မင်ကြောင်သည် စိုးရွံ့ဖွယ်ကိစ္စတခု မဟုတ်ပါ
ဒေးဗစ် ပါးကွက်တ် | ဧပြီ ၁၈၊ ၂၀၀၈

အစောဆုံးဆေးမင်ကြောင်ထိုးခြင်းကို အမှတ်မထင်တွေ့ရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ထိခိုက်ရှနာ ဒဏ်ရာများ မရင်းစေရန် မီးဖိုမှ ကြွင်းကျန်သောပြာမှုန် သို့မဟုတ် ကျပ်ခိုးများကို သိပ်ထည့်ရာမှ ဆေးမင်ကြောင်အတတ်ကို တွေ့ရှိလာခဲ့ခြင်း ဖြစ်မည်။ ယခုအခါတွင်တော့ လူအများလက်ဆင့်ကမ်းလာခဲ့သော ဓလေ့ထုံးစံ ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်ပြောင်းလဲမှု မှတ်တိုင်များကို ဖြတ်သန်းရင်း ပဉ္စလက်ဆန်သည့်အနုပညာ တရပ်သဖွယ် ဖွံ့ဖြိုးလာခဲ့သည်။


ပြန်ပေးဆွဲ အဖမ်းအဆီး မခံရစေရန်အတွက် မျက်နှာပေါ်တွင် ဆေးမင်ကြောင်
ပရဲ ထိုးထားသော ချင်းအမျိုးသမီးတဦး (Photo: Yuzo/The Irrawaddy)

မြန်မာ ရှေးဆိုရိုးတခုရှိသည်။ “အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုး” ဟု ဆိုခဲ့ကြသည်။

ဤသို့ အကြံပြုချက်ရှိနေသော်လည်း ယနေ့မြန်မာလူငယ်များကြားတွင် ဆေးမင်ကြောင်ထိုးခြင်းသည် ပြန်၍ခေတ်စားလာ နေသည်။ ရှေးရိုးစွဲဆန်လှသည့် မြန်မာနိုင်ငံတွင်ပင် လူကြိုက်များ အဆိုတော်များနှင့် ဇာတ်ဆောင်များက ကိုယ်ခန္ဓာအလှ ဆင်ခြင်းနှင့် မင်ကြောင်ထိုးခြင်း လုပ်လာကြသည်။ သူတို့က ဤသို့ပြုခြင်းသည် ဖက်ရှင်ကျ၍ စတိုင်လှပြီး ဆွဲဆောင်ကြည့် ကောင်းသည့် အနုပညာတရပ်ဟု တိုးမြှင့်အားပေးလာကြပါသည်။

သို့သော်လည်း ခေတ်နောက်ပြန်ဆွဲနေသည့် မြန်မာစစ်အစိုးရက ဆေးမင်ကြောင်ထိုးခြင်းကို အားမပေးပါ။ ရန်ကုန်အခြေ စိုက် စာနယ်ဇင်းသမားတဦး၏ အဆိုအရ စာပေစိစစ်ရေးအဖွဲ့က ပုံနှိပ်ထုတ်ဝေသည့် စာစောင်များတွင် ထိုးကွင်းမင်ကြောင် ထိုးထားသည့်ပုံများ မဖော်ပြစေရန် တားမြစ်ပိတ်ပင်တတ်သည်ဟု ဆိုပါသည်။ “တယောက်ယောက်က၊ ဥပမာ မော်ဒယ်ပဲ ဖြစ် ဖြစ်၊ သရုပ်ဆောင်ပဲ ဖြစ်ဖြစ်၊ သူတို့ကိုယ်ပေါ်မှာ ဆေးမင်ကြောင်တွေ့ရင် အဲဒါကို ပုံနှိပ်တဲ့အခါ ကွန်ပျူတာနည်းပညာ အကူ အညီနဲ့ ပြန်ဖျက်ပေးရပါတယ်”ဟု သူက ပြောပြသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလက ကျင်းပသည့် ဖျော်ဖြေပွဲတခုတွင် ဟစ်ပ်ဟော့ပ်အဆိုတော် ဂျီတုန်း စင်မြင့်ပေါ်တွင် ဖျော်ဖြေနေ စဉ် သူ၏ရှပ်အင်္ကျီကို ဆွဲလှန်ပြီးရာ ကျောပြင်တခုလုံးတွင် ဆွဲထားသည့်မင်ကြောင်များကို မြင်တွေ့ကြရပြီး နောက် ဖမ်းဆီး ခံခဲ့ရသည်။ ချက်ချင်းဆိုသလို သူ၏စင်မြင့်ဖျော်ဖြေတင်ဆက်ခွင့်ကို ၆ လ ပိတ်ပင်ခဲ့သည်။


ရှေးခေတ်မြန်မာလူငယ် တဦး ခန္ဓာကိုယ်ပေါ်တွင်
ဆေးမင်ကြောင်များ ထိုးထားသည်ကို ပြသထားပုံ

အရှေ့တောင်အာရှနိုင်ငံများတွင် ဆေးမင်ကြောင်ထိုးခြင်းကို ရိုးရာအစဉ်အဆက်ကတည်းကပင် ၀ိရောဓိဆန်သည့် အမြင် ဖြင့် ကြည့်ခဲ့ကြပါသည်။ ဆေးမင်ကြောင်ထိုးထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူသည် ထောင်ကျဖူးသူ၊ လူဆိုးဂိုဏ်း အုပ်စု တခုခုနှင့် ပတ်သက်နေသူ၊ သို့မဟုတ် ရဟန်းဝတ်စဉ် ကာလက မင်ကြောင်ထိုးခဲ့သူ စသဖြင့် မြင်တတ်ကြသည်။

ယနေ့အချိန်တွင်တော့ ပို၍ကျယ်ပြန့်သည့် မြန်မာလူထုများ အကြားတွင် ဆေးမင်ကြောင်ထိုးခြင်းကို ပို၍ခုံမင်လာကြ သည်။ နာမည်ကြီးအားကစားသမားများ၊ အဆိုတော်များမှ သည် စစ်သားများ၊ ကျောင်းသူများအထိ မင်ကြောင်ထိုးလာ ကြသည်။ ဘာသာရေးယုံကြည် ကိုးကွယ်မှုအရဖြစ်စေ၊ အလှ ဆင်ရန်ဖြစ်စေ၊ မကောင်းဆိုးရွားများရန်မှ ကာကွယ်ပေးနိုင် ရန် မှော်ဆန် သည့် ရည်ရွယ်ချက်များဖြင့် ဖြစ်စေ၊ သို့မဟုတ် မိမိ၏ တခုခုထူးခြားချက်ကို ပြသရန်ဖြစ်စေ၊ မင်သေ့ကြသော် လည်း ယနေ့ လူငယ်အများစုက မင်ကြောင်ထိုးသည့် အနု ပညာ၊ ကိုယ်ခန္ဓာဖောက်၍ အလှဆင်ခြင်း၊ တခြား ကိုယ်ခန္ဓာ ပြုပြင်မွမ်းမံ ခြင်းများကို ထူးထူးခြားခြား အရင်ကနှင့်မတူ ပို၍ ခုံမင်လုပ်ဆောင်လာကြသည်။

ဆေးမင်ကြောင်ထိုးခြင်းကို အင်္ဂလိပ်ဘာသာဖြင့် (tatoo) ဟု ခေါ်သည့် စကားလုံးသည် ပိုလီနီးရှန်းကျွန်းသားများ၏ ဘာသာစကားမှ အစပြုလာခြင်းဖြစ်ပြီး စုတ်ထိုးခြင်းမျိုး အဓိပ္ပာယ်ရပါသည်။ သို့သော်လည်း ယဉ်ကျေးမှုတိုင်းတွင် သူ့နည်း သူ့ဟန်ဖြင့် ဆေးမင်ကြောင်ထိုးခြင်းက ဖွံ့ဖြိုးလာ ခဲ့ပါသည်။ ဥပမာ-ဆေးမင်ကြောင်ထိုးကြသည့် ယဉ်ကျေးမှု ကို နယူးဇီလန် ရှိ မော်ရီလူမျိုးများမှသည် မက္ကဆီကိုရှိ မာယာယဉ်ကျေးမှုအထိ၊ ဥရောပမှ ဆဲလ်တ် (celts) လူမျိုးများမှ သည် အီဂျစ်လူမျိုး များအထိ၊ ဂျပန်လူမျိုးများမှသည် မြောက်ဖျား ဗိုက်ကင်းများအထိ မတူကွဲပြားသည့် ယဉ်ကျေးမှုများတွင် တွေ့ခဲ့ကြရပါ သည်။

ဘီစီ ၂၂၁ မှ ၂၀၆ အထိ ချင် မင်းဆက် ရှေးဟောင်းတရုတ်မှတ်တမ်းများအရ မဲခေါင်မြစ်ဝှမ်းဒေသနေ လူး (Lue) နှင့် ယူး (Yue) လူမျိုးနွယ်များသည် ခါးမှ ခြေကျင်းဝတ်အထိ ခြေတခုလုံး မကောင်းဆိုးရွား နတ်မိစ္ဆာများနှင့် နဂါးရုပ်များကို ဆေးမင်ကြောင် ထိုးထားကြကြောင်း၊ မကောင်းသည့် ၀ိညာဉ်နတ်ဆိုးများကို ကင်းဝေးစေရန် ဆေးမင်ထိုးကြကြောင်း မှတ်တမ်းများ တွေ့ရပါသည်။

သို့သော်လည်း ဆေးမင်ကြောင်ထိုးသည့် ယဉ်ကျေးမှု မြန်မာနိုင်ငံအတွင်း ပြန့်ပွားအောင် သယ်ဆောင်လာကြသူများမှာ ရှမ်း လူမျိုးများ ဖြစ်ပါသည်။ တရုတ်နိုင်ငံတောင်ပိုင်းဒေသမှ ဤဓလေ့ကို ယူဆောင်ခဲ့ကြသည်ဟု ယူဆရသည်။ သူတို့ထိုးနှံ ကြသည့် ဆေးမင်ကြောင်များတွင် မှော်သဘောဆန်သည့် ဖော်ပြချက်များ၊ ၀ိညာဉ်ပိုင်းဆိုင်ရာ ဖော်ပြချက်များ ပါဝင်ပါ သည်။ အဆောင်လက်ဖွဲ့ထားသည့် သဘောနှင့် တူညီပါသည်။

ရှမ်းယဉ်ကျေးမှုအရ ရင့်ကျက်ခြင်း၊ စွမ်းပကားကြီးခြင်းကို ဖော်ပြသည့်အနေဖြင့် လူပျိုပေါက်တဦးသည် ခါးမှ ဒူးဆစ်အထိ ဆေးမင်ကြောင်ထိုးလေ့ရှိကြပါသည်။ ဤသို့ဆေးထိုးနှံခြင်းကို ရွာတွင်းရှိ တိုင်းရင်းဆေးဆရာ တဦးဦးက ဆောင်ရွက်ပေး ပြီး ရိုးရာ မဲနယ်ဆေးမင်များ၊ သဘာဝ ဟင်္သာပြဒါးများကို စုတ်တံရှည် အသုံးပြု ထိုးနှံပေးလေ့ရှိကြပါသည်။

ဤသို့ မင်သေ့သည့် လုပ်ငန်းကို ရက်သတ္တပတ်များစွာ အချိန်ယူ ဆောင်ရွက်ကြရပြီး နာကျဉ်မှုသက်သာစေရန်အတွက် အရုပ်ပုံပေါ်တွင် ဘိန်းကိုသုတ်လိမ်းပေးကြပါသည်။ အများအားဖြင့် ထိုးလေ့ရှိကြသည့်ပုံများမှာ တရိစ္ဆာန်များ၊ ရာသီခွင်ပုံများ နှင့် အင်းကွက်များ စသဖြင့် ထိုးနှံလေ့ရှိကြပါသည်။ ဆေးမင်ကြောင်ထိုးခြင်းမှာ ရှမ်းလူငယ်များအကြား ၌ ယခုတိုင် ခေတ် စားနေဆဲဖြစ်ပြီး ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှုအနေနှင့် ဗုဒ္ဓ၀င် ကနုတ်၊ အပြောက်၊ အမွမ်းများကိုလည်း ထိုးနှံလေ့ ရှိကြပါသည်။

မြန်မာနိုင်ငံအတွင်းသို့ ထေရ၀ါဒဗုဒ္ဓဘာသာ ရောက်ရှိလာချိန်မှစ၍ မြန်မာနိုင်ငံရှိ အနုပညာဆိုင်ရာ သင်္ကေတအမှတ်အသား များသည်လည်း ပြောင်းလဲသွားခဲ့ပါသည်။ ဆေးမင်ကြောင်ထိုးရာတွင် လူ့ခန္ဓာကိုယ်ကို ၁၂ ပိုင်း ခွဲခြားသတ်မှတ်ထားပါ သည်။ ဟိန္ဒူနတ်ဘုရားများ၊ ဗုဒ္ဓဘာသာပုံများနှင့် အလေးအမြတ်ပြုစရာ ဂါထာ၊ မန္တာန်၊ မန္တရားများကို ကျောကုန်း၊ ဦးခေါင်း နှင့် လက်နှစ်ဘက်တို့တွင်သာ ထိုးနှံရပါသည်။ နားရွက်၊ လည်ပင်းနှင့်ပုခုံးတို့ကို အကာအကွယ်သဘော တိရစ္ဆာန် များနှင့် ဒဏ္ဍာရီလာ သတ္တ၀ါများအတွက် ထားရှိကြပါသည်။ ဆီးခုံနေရာတ၀ိုက်တွင် တောက်တဲ့၊ ဒေါင်းပုံများထိုးနှံလေ့ရှိ ကြပြီး လိင်ဆွဲဆောင်မှုကို အထောက်အကူပြုရန် အပွင့်ဆေးအဖြစ် ထိုးနှံသည်ဟု ဆိုကြပါသည်။ ခြေကျင်းဝတ်မှ ဆေးမင် ကြောင်ပုံများကိုမူ မြွေမကိုက်စေရန်အတွက် ရည်ရွယ်ထိုးနှံကြသည်။

ဆေးမင်ကြောင်ကို ယောက်ျားများကသာ ထိုးနှံခွင့်ရှိသည်ဟု ကန့်သတ်ထားခြင်းမျိုးမရှိပါ။ တောင်ပိုင်းချင်းဒေသမှ အမျိုး သမီးများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ၎င်းတို့၏ မျက်နှာပေါ်တွင် ဆေးမင်ကြောင် ပရဲ ထိုးနှံခဲ့ကြ ပါသည်။ ကျူးကျော်သူဗမာများကို ခြောက်လှန့်ရန်အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အလားတူဓလေ့ထုံးစံမျိုးကို ပဒေါင်ကရင် လူမျိုးစုများတွင်လည်း တွေရပါသည်။ သူတို့ကို အခြားသူများက ပြန်ပေးဆွဲ အဖမ်းဆီးမခံရစေရန်အတွက် ငယ်စဉ်ကတည်းက အမျိုးသမီးငယ်များ၏ လည်ပင်းကို ကြေးကွင်းများစွပ်ပြီး ရှည်ထွက်လာအောင် ပြုလုပ်ထားလေ့ရှိကြ ပါသည်။ လွန်ခဲ့သည့် ရာစုနှစ်များစွာကပင် များစွာသော မြန်မာတိုင်းရင်းသူများသည် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ရန် အတွက် မျက်လုံးနှင့် နှုတ်ခမ်းများကြားတွင် ပီယစက် အဖြစ် မသိမသာ ဆေးမင်စက်တို့ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

ရှမ်းလူမျိုးစုများနှင့် ဗမာများပြုလုပ်လေ့ရှိသော အခြားရှေးအလေ့အထတခုမှာ စစ်ပွဲများတွင် မသေမပျောက်စေရန် အတွက် ရွေပြား၊ ငွေပြားများကို အရေပြားအောက်တွင် အဆောင်အဖြစ် ထိုးသွင်းမြုပ်နှံကြခြင်းပင် ဖြစ်ပါသည်။ ယနေ့ ခေတ်တွင် ဆေးမင်ကြောင်များ ထိုးခြင်းကိုလည်း ထိုကဲ့သို့ အကာအကွယ် အဆောင်လက်ဖွဲ့သဘောမျိုး ဆန်ဆန်လုပ် ဆောင်လာကြ ပါသည်။ ကရင်စစ်သားများက သူတို့၏ ရင်ဘတ်တွင် ကျားနက်ပုံကို ထိုးနှံထားလေ့ရှိကြပါသည်။ ၎င်းနှင့် အလားတူ အလေ့ အထမျိုးကို ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တချို့တွင်လည်း တွေ့ရပါသည်။


အမှောင့်ပယောဂများ ကာကွယ်ရန် ဟိန္ဒူ ဒဏ္ဍာရီလာ ဟနုမာန်မျောက် ရုပ်ပုံနှင့် ကျား ရုပ်ပုံများကို ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ကြောင် ထိုးထားသည့် အမျိုးသားတဦး
(Photo: Brent T Madison)

မကောင်းဆိုးဝါး အမှောင့်ပယောဂများ ရန်မှ ကာကွယ်ရန်အတွက် ခန္ဓာကိုယ်ကို တိရစ္ဆာန် ရုပ်ပုံများ ဆေးမင်ကြောင်ထိုး ခြင်းကဲ့သို့သော အယူသည်းမှုသည် ဗုဒ္ဓ ဘာသာ အဆုံးအမများနှင့် ဆန့်ကျင် ဘက် ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ သို့သော် ထိုအချက်က အဓိကမကျလှပါ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များက ဆေးမင် ကြောင်ထိုးခြင်းနှင့် ပတ်သက်၍ အယူ အလေးအမြတ်ပြုမှုကို ရှေးဟောင်းလူမျိုး နွယ်စုများ ဆေးမင်ကြောင်ထိုးကြခြင်း၏ အခြေခံအတွေး အခေါ်သုံးရပ်မှ ယူကြ ပါသည်။ သေသည်၏ အခြားမဲ့၌ လူသား တို့၏၀ိညာဉ် နာနာလောကသို့ စတင်ဝင် ရောက် ကွန်းခိုရာ နယ်ပယ် (၃) ခုပေါ် တွင် အခြေတည်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ယင်းတို့မှာ ဒုက္ခ (နာကျင်ဆင်းရဲခြင်း)၊ ပရမတ္ထ (ထာဝရ တည်မြဲခြင်း) နှင့် အနိစ္စ (မမြဲသော) တို့ဖြစ်ပါသည်။ ပဉ္စလက် ဆန်လှသော ထိုအခြေခံတရား သုံးပါးတို့ သည် ဆေးမင်ကြောင်ထိုးခြင်းကို သာမန်ပန်းချီ အနုပညာအဖြစ်မှ ယုံကြည်ကိုးကွယ်သူများအား နတ်ဒေ၀တာများနှင့် ထူးခြားဆန်းပြားလှသည့် ဆက်နွယ်မှုတရပ် ရရှိစေနိုင်သည်ဟု ယုံကြည်စေပါသည်။ မှော်စွမ်းရည်များရရှိလာခြင်း သို့မဟုတ် အကာအကွယ်ရခြင်း သို့မဟုတ် မိန်းမောဘ၀င်စိတ်တွင် နတ်ဒေ၀တာတို့ကို မြင်ခြင်း သို့မဟုတ် အမှန် တကယ်မြင်တွေ့ရ ခြင်းများ ဖြစ်ပေါ်လာစေနိုင်သည်ဟု ယုံကြည်ကြသည်။

အများစုထိုးနှံကြသော ဗုဒ္ဓဘာသာရုပ်ပုံများမှာ မန္တရားများ၏ရုပ်ပိုင်းဆိုင်ရာ နိမိတ်ပုံများဖြစ်သော စကြာ သို့မဟုတ် ယန္တရား ပုံ ဖြစ်ပါသည်။ ထိုရုပ်ပုံကို အထွတ်အမြတ်ထားအပ်သည်ဟုယုံကြည်ကြပြီး ရှိခိုးခြင်းသို့မဟုတ် တရားထိုင်ခြင်းကို ကိုယ်စား ပြုသည့် နိမိတ်ပုံဟုလည်း ယူဆကြသည်။ ကြာပန်း၊ ကျားတို့ကဲ့သို့သောရုပ်ပုံများမှာ ဟိန္ဒူ အယူဝါဒမှ ဆင်းသက် လာခြင်း ဖြစ်ပါသည်။ မန္တရားကို ရှေးဟောင်းပါဠိအက္ခရာများဖြင့် ရေးသားကြပြီး စာကြောင်းတိုင်းသည် ဗုဒ္ဓနှုတ်ကပါဌ်တော်လာ အဆုံးအမ တချက်ချင်းကို ကိုယ်စားပြုပါသည်။

စကြာ မင်ကြောင်ကို ဘာသာတရားကိုးကွယ်မှုအတွက် ထိုးနှံကြခြင်းဖြစ်ပြီး မည်သည့်အခါမျှ အပြောက်အမွမ်းများ ပါဝင် လေ့ မရှိပါ။ တချို့ဘုန်းတော်ကြီးများက ယင်းကိုမမြင်နိုင်သော မင်ကို အသုံးပြုထိုးနှံကြသည်။

ထိုးကွင်းမင်ကြောင်၏ အစွမ်း

ဘန်ကောက်မြို့ အနောက်မြောက်ဘက် ၃၀ ကီလိုမီတာအကွာ၊ နခုံပထုမ်မြို့ ဘန်းဘုရား (Bang Phra) ကျောင်းဝင်းတွင် မတ်လနှောင်းပိုင်း၌ ကျင်းပလေ့ရှိသော ၀ိုင်ခရူ (ဆရာကန်တော့ပွဲ) ပွဲလောက် ဆေးမင်ကြောင်ထိုးခြင်းအပေါ် လူအများက ယုံကြည်သက်ဝင် ကိုးကွယ်မှု ဖော်ပြကြသည့် ပွဲတော်မျိုး မရှိနိုင်ပါ၊ နှစ်စဉ် ထောင်ချီသောလူတို့သည် ဘုန်းတော် ကြီးများ ရွတ်ဖတ်သရဇ္ဈယ်၍ ထိုးနှံပေးသော ဆေးမင်ကြောင်များကို အကာအကွယ်အလို့ငှာ နှစ်နှစ်ကာကာ ယုံကြည်လက်ခံကြပြီး လာရောက်ထိုးနှံလေ့ ရှိကြပါသည်။ ဘုန်းတော်ကြီများက ရိုးရာသံမဏိစုတ်တံများဖြင့် အိန္ဒိယမှမင်များကို အသုံးပြုကာ နဂါး၊ ကျား သို့မဟုတ် ဟိန္ဒူတို့၏ စွမ်းပကားရှင် နတ်ရုပ်ဖြစ်သော ဟနုမာန်ရုပ်များကို ထိုးနှံပေးကြပါသည်။


ထိုင်းဘုန်းကြီးတပါးက အမျိုးသား တဦး၏ ဦးခေါင်းထိပ်ပေါ်တွင် ဆေးမင်ကြောင် မန္တန် ထိုးပေးနေပုံ (Photo: Brent T Madison)

ဤပွဲတော်ကိုယ်နှိုက်က အာရုံကို ညှို့ငင်ဖမ်းစား နိုင်လွန်းလှ ပါသည်။ လွန်ခဲ့သည့်နှစ် အရုဏ်ဦးတွင် ဖုံထူလှသော ဘန်း ဘုရားကျောင်းဝင်းတွင် လူ ၃,၀၀၀ ခန့်ရောက်ရှိနေကြသည်။ ၎င်းတို့အနက် အများစုမှာ လူဆိုးဂိုဏ်းဝင်များ၊ မူးယစ်ဆေး ၀ါး ရောင်းဝယ်ဖောက်ကားသူများနှင့် ယခင်က ထိခိုက်ဒဏ် ရာရခဲ့ဖူးပြီး အကာအကွယ် ရှာဖွေနေသူများ အစရှိသဖြင့် ၀ိဝါဒ ပွားဖွယ် လူပေါင်းစုံ ဖြစ်သည်။

များစွာသော ဘုန်းတော်ကြီးများက လူအုပ်ကြီး၏ရှေ့တွင် ငြိမ်သက်စွာထိုင်ပြီး ဆုတောင်းစာများကို တတွတ်တွတ် ရွတ်ဆို နေကြပါသည်။ ပတ်ဝန်းကျင် အငွေ့အသက်မှာ အလွန်အမင်း စိတ်လှုပ်ရှားစရာ မွှမ်းထုံနေသည်။ တချိန်တွင် အခမ်းအနား မှူးလုပ်သူက သင်တို့ကိုယ်တိုင် အာရုံဝင်စား မိန်းမူး ဆေးကြွလာလျှင် ၎င်းတို့၏ အင်္ကျီများနှင့် အဆောင် လက်ဖွဲ့များကို ချွတ် လိုက်ကြပါဟု အော်ပြောနေပါသည်။ တချို့ယောက်ျားများက ထိုသို့လုပ်နှင့်ကြပြီးသား ဖြစ်နေပါ သည်။ တယောက်စ နှစ် ယောက်စ၊ စိတ် မထိန်းနိုင် မသိမ်း နိုင်လောက်အောင် နတ်ပူးစပြုလာကြပါသည်။ ဂျင်းအ၀တ် အစားများ ၀တ်ထားသော ဆံပင်ရှည်ရှည်နှင့် လူထွားကြီး တယောက် မြေကြီးပေါ်တွင် လူးလှိမ့်နေပါသည်။ သူ့မိတ်ဆွေ များက သူ့ကို ထိန်းချုပ်ရန် ကြိုးစားကြသော်လည်း လူထွား ကြီးက အလွန်တရာ ကြီးမားသန်စွမ်းလှသော အင်အားဖြင့် လေထဲသို့ ခုန်ထွက်လိုက်ပြီး လက်တဘက်ကို ဆန့်ထုတ်ကာ နောက်တဘက်ကို သူ့ဦးခေါင်းပေါ် မြှောက်တင်၍ ဟနုမာန် မျောက်ထိုင်သကဲ့သို့ ထိုင်နေသည်။ မမြင်ရသော ချူတပ်ဗုံ တလုံးကို လှုပ်ခါနေဟန်တူနေပါသည်။

လူအုပ်ကြီးက သူ့အတွက်လမ်းဖယ်ပေးလိုက်ကြပါသည်။ လူထွားကြီးက ကြောက်မက်ဖွယ်ရာ အသံနက်ကြီးဖြင့် အော်ဟစ် လိုက်ပြီး လေထဲသို့ ထပ်ခုန်လိုက်သည်။ ထို့နောက် မျက်ဖြူလန်လာပြီး ခန္ဓာကိုယ် ကြွက်သားများလည်း ကြွက်တက် သကဲ့သို့ လှုပ်ခါနေသည်။ ဆန့်ထုတ်ထားသည့်လက်ဖြင့် ဓားတလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား သကဲ့သို့ ဆုပ်ကိုင်ပြီး စင်မြင့်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားပါတော့သည်။ လုံခြုံရေးအစောင့်များဆီသို့ ပြေး၍ တိုးဝင် သွားသည်။ သူတို့က သူ့နားသန်သီးနေရာ (နတ်ဖမ်းစားပူးဝင်ခြင်းမှ လွတ်မြောက်စေနိုင်သည်ဟု ယုံကြည်ကြသည်) ကို နှိပ်နယ်ပေးပြီး သူ့ကျောပြင်ကို ပွတ်သပ်ပေးကြပါသည်။

ထို့နောက် သူက ငြိမ်ကျလာခဲ့သည်။ သူ့တွင်ပူးဝင်နေသော သဘာဝလွန်စွမ်းအား ပျောက်ကွယ်သွားပုံရသည်။ သူက တဖြည်းဖြည်းချင်း ပြန်ညွှတ်ပြောင်းလာခဲ့ပြီး ဘုန်းတော်ကြီးများကို ဦးချပါသည်။ ထို့နောက်တွင် သူ့နေရာဖျာချပ်ပေါ်သို့ ပစ်လဲကျသွားပါတော့သည်။

ခဏအကြာတွင် အုပ်စုလိုက် နတ်ပူးဝင်မှုကြီး ဖြစ်ပေါ်ခဲ့ပါသည်။ မျောက်ရုပ်၊ နဂါးရုပ်နှင့် ကျားရုပ်ဆေးမင်ကြောင် ထိုးထား သူ လူ ၃၀ ခန့် တပြိုင်နက်တည်း နတ်ပူးဝင်ကြပြီး အော်ဟစ် လူးလှိမ့်ကြကာ နောက်ဆုံး စင်မြင့်ဆီသို့ဦးတည် အပြေးတက် သွားကြပါတော့သည်။ လုံခြုံရေးများက စည်းမပေါက်အောင်ရပ်ခံထားပြီး ထိုလူများကို ခပ်လှမ်းလှမ်းတွင် တွန်းပို့ ထိန်းထား နိုင်ခဲ့ကြသည်။ ထိုလူအုပ်ကြီးသည် တဖြည်းဖြည်း ပြန်လည်ငြိမ်သက်လာပြီး ၎င်းတို့နေရာများသို့ ပြန်သွား ကြပါသည်။

အခမ်းအနားအဆုံးပိုင်းတွင် ပဓာနဆရာတော်က စင်မြင့်ကို ၀န်းရံထားကြသည့် ယုံကြည်သက်ဝင်သူများအား ပရိတ်ရေများ ပက်ဖျန်းပေးပါသည်။ ယင်းနောက်တွင် ဘုန်းတော်ကြီးများ၏ အလှည့်ရောက်လာပါတော့သည်။ ဘုန်တော်ကြီးတပါးစီက စားပွဲငယ်လေးတလုံးစီတွင် ထိုင်ပြီး တန်းစီနေကြသူများအား မှော်ဝင်ဆေးမင်ကြောင်ရုပ်များ ထိုးနှံပေးကြပါသည်။ ထိုသို့ ထိုးနှံပေးနေစဉ် ဘုန်းတော်ကြီးများက ငြိမ်သက်စွာဖြင့် ဆုတောင်းဂါထာများရွတ်ဆိုနေကြပြီး ယုံကြည်သက်ဝင်သူများ၏ ကျောပြင်ပေါ်တွင် မန္တရား၏ စက်ဝိုင်းမျဉ်း ခဲခြစ်ပုံကြမ်းများ ရေးဆွဲပေးကြပါသည်။ ထို့နောက် တပည့် သာဝကများအား တနေကုန် တနေခမ်း ခေါင်းတုံးရိပ်ပေးနေကြပါတော့သည်။ လူများက ဘုန်းတော်ကြီးများအား အမွေးတိုင်များ၊ သစ်သီး များနှင့် စီးကရက်များအပြင် ကျစ်နေအောင်ခေါက်ထားသော ငွေစက္ကူများကို ကပ်လှူကြပါသည်။ ထို့နောက် သူတို့ပြန် လည် ထွက်ခွာသွားကြပါသည်။ မသေနိုင်တာမျိုး မဟုတ်တောင်မှ သူတို့အားလုံး ပိုပြီး လုံခြုံစိတ်ချသွားပြီဟု ခံယူထွက်ခွာ သွားကြမည်မှာ မုချဖြစ်ပါတော့သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ David Paquette ရေးသားသည့် Tatoo not Taboo ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!