနေနှင့် ၎င်းတို့၏လမ်းပြမြေပုံကို အဆုံးသတ်ကာ ရွေးကောက်ပွဲ အသစ်တဖန် ပြန်လည်ကျင်းပပြီး ၎င်းတို့၏အာဏာ တရားဝင်ရရှိရေးအတွက် ပုံဖော်နေခြင်းသာဖြစ်သည်ဟု သုံးသပ်ကြသည်။

“ဆန္ဒခံယူပွဲဆိုတာက အယောင်ပြသက်သက်ပါ။ စစ်အစိုးရက သူတို့အာဏာတရားဝင်ဖြစ်အောင်လုပ်တာ။ ဒီလိုတရားဝင်ဖြစ် သွားရင် ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတွေက မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်တာကို ကာကွယ်ဖို့အကောင်းဆုံးဖြစ်သွား တော့မယ်” ဟု မြန်မာ့သမိုင်းနှင့် ထိုင်းသမိုင်းကို အထူးပြုလေ့လာနေ သော ထိုင်းပညာရှင်တဦးကပြောသည်။

နအဖစစ်အစိုးရအနေနှင့် ၎င်းတို့ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိထားသည်မှာသေချာသည်။ တရားမျှတရေး မမျှတရေး ဆိုသည်မှာလည်း ၎င်းတို့လက်ထဲမှာပင်ရှိနေသည်။ မြန်မာပြည်သူလူထုအတွက် ထွက်ပေါက်များ အားလုံး ပိတ်နေပြီလားဟု နောက်ထပ်မေးခွန်းတခု ထုတ်စရာဖြစ်နေပါသည်။     ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!