ကံကောင်းခြင်း နဂါးလက်ဆောင်
အေးချမ်းမြေ့ | ဖေဖော်ဝါရီ ၇၊ ၂၀၀၈

တရုတ်နဂါးအကက ထူးခြားသည်၊ လှပသည်၊ စိတ်ဓာတ်တက်ကြွစေသည်။ ဆိုင်းသံဗုံသံများက လူ့စိတ်ကို မြူးမြူးကြွကြွ ဖြစ်စေသည်။ လှိုင်းလုံးကြီးတက်လာသလို တလူးလူးတလိမ့်လိမ့်ဖြစ်နေသော နဂါးရုပ်ကြီး၏ ခန္ဓာကိုယ်ကြီးက အလိုက်သင့် ဝေ့ကာဝိုက်ကာဖြင့် ကြည့်လို့ကောင်းလှသည်။ အိမ်ရှေ့တံခါးဝသို့ နဂါးရုပ်ကြီး ကပြီးရောက်လာလျင် တရုတ်လူမျိုးတို့အဖို့ ကံကောင်းသည်ဟု ယူဆကြသည်။

အရင်ကတော့ တရုတ်နဂါးအကကို တရုတ်ဘုံကျောင်းများက ဦးစီးဦးဆောင်ပြု၍ကကြခြင်းဖြစ်သည်။ အ သက် ၁၅နှစ်၊ ၁၆နှစ်ဝန်းကျင် လူငယ်ယောက်ျားလေးများ ပါဝင်ကပြကြခြင်းဖြစ်ပြီး နဂါးရုပ်တကောင်လျင် လူငယ်အယောက် ၂၀ခန့်လို အပ်သည်။ ၎င်းအကမှာ အလွန်ပင်ပန်းသဖြင့် လဲလှယ်ကရန်အတွက် နောက် ထပ်လူငယ်၂၀ အရံသင့်ထားရသည်။

ခုနောက်ပိုင်းတွင် တရုတ်နွယ်ဖွားမြန်မာပြည်သား တချို့က ရင်းနှီးမတည်ငွေ စိုက်ထုတ်ကာ လူငယ်ကလေး များကိုစုစည်း၍ စီးပွားဖြစ်တရုတ်နဂါးအဖွဲ့များထူထောင်လာကြကြောင်း ရန်ကုန်နေ တရုတ်လူငယ်တဦးက ပြောပြသည်။

“ဝင်ကတဲ့ကလေးတွေက မြန်မာလေးတွေ မြန်မာပြည်ဖွားကုလားလေးတွေချည်းပဲ၊ တရုတ်တွေမပါဘူး။ စီးပွားရေးလုပ် နေတဲ့ သူတွေက သူတို့ကိုနေ့စားခပေးပြီးငှားတယ်။ တချို့ကဆိုတရုတ်နဂါးမဟုတ်တော့ဘူး မြန်မာနဂါး ကုလားနဂါးဆိုပြီး နောက်ခေါ်ကြတယ်” ဟု ၎င်းကရှင်းပြသည်။

ယခုနှစ်အတွက်တရုတ်နှစ်သစ်ကူးက ဖေဖော်ဝါရီပထမအပတ်ထဲတွင်ကျရောက်သည်။ သည်အချိန်က တရုတ်လူမျိုးတို့ အတွက် အလုပ်အရှုပ်ဆုံးအချိန်ဟုလည်းဆိုနိုင်သည်။ ယခုနောက်ပိုင်းတွင် ရန်ကုန်၌ တရုတ်နဂါးအက လိုက်လံကပြသည့် လုပ်ငန်း အလွန်ခေတ်စားလာကြောင်း ကြားသိရသည်။

ယခင်က တရုတ်ဘုံကျောင်းများအတွက် ရန်ပုံငွေရှာဖွေရန်ကပြသော တရုတ်နဂါးအကမှာ ယခုအခါ တရုတ်လူမျိုးအချို့ အတွက် စီးပွားရေးလုပ်ငန်းတခုဖြစ်လာပြီဖြစ်ကြောင်း တရုတ်လူမျိုးတဦးဖြစ်သူ ကိုကျော်ကျော်ကပြောပြသည်။

နဂါးရုပ်တရုပ်၏တန်ဖိုးမှာ ကျပ်၁၀သိန်းဝန်းကျင်ရှိသည်။ ၎င်းတို့လိုချင်သည့်နဂါးရုပ်အမျိုးအစားကို တရုတ် ပြည်ကြီးသို့ လှမ်းမှာရကြောင်း နဂါးအကထောင်ထားသူတဦးကပြောပြသည်။

“ကလေးတွေကို နေ့စားကခ တယောက်ကျပ်၁၅၀၀လောက်ပေးရတယ်၊ သူတို့ ငါးရက်ခြောက်ရက် လောက် ကပြီးရင် ကျပ်သိန်း၅၀လောက် အသားတင်ပဲ” ဟု ရန်ကုန်မြို့၁၉လမ်းတွင်နေထိုင်သည့် ကိုအောင်မျိုးက ပြောသည်။ နှစ်သစ်ကူးပြီး သွားသော်လည်း နောက်ထပ် လေးရက်ငါးရက် ထပ်ကကြဦးမည်ဟု သူကဆို၏။

တရုတ်လူမျိုးများက နဂါးအကဖြင့်ဖျော်ဖြေခြင်းကို လာဘ်ကောင်းသည်ဟု ယူဆသောကြောင့် အိမ်တအိမ် လျင် ကျပ်သောင်းနှစ်ထောင်မှ ၁သိန်းအထိ ပြန်လည်ပေးလေ့ရှိကြောင်း ၎င်းကပြောပြသည်။ အကအဖွဲ့က နဂါးရုပ်ကြီးများဖြင့် တရုတ်သူဌေးများ၏အိမ်များတွင် လိုက်လံဖျော်ဖြေကြခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

တရုတ်လူမျိုးများသည် နဂါးရုပ်ကြီးများကို မကောင်းဆိုးဝါးများက ကြောက်ရွံ့ကြကြောင်းလည်း ယုံကြည်ကြ သည်။ ထို့ကြောင့် သူတို့လူမျိုးများ၏ နှစ်သစ်ကူးချိန်ခါသမယတွင် ကံကောင်းခြင်းများ ဆောင်ယူလာရန်နှင့် မကောင်းဆိုးဝါးများ ကိုနှင်ထုတ်နိုင်ရန် နဂါးရုပ်ကြီးများအလာကို စောင့်မျှော်လေ့ရှိကြောင်း ရန်ကုန်မြို့နေ တရုတ်လူမျိုးတဦးကပြောပြသည်။

နဂါးရုပ်ကြီးများထဲတွင်လိုက်လံကပြမည့် မြန်မာကလေးများ ကုလားကလေးများမှာ တရုတ်နှစ်သစ်ကူး မတိုင်မီ ၁လခန့် အကြာကတည်းက လေ့ကျင့်နေရသည်ဟုဆိုသည်။

မြန်မာပြည်ကတရုတ်များက တရုတ်နှစ်သစ်ကူးချိန်တွင် အမိအရစီးပွားရှာနေချိန်တွင် တိုင်ပေရှိတရုတ်များက တော့ တရုတ်နှစ်သစ်ကူးအချိန်တွင် အားပါးတရအနားယူလျှက်ရှိကြောင်း မြန်မာပြည်မှ တိုင်ပေသို့ပြောင်း ရွှေ့သွားသည့် တရုတ်လူမျိုးတဦးကပြောပြသည်။

“ဒီအချိန်ဆို လစာရဲ့ ၂ဆ၃ဆ မုန့်ဖိုးရကြတယ်။ ကိုယ်ပိုင်လုပ်ငန်းထောင်ထားတဲ့သူတွေကလည်း နှစ်ကူးမ တိုင်ခင် ပိုက်ဆံများများရအောင်ရှာကြတယ်။ ပင်ပန်းပေမယ့်ရှာသလောက်ရကြပါတယ်” ဟု ၎င်းကပြောပြ သည်။ နှစ်ကူးမတိုင်မီ အလုပ်ပိတ်ရက် တပတ်ခန့်ရကြပြီး ထိုရက်အားအတွင်း အနားယူကြခြင်းဖြစ်သည်။

တိုင်ပေသည် စီးပွားရေးမြို့တမြို့ဖြစ်သောကြောင့် ရပ်ဝေးမှအလုပ်လုပ်ကိုင်ကြသူများက နှစ်ကူးချိန်တွင် မိဘရပ်ထံသို့ ပြန်ကြသဖြင့် မြို့ပေါ်၌ရှင်းလင်းနေသည်ဟု ဆိုသည်။

“နဂါးအကဆိုတာက ဘုံကျောင်းတွေလောက်နဲ့ နယ်မြို့လေးတွေမှာပဲ အိမ်တွေလိုက်ကတာများတာ၊ ဒီမှာတော့ ကျနော်တို့ လူကြီးတွေက ကိုယ့်ထက်ငယ်တဲ့ကလေးတွေကို မုန့်ဖိုးပေးတယ်၊ တယောက်ကို တရုတ်ယွမ်၂၀၀၀၊ ၂၅၀၀လောက်ပေး ကြတယ် မြန်မာငွေနဲ့ဆို ကျပ်၆၀၀၀၀၊ ၇၀၀၀၀ လောက်ရှိမှာပေါ့” ဟု ၎င်းကဆက်ပြောသည်။

မြန်မာပြည်တွင်တော့ ရန်ကုန်မန္တလေးမြို့ကြီးများတွင်သာမက နယ်မြို့များတွင်ပါ တရုတ်နဂါးအက ခေတ် စားလာပြီဖြစ် သည်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲတွင် တရုတ်လူမျိုးများအနေနှင့် လူမှုရေး ဘာသာရေး  စီးပွားရေးများကို လွတ်လပ် စွာပြုလုပ်ပိုင်ခွင့်ရှိနေသေးသည်။

တရုတ်နှစ်သစ်ကူးချိန်တွင် ကြက်သားနှင့် ဝက်သားဈေးများအဆမတန်ထိုးတက် သွားကြောင်းလည်းကြားသိ ရသည်။ ကြက်သားတပိဿာလျင်ကျပ်ရှစ်ထောင်ထိ၊ ဝက်သားတပိဿာလျင် ကျပ်၇၀၀၀ထိ တက်သွား သည်ဟု ရန်ကုန်မြို့ခံ တဦးကရှင်းပြသည်။

မော်လမြိုင်မြို့တွင်တော့ ယခင်နှစ်များကလောက် မစည်ကားကြောင်း မြို့ခံတဦးကပြောသည်။ လမ်းပေါ်စီ တန်းသွားလာ သည့် ကိစ္စများကို ကန့်သတ်သောကြောင့်ဖြစ်မည်ထင်ကြောင်း ၎င်းကသုံးသပ်သည်။ တောင် ကြီးတွင်မူ ရှမ်းအမျိုးသား နေ့ကို ကျင်းပခွင့်မပေးသော်လည်း တရုတ်ဘုံကျောင်းများတွင်တော့ စည်ကားစွာ ဝင်ထွက်သွားလာနေသည်ဟု တောင်ကြီးမြို့တွင် နေထိုင်သူတဦးကဆိုသည်။

တရုတ်လူမျိုးများက သူတို့အတွက်ကံကောင်းခြင်းကို ယူဆောင်လာမည့် နဂါးကြီးများကိုမျှော်လင့်နေသကဲ့ သို့ နဂါးကြီးထဲ ဝင်ကမည့် မြန်မာလူငယ်ကလေးများ ကုလားလူငယ်ကလေးများကလည်း နေ့တွက်စည်မည့် တရုတ်နှစ်သစ်ကူးနေ့ရက် များကို မျှော်လင့်စောင့်စားနေကြရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!