ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပဟေဠိ
ကျော်စွာမိုး | ဧပြီ ၁၁၊ ၂၀၀၈
နိုင်ငံရေးသုံးသပ်သူများနှင့် နိုင်ငံရေးလှုပ်ရှားသူများက စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအပေါ် မည်သို့တုံ့ပြန် ရမည်ကို ဆွေးနွေးငြင်းခုန်နေကြစဉ် အချို့ကမူ ထိုဥပဒေသည် ဗိုလ်ချုပ်ကြီးများ၏အာဏာ အခြေခိုင်တည်မြဲစေရေးအတွက် ဖြစ်စေမည်လော၊ သို့မဟုတ် လူထုအုံကြွမှုတခုကို လှုံ့ဆော်လာစေမည်လောဟု စောကြော မေးခွန်းထုတ်နေကြလေသည်။
မြန်မာနိုင်ငံကို အုပ်ချုပ်နေသူ စစ်ဗိုလ်ချုပ်ကြီးများအတွက်မူ ၎င်းဖွဲ့စည်းပုံသည် သူတို့တောင့်တနေသည့် ပန်းတိုင်ဖြစ်သော မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ ထာဝရ လွှမ်းမိုးချုပ်ကိုင်မှုသို့ ခြေတလှမ်းစာ နီးကပ်လာခြင်း ဖြစ်သည်။ သို့သော် လူအများစု အတွက်မူကား ၎င်းဖွဲ့စည်းပုံသည် အဖြေရှာမရနိုင်သော ပဟေဠိပုစ္ဆာ တပုဒ်သဖွယ် ဖြစ်နေသေးသည်။
မြန်မာစစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတခု ရေးဆွဲခဲ့ပြီး၊ ဤမူကြမ်းကို အတည်ပြုနိုင်ရေးအတွက် လာမည့် မေလတွင်ကျင်းပမည့် ဆန္ဒခံယူပွဲ၌ မြန်မာနိုင်ငံသား မဲဆန္ဒရှင်များက ဆန္ဒပေးကြရတော့မည် ဖြစ်သည်။ ဤ ဖွဲ့စည်းပုံ အပေါ်တွင် ပြည်တွင်း ပြည်ပရှိ အင်အားစုများက အမျိုးမျိုးအဖုံဖုံ တုံ့ပြန်ပြောဆိုမှုများ ရှိနေကြသည်။
ဆယ့်လေးနှစ်ကြာ ကာလလုံးလုံး ရေးဆွဲခဲ့သော ၎င်းဖွဲ့စည်းပုံ ဥပဒေအပေါ်တွင် လူအများ သဘောတူညီချက်ဟူ၍ အနည်း ငယ်မျှသာ ရရှိခဲ့ပေလိမ့်မည်။ သို့ဖြစ်သော်လည်း အမှန်တကယ် ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ရေးအတွက် စစ်အစိုးရက ရှေ့ဆက်တိုးမည်ဆိုပါက ၁၉၉၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲများ ပြီးချိန်မှစလျှင် နောက်တကြိမ် စစ်အစိုးရ၏ အထင်ရှားဆုံး နိုင်ငံရေးရွှေ့ကွက် ဖြစ်မည်လောဟု လူအချို့က သံသယ၀င်နေကြပါသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလကလည်း မဲဆန္ဒရှင် ပြည်သူအများက စစ်အာဏာရှင်စနစ်ကို အဆုံးသတ်စေရန်အတွက် တညီ တညွတ်တည်း အချက်ပြဆန္ဒ ပြုခဲ့ကြပါသေးသည်။
မြန်မာပြည်ရှိ အတိုက်အခံများအတွက်မူ ဤဆန္ဒသည် တဆယ့်ရှစ်နှစ်ကျော်ဖြတ်ပြီးသည့် အချိန်တွင် ပိုမိုပြင်းထန်လာနေ သည်။ သူတို့က ဤဆန္ဒခံယူပွဲသည် ဗိုလ်ချုပ်ကြီးများ ထွက်ခွာရန် အချိန်တန်ပြီ ဖြစ်ကြောင်းကို စစ်အစိုးရနှင့် ကမ္ဘာသိ အောင် ပြနိုင်မည့် အခွင့်အရေးတရပ်အဖြစ် ရှုမြင်နေကြသည်။
"ဒါဟာ ဆန္ဒခံယူပွဲ မဟုတ်ပါဘူး" ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က ဆိုသည်။ "ဒီပွဲက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ မဲပေးရမယ့် အခွင့်အရေးပါ" ဟု ပြောသည်။
"စစ်အစိုးရက ကျွန်တော်တို့ကို ရွေးချယ်ခွင့် နှစ်ခုပေးတယ်။ 'ထောက်ခံမလား' ' ကန့်ကွက်မလား' ပေါ့။ ဒါပေမယ့် ကျနော်တို့ တကယ်ရွေးချယ်ရမှာက 'ကန့်ကွက်မလား' 'သပိတ်မှောက်မလား' ဆိုတာကိုပါပဲ" သူက ထပ်ပြောပါသည်။
ဆန္ဒခံယူပွဲကို သပိတ်မှောက်ရန် လှုံ့ဆော်မှုများကလည်း ကြီးထွားလာနေပါသည်။ သို့သော် ပုန်းခိုနေသော တနေရာမှ ဧရာဝတီမဂ္ဂဇင်းသို့ တယ်လီဖုန်းဖြင့် ပြောကြားရာ၌ ကိုထွန်းမြင့်အောင်က ကန့်ကွက်မဲပေးခြင်းဖြင့်သာ ကိုယ်ပြောချင်သည် ကို ထင်ထင်ရှားရှား ပြသနိုင်မည်ဟု ပြောပါသည်။
"ပြည်သူတွေက ဖွဲ့စည်းပုံကို ဘာထင်တယ်ဆိုတာက အရေးမကြီးပါဘူး" ထင်ရှားသော နိုင်ငံရေးလှုပ်ရှားသူက ပြောပါသည်။ "သူတို့ အနှစ်နှစ်ဆယ်လုံးလုံး ကျိတ်မှိတ်ခံစားခဲ့ရတဲ့ ဒေါသတွေကို မဲပေးခြင်းနဲ့ ထုတ်ဖော်ပြသကြမှာပါ" သူက ဆိုပါသည်။
တပ်မတော်၏ အခန်းကဏ္ဍ
၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအတွက် ဆန္ဒခံယူပွဲကျင်းပမည်ဟု ထုတ်ပြန်ကြေညာခဲ့သော ဖေဖော်ဝါရီလ ၉ ရက်မှ အစပြုကာ ဤကိစ္စနှင့်ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက ပြောဆိုခဲ့ရသူများထဲတွင် အနည်းငယ်သာ မတ်လက ထုတ်ပြန်ခဲ့ သည့် ဖွဲ့စည်းပုံတွင် ပါဝင်သော အကြောင်းအရာများကို စိတ်ဝင်စားဟန် ပြပါသည်။ ဖွဲ့စည်းပုံတွင် ပြည်သူတို့၏ ဆွေးနွေး ပါဝင်နိုင်ခွင့် ကင်းမဲ့နေချိန်တွင် ပြည်ပရောက်နေသူများနှင့် အတိုက်အခံများကြားရှိ ဆွေးနွေးမှုအများစုသည် ဤဆန္ဒခံယူ ပွဲကို စစ်အစိုးရကိုဆန့်ကျင်ရေး လှုပ်ရှားမှုတခုအဖြစ် ကူးပြောင်းနိုင်ရေးအတွက် နည်းလမ်းများကို အာရုံထားလျက် ရှိပါသည်။
ဤဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) သည် အမျိုးသားညီလာခံ တရားဝင် မပြီးဆုံးမီ ၂၀၀၇ ခုနှစ် သြဂုတ်လက ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ဝေခဲ့သော "အခြေခံမူများ"နှင့် အခြေခံအားဖြင့် မကွဲပြားလှပါ။
ဖွဲ့စည်းပုံ (မူကြမ်း) တွင် စစ်တပ်၏ အာဏာများအကြောင်းကို အသေးစိတ် အခန်းတခုဖွင့်၍ ထည့်သွင်းဖော်ပြထားပါသည်။ "တပ်မတော်" ဟု အမည်ပေးထားသော ထိုအခန်းသည် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေ သမိုင်းတွင် အသစ်ဖြစ်သည့် အခန်း တခုဖြစ်ပြီး အခန်း (၁) ရှိ "နိုင်ငံတော်အခြေခံမူများ" ဟူသည့်အောက်တွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်"ဟု စစ်တပ်၏ ရည်ရွယ်ချက်ကို အတိအလင်း ထည့်သွင်း ပြဌာန်းထားပါသည်။
အတိအကျဆိုရလျှင် "ပြည်သူ့လွှတ်တော်" ဟုခေါ်ဆိုသည့် အောက်လွှတ်တော်တွင် ကိုယ်စားလှယ် ၄၄၀ ဦးအနက် စစ်တပ် ကိုယ်စားလှယ် ၁၁၀ ဦး၊ "ပြည်ထောင်စုလွှတ်တော်" ဟု ခေါ်ဆိုသည့် အထက်လွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးတွင်၊ စစ်တပ်ကိုယ်စားလှယ် ၅၆ ဦးကို ကာကွယ်ရေးဦးစီးချုပ်ဆိုသူက စိတ်ကြိုက် ရွေးချယ်ထားသည့် စစ်တပ်အရာရှိများဖြင့် ခန့်အပ်တာဝန်ပေးမည် ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခွင့်အာဏာများသည်လည်း သမ္မတနှင့် ဒုတိယသမ္မတ နှစ်ဦး ရွေးချယ် တင်မြှောက် သည့် ကိစ္စများအထိ သြဇာသက်ရောက်နေပါသည်။ ထိုနေရာများအတွက် ကိုယ်စားလှယ်လောင်း များကို ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားသော တပ်မတော် အရာရှိများ၏ ကော်မတီမှ ရွေးချယ်သော ကိုယ်စားလှယ်များဖြင့် ရွေးချယ်တင်မြှောက်မည် ဖြစ်ပါသည်။ ထိုသို့ ရွေးချယ်ရာတွင် စစ်တပ်က ပြည်သူ့ လွှတ်တော်တွင်ရော၊ အမျိုးသားလွှတ်တော်တွင်ပါ သိသိသာသာ လွှမ်းမိုးမှု ရရှိပြီး ဖြစ်သည့်အလျောက် အစိုးရအဖွဲ့၏ ထိုရာထူးကြီး နှစ်နေရာတွင် အနည်းဆုံးတနေရာ ရရှိရန် သေချာနေပါ သည်။ အထူးသဖြင့် သမ္မတနေရာကိုပင် စစ်တပ်က တဦးဦးက ရယူနိုင်ရန် အသေအချာ စီမံထားသကဲ့သို့ ရှိနေပါ သည်။ ထိုမျှမက ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ဒု-သမ္မတနှင့် အဆင့်အတန်းတူသည်ဟု သတ်မှတ်ထားပါသေး သည်။
ထိုသို့ အစီအမံများဖြင့် စစ်တပ်က အစိုးရအပေါ် သိသိသာသာ အာဏာလွှမ်းမိုးထားရန် ကြံရွယ်နေချိန်တွင် ထို လွှမ်းမိုးမှု သည် မည်သည့်လမ်းကြောင်း နှစ်ခုစလုံးမှဖြစ်စေ လွတ်ထွက်မသွားစေရန်လည်း အာမခံချက်များ လုပ် ထားပါသေးသည်။ လွှတ်တော်သည် စစ်အသုံးစရိတ်အပါအ၀င် စစ်တပ်၏ အရေးအရာများကို ၀င်ရောက် စွက် ဖက် ဆွေးနွေးပိုင်ခွင့် ရှိမည် မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တွင် "တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိ သည်" ဟု ဖော်ပြထားပါသည်။
ဆွေးနွေးတိုင်ပင် လမ်းမမြင်
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဝေဖန်နေကြသူများက ၎င်းဥပဒေသည် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်မှုရအောင် ပြုထားခြင်း သာဖြစ်သည်ဟု ပြောဆိုနေကြချိန်တွင်၊ ဤဖွဲ့စည်းပုံ၌ လွှတ်တော်ကို အဆိပ်မရှိသည့် ဟန်ပြအဖွဲ့ အစည်း ဖြစ်အောင် ၎င်း၏ အဆင့်အတန်းကို လျော့ချထားပါသည်။ ဤလွှတ်တော် ကိုယ်စားလှယ်များသည်လည်း ၎င်းဖွဲ့စည်းပုံရေးဆွဲခဲ့ကြသည့် စစ်အစိုးရ စိတ်ကြိုက်ရွေးချယ်ထားသော အမျိုးသားညီလာခံ ကိုယ်စားလှယ်များထက် အာဏာပို၍မရှိနိုင်ဟု ဆိုကြပါသည်။
"လွှတ်တော်က ကာကွယ်ရေးဦးစီးချုပ် တင်သွင်းသမျှကို အတည်ပြုပေးရတဲ့ ရာဘာတံဆိပ်တုံးပဲ ဖြစ်လာမယ်။" အမေရိကန် နိုင်ငံ ၀ါရှင်တန် ဒီစီ အခြေစိုက် မြန်မာပြည်အရေး အမေရိကန်နိုင်ငံသားများ လှုပ်ရှားမှုအဖွဲ့ (US Campaign for Burma) မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်က ပြောပါသည်။ သူက "ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့။ နအဖ ဥပဒေနဲ့ ရွေးကောက်ပွဲကို လက်မခံ" ဟူသည့် မြန်မာပြည်သူများ ဆန့်ကျင်ကြရန် တပ်လှန့်ထားသော အိပ်ဖွင့်ပေးစာတွင် ဤသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
အချို့ကလည်း အုပ်ချုပ်သူဗိုလ်ချုပ်ကြီးများကို သူတို့လိုလားသည့် အာဏာကို လိုက်လျောပေးလိုက်ခြင်းဖြင့် ဖိနှိပ်မှုများကို ရဲရဲတင်းတင်း ဆက်လက်ကျုးလွန်စေလိမ့်မည်ဟုလည်း ဆိုကြပါသည်။
" အခုလောလောဆယ်တော့ သူတို့က ဘာတရားဝင်အာဏာမှ မရှိဘဲ တိုင်းပြည်ကို အုပ်ချုပ်နေတာလေ။ ဒါ တောင်မှ ပြည်သူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ရက်ရက်စက်စက် ဆက်ဆံကြသေးတာ။" မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု ခေါင်းဆောင် အရှင်ပညာဇောတက ပြောပါသည်။ " ဖွဲစည်းပုံကိုသာ တရား ၀င် အတည်ပြုလိုက်ရင်တော့ ပိုဆိုးတော့မှာပဲ" သူက မြွက်ကြားပါသည်။
သို့ရာတွင် အချို့က နောက်ထပ်ရွေးချယ်စရာ နည်းလမ်းမရှိဟု မြင်ကြသည်။ ဤဖွဲ့စည်းပုံကို လက်ခံပြီး အနာဂတ် ဒီမိုကရေစီ အပြောင်းအလဲအတွက် အခြေခံအဖြစ် အသုံးချခြင်းက ပိုကောင်းလိမ့်မည်ဟု သူတို့က ငြင်းချက်ထုတ် ကြသည်။ ဤသို့ ပြောဆိုနေသူများတွင် စစ်အစိုးရအလိုကျပြောဆိုနေသူများပါသလို၊ လက်တွေ့ကျကျ ရှုမြင်ချဉ်းကပ်သူ အချို့လည်းပါသည်။ သူတို့က ထောက်ပြကြရာတွင် စစ်အစိုးရကို အနှစ်နှစ်ဆယ်လုံးလုံး ဆန့်ကျင် တော်လှန်ခဲ့ကြသော်လည်း တိုးတက်မှုဟူ၍ အနည်းငယ်သာ ပြစရာရှိနေသည်ဟု သူတို့က ထောက်ပြပြောဆိုကြ သည်။
ဖွဲ့စည်းပုံကို လက်ခံရေးဖက်မှ ရပ်တည်ပြောဆိုသူများတွင် ကျယ်ကျယ်လောင်လောင် ပြောဆိုနေသူတဦးမှာ ဒေါက်တာ နေ၀င်းမောင် ဖြစ်ပြီး၊ ၂၀၀၆ခုနှစ်တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မြန်မာညီလာခံ တွင် ဖွဲစည်းခဲ့သည့် "တတိယအင်အားစု" ဟု ခေါ်ဆိုနေကြသောအဖွဲ့၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။ စစ် အစိုးရဖက်မှလည်းမဟုတ်၊ အတိုက် အခံဖက်မှလည်းမဟုတ်ဟု ဆိုကြသော ဤအဖွဲ့သည် စစ်အစိုးရနှင့် ပိုမို ဆက်ဆံမှုများ ပြုလုပ်ရန်နှင့် အရေးယူပိတ်ဆို့မှု များကို အဆုံးသတ်ရန် တိုက်တွန်းခဲ့ကြပါသည်။
ဧရာဝတီမဂ္ဂဇင်းက လက်ခံရရှိခဲ့သော သူ၏ အိပ်ဖွင့်ပေးစာတစောင်တွင် ဒေါက်တာနေ၀င်းမောင်က ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံကို ထောက်ခံသင့်ပြီး၊ ၂၀၁၀တွင်ကျင်းပမည့် ရွေးကောက်ပွဲကိုသာ အာရုံစိုက်သင့်ကြောင်း တိုက်တွန်းထား ပါသည်။ သို့မှသာ ပါတီ အဖျက်သိမ်းမခံရမည့်ဘေးမှ ကင်းဝေးစေရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်ဟုလည်း ဆိုပါသည်။
"ယခုအချိန်တွင် ပြည်သူတွေက လိမ်မာပါးနပ်သင့်ကြပေပြီ။ နောက်ထပ် ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်အတည်း တခု မဖန်တီးမိစေဖို့ အတွက် စိတ်ခံစားမှုများကို ဘေးဖယ်ထားဖို့လိုသည်" ဟု သူက ရေးခဲ့ သည်။ ဆန္ဒခံယူပွဲ၏ ရလာဒ် သည် မည်သို့ပင်ဖြစ်စေကာမူ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေကို နောင်တနေ့နေ့မှာ အတည်ပြုမှာ သေချာကြောင်းကိုလည်း ထပ်လောင်းပြောရင်း သူက ရေးသားခဲ့သေးသည်။
ထိုစာကို တုံ့ပြန်သောအနေဖြင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာအရေးလေ့လာနေသူ ဦးအောင်နိုင်ဦးကလည်း ယခု အချိန်သည် ပိုမို အမျှော်အမြင်ကြီးသည့် ချဉ်းကပ်မှုမျိုး လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်း သဘောတူခဲ့ပါ သည်။ "ကျနော်တို့ အတိတ်မှာ နေထိုင်ခဲ့တာကို ရပ်ရတော့မယ်။ အဲဒါက အကျပ်အတည်းတွေ၊ ပဋိပက္ခတွေကိုပဲ ရှည်ကြာစေတယ်" ဟု သူက ပြောခဲ့သည်။
သို့ရာတွင် အချို့ကမူ စစ်အစိုးရက နိုင်ငံကို ကောင်းမွန်လာအောင် လုပ်ပေးမည် ဆိုသည်ကို ယုံကြည်နေသည်မှာ အလွန် နုံအရာ ရောက်သည်ဟု ဆိုကြသည်။
" စစ်အစိုးရက ၀ိုင်အရက်ဟောင်းကို ပုလင်းအသစ်ထဲ ထည့်ချင်တာပါ " ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရေး အကဲဖြတ်သူ ဦးဝင်းမင်းက ပြောပါသည်။ "တကယ်လို့ စစ်အစိုးရက အတိုက်အခံကို ဥပဒေကို အတည်ပြုစေချင်ရင် အမျိုးသားပြန်လည် သင့်မြတ် ရေးအတွက် စေ့စပ်ဆွေးနွေးသင့်တာပေါ့" ကိုဝင်းမင်းက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော အချို့အပိုဒ်များသည် လက်ခံနိုင်ရန် အလွန်ခက်ခဲပြီး၊ အနာဂတ်အပြောင်း အလဲ လုပ်ဆောင်ရန်အတွက်လည်း စနစ်တကျပိတ်ဆို့ထားသည် ဟု ဦးဝင်းမင်းက ထောက်ပြပါသည်။
" ဖွဲ့စည်းပုံကို ကျနော်တို့ ပြန်မပြင်ဆင်နိုင်ဘူးဆိုရင် မြန်မာပြည်ရဲ့ ဒီမိုကရေစီထွန်းကားမှုဖြစ်စဉ်က ပေါ်ပေါက် လာနိုင်မှာ မဟုတ်တော့ဘူး" ဟု သူကဆိုသည်။
အခန်း ၁၂ ပုဒ်မ ၄(ခ) တွင်ဖော်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြရမည်ဟု ပါရှိသည်။ ထို့နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မပြုလုပ်ခင် ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်အားလုံး ၏ ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူထောက်ခံရန်လိုအပ်ပါသည်။ ပြင်ဆင်မှုတရားဝင် ဖြစ်မလာခင် ဆန္ဒမဲ ပေးပိုင်ခွင့်သူများ၏ ၅၀% ကျော်က ထောက်ခံရပါမည်။
စစ်တပ်ကိုယ်စားလှယ်များက လွှတ်တော်၏ ၂၅% နေရာ ရယူထားသောအခါ ကာကွယ်ရေးဦးစီးချုပ် သဘော မတူသော မည်သည့် ပြင်ဆင်ချက်မျိုးမဆို ဆက်သွားနိုင်ရန် လုံးဝ မဖြစ်နိုင်သလောက် ရှိနေပါသည်။ ထိုမျှမက စစ်တပ်သို့ အပ်နှင်း ထားသော အာဏာများနှင့် ပတ်သက်နေသည့် အခန်းများ၌လည်း "တပ်မတော်သည် နိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်" ဟု ဆိုထားပြန်သည်။ အကယ်၍ စစ်တပ်က ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်လာဖွယ်ရှိပါက ဤပြဌာန်းချက်အပိုဒ်ကို သုံး၍ အချိန် တိုင်း၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို ပိတ်ဆို့ တားဆီးထားဖွယ် ရှိနေပါသေးသည်။
ယခုအဆင့်တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီ နည်းလမ်းကျစေရန် မည်သို့ ပြင်ဆင်နိုင်မည်ဟု ဆွေးနွေး ငြင်းခုံ နေကြခြင်းမှာ အလွန် ပညာရှင်ဆန်လွန်းနေပါသည်။ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားသူများအမြင် အရလည်း မဆီ လျော်ဖြစ်နေပါသည်။
"တချို့ ပညာရှင်ဆိုသူတွေက ဖွဲ့စည်းပုံကို ထောက်ခံလိုက်တာဟာ၊ ဘာမှမရှိတာနဲ့စာရင် တော်သေးတယ်လို့ ထင်နေကြ တယ်။ ဒါပေမယ့် ပြည်သူတွေကဒီလိုမယူဆကြပါဘူး" ပြည်ပရောက်အတိုက်အခံများ၏ ဦးဆောင်အဖွဲ့အစည်းတခုဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ အတွင်းရေးမှူးတဦးဖြစ်သူ ဦးအောင်မိုးဇော်က ပြောပါသည်။ "ပြည်သူတွေက အနာဂတ်အတွက် ရေရှည်အာမခံချက်ကို လိုချင်ကြတာ။ တကယ့် ဒီမိုကရေစီနဲ့ လွတ်လပ်မှုကိုပဲ လိုချင်ကြတယ်။" သူက ပြောပါသည်။
"တကယ်လို့ NLD က ဒီမတရားတဲ့ ဖွဲ့စည်းပုံကို ထောက်ခံရင်တောင်မှ မြန်မာပြည်သူတွေက ကန့်ကွက်မှာပဲ။ ပြည်သူ တွေက ကိုယ့်နည်းလမ်းနဲ့ကိုယ်လုပ်ကြမှာပါ" ဟု သူက ထပ်ပြောပါသည်။
အတိုက်အခမျာံးက ဤဖွဲ့စည်းပုံကို ပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များအဖြစ်သို့ ပြောင်းလဲယူနိုင်မည် လားဟူသည့် မေးခွန်းကို အသာထားဦး၊ အရပ်သားပြည်သူများအဖို့ ယခုကဲ့သို့ စစ်တပ်ကလွှမ်းမိုးထားသော လွှတ်တော်တွင် မည်သို့မည်ပုံ လုပ်ကိုင် ဆောင်ရွက်ရမည်မှာပင် မရှင်းလင်းလှပါ။ လွှတ်တော်အတွင်း အတိုက် အခံပါတီတခု၏ သာမန်လုပ်ငန်းစဉ်များ သည်ပင်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဆန့်ကျင်သည်ဟု ကောက်ယူကာ၊ ပြင်းထန်သော ကန့်သတ်ချုပ်ချယ် မှုများ ကြုံရနိုင်ပေသည်။
အတိုက်အခံတို့၏ နောက်ထပ်စိုးရိမ်ပူပန်မှုတရပ်မှာ ဤဖွဲ့စည်းပုံတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံ၏ ခေါင်းဆောင် နေရာ ရယူပိုင်ခွင့်ကို တားမြစ်ထားခြင်း ဖြစ်သည်။ သွားလေသူ ဗြိတိသျှ ပညာရှင် မိုက်ကယ်အဲရစ် ၏ ဇနီး၊ ဗြိတိန်နိုင်ငံသား များဖြစ်ကြသည့် သားနှစ်ယောက်၏ မိခင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံမူကြမ်းအရ မြန်မာနိုင်ငံကို ခေါင်းဆောင် ခွင့်မရှိပါ။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည်မှာ "သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိတရားဝင် သားသမီး တဦးဦးသော်လည်းကောင်း … နိုင်ငံခြားအစိုးထံ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့မဟုတ် တိုင်းတပါး၌ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပါရှိသည်။
တိုင်းရင်းသား အတိုက်အခံအဖွဲ့အစည်းများကလည်း စိုးရိမ်ပူပန်မှုများ ရှိနေပါသည်။ မိမိဘာသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာကို အလွန်အမင်းတင်းကျပ်ထားမှုများ ရှိနေသည်ဟု ဆိုကြပါသည်။ (US Campaign for Burma) မှ ဦးအောင်ဒင်၏ အဆိုအရ တိုင်းရင်းသားတို့၏ ပြည်နယ်များတွင်လည်း စစ်တပ်မှ ခန့်အပ်ထားသော ကိုယ်စား လှယ်များက ခေါင်းဆောင် နေရာများ၏၂၅% ကို ရယူထားပါဦးမည်။
"တိုင်းရင်းသားများရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး မျှော်လင့်ချက်ဟာ ဒီမှာတင် ပျက်ပြယ်သွားပါပြီ။ ပြည်နယ် တွေရဲ့ အရေးကိစ္စကို တပ်မတော် အရာရှိများက ၀င်ရောက်ချယ်လှယ်နေကြမှာပါ" ဦးအောင်ဒင်က ပြောပါသည်။ " ဒီလိုနဲ့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးစုများတောင်းဆိုနေကြတဲ့ ဖက်ဒရယ်မူ၊ တန်းတူ ညီမျှရေးနဲ့ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်များကို ငြင်းပယ်ထား" ထားသည်ဟု ဆိုပါသည်။
ကမ္ဘာ့အယူအဆများလည်း နှစ်ခြမ်းကွဲ
၎င်းဖွဲ့စည်းပုံ၏ ကောင်းကျိုး ဆိုးပြစ်များကို မြန်မာတို့ ဆွေးနွေးငြင်းခုံနေကြသကဲ့သို့ပင်၊ နိုင်ငံတကာ အသိုက် အ၀န်း ကလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအတွက် စစ်အစိုးရ၏ နောက်ဆုံး အားထုတ်ကြိုးပမ်းမှု အပေါ်တွင် မူဝါဒများ ချမှတ်ရန် ကွဲပြားလျက် ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများက ဤဖွဲ့စည်းပုံဆန္ဒခံယူပွဲကို တိုး တက်မှုတခုအဖြစ် ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံမှုပေးနေစဉ်၊ အနောက်နိုင်ငံများရှိ ဝေဖန်သူများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကမူ ကန့်ကွက် ပယ်ချလျက်ရှိနေပါသည်။
"ဘယ်လိုပဲဖြစ်ဖြစ် တနေရာရာကတော့ စရမယ်လေ။ အခုတော့ ထင်ရှားတိကျတဲ့ အစပျိုးမှု တခု ဖြစ်နေပါပြီ။" အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌဖြစ်သူ ဆူရင် ပစ်ဆူဝမ်က ဆန္ဒခံယူပွဲအကြောင်း ကြေ ညာပြီးပြီးချင်းတွင် ပြောခဲ့ပါသည်။ "ဒါက လမ်းကြောင်းမှန်ပေါ်က တိုးတက်မှု တခုပဲလို့ ကျနော်ထင်တယ်။" ဟု ဆက်ပြောပါသည်။
စစ်အစိုးရနှင့် ဒီမိုကရေစီအတိုက်အခံကြား စေ့စပ်ညှိနှိုင်းရန် အားထုတ်ခဲ့သူ ကုလသမဂ္ဂက မှတ်ချက်ပေးရာတွင် ပို၍ ထိန်းထိန်းသိမ်းသိမ်း ရှိပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ထုတ်ပြန် ကြေညာ ချက်တခုတွင် မြန်မာစစ်အစိုးရကို ဤသို့ တိုက်တွန်းခဲ့ပါသည်။ "ဖွဲ့စည်းပုံမူကြမ်းသည် မြန်မာပြည်သူများ အားလုံး ၏ အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုဖော်ပြနိုင်ရေးအတွက်၊ ဖွဲ့စည်းပုံရေးဆွဲရေး လုပ်ငန်းစဉ်တွင် အင် အားစု အားလုံးပါဝင်နိုင်မှု၊ လူတိုင်းပါဝင်နိုင်ခွင့်နှင့် ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့လိုအပ်မည်။" ဟု ဖော်ပြထား ခဲ့ပါသည်။
ရှေးမဆွ ကာလကြာမြင့်စွာကပင် မြန်မာစစ်အစိုးရကို အကျယ်လောင်ဆုံး ဝေဖန်ပြောဆိုနေခဲ့သူ အမေရိကန်နိုင်ငံ ကမူ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော ဒီမိုကရေစီအခွင့်အရေး ဖိနှိပ်မှုများကို ထောက်ပြရင်း၊ ဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်းစဉ်၏ အားနည်းချက်များကို ပိုမိုပြတ်ပြတ်သားသား ထောက်ပြ ပြောဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သော ရှောင် မက္ကောမက် (Sean McCormack) က စစ်အစိုးရက ဆန္ဒခံယူပွဲကျင်းပမည်ဟု ကြေညာအပြီးတွင်၊ ဖော်ပြခဲ့သော ထုတ်ပြန်ချက်၌ "အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်နေရမှု လွှမ်းမိုးဖိစီးထားတဲ့ အခြေအနေမှာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တနိုင်ငံလုံး ကို အကျယ်ချုပ် ခံထားနေရ၊ ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရာမှာလည်း မြန်မာပြည်သူတွေက ပါဝင်နိုင်ခွင့်မရှိ၊ ဆွေးနွေး ခွင့်တောင်မရ၊ ဒီလိုဖြစ် နေရတဲ့ အခြေအနေမှာ ကျင်းပတဲ့ ဆန္ဒခံယူပွဲဆိုတာ လွတ်လပ် တရားမျှတပြီး ယုံကြည် နိုင်ဖွယ် မဟုတ်ဘူး။" ဟု ဆိုခဲ့သည်။
စစ်အစိုးရသည် ဆန္ဒခံယူပွဲကို စီမံချုပ်ကိုင်လိုသည့် သဘောရှိသည်ဟူသော သံသယကို ခိုင်မာသွားစေသော လုပ်ရပ်တခု အနေဖြင့် ဖေဖေါ်ဝါရီလကုန်ပိုင်းလောက်တွင် ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆန္ဒခံယူပွဲကို ဆန့်ကျင် လျှင် ပြင်းထန်သော ပြစ်ဒဏ်ချနိုင်သည့် ဥပဒေတခုကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါ သည်။ ယခုဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုမည့် ဆန္ဒခံယူပွဲ ဥပဒေအရ ဆန္ဒခံယူပွဲကို လူသိရှင်ကြား ဝေဖန်သူ မည်သူမဆိုကို ဒဏ်ငွေနှင့် ထောင်ဒဏ် သုံးနှစ်ကို ချမှတ်နိုင်ပါသည်။
ရန်ကုန်မြို့ရှိ ရှေ့နေတဦးဖြစ်သော ဦးသိန်းညွန့်က ယခု ဥပဒေသည် ၁၉၇၃ ဆန္ဒခံယူပွဲမတိုင်မီ ပြဌာန်းခဲ့သော အလားတူ ဥပဒေထက် ပိုမိုပြင်းထန်သည်ဟု မှတ်ချက်ချပါသည်။ "အရင်ဥပဒေတုန်းကတော့ ဆန္ဒခံယူပွဲ ဆန့်ကျင်သူကို ထောင်ဒဏ် တနှစ်အထိ ချမယ်လို့ ပါတယ်။ အခုတော့ လက်ရှိဥပဒေအရ ပြည်သူတွေဟာ ထောင်ဒဏ်သုံးနှစ်အထိ ကျခံရနိုင်တယ်" ဟု ထောက်ပြခဲ့ပါသည်။
နောက်ဆုံး အားပြိုင်ပွဲလေလော
ပိုမို ပြင်းထန်စွာ ဖိနှိပ်လာမှုများနှင့် ရောထွေးနေသော နိုင်ငံတကာ တုံ့ပြန်မှုများ၏ နောက်ခံအခြေအနေတွင် နိုင်ငံရေး လှုပ်ရှားသူအများအပြားက တကယ့်လူထုဆန္ဒခံယူပွဲသည် မဲရုံများတွင်မဟုတ်ဘဲ၊ လမ်းမများပေါ်တွင် ဖြစ်ကြ လိမ့်မည်ဟု သံသယရှိနေကြပါသည်။
"ဒါကို ကျွန်တော်တို့က နောက်ဆုံးတိုက်ပွဲလို့ မမြင်ပါဘူး။ ဒါပေမယ့် အဲဒါက အဲဒီအဆင့်ကိုတော့ ရောက်သွား လိမ့်မယ်။" စစ်တပ်အုပ်ချုပ်ရေးအောက်တွင် နောက်ဆုံးရေးဆွဲခဲ့သော ယခင်ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ၁၉၈၈ လူထုလှုပ်ရှား မှုများ၏ ဖိအားပေးမှုအောက်တွင် ပျက်သုဉ်းသွားခဲ့ရသည်ဟု ကိုထွန်းမြင့်အောင်က မှတ်ချက်ချ ပြောဆိုပါသည်။
မြန်မာနိုင်ငံတွင်း၌ လူထုမကျေနပ်မှုများက ကြီးထွားလာနေသည်။ သာဓကတခုအဖြစ် ရန်ကုန်မြို့၏ထင်ရှားသော တန်ခိုးကြီး ရွှေတိဂုံဘုရားကုန်းတော်ပေါ်တွင် မတ်လကုန်ခန့်က အသက်၂၆ နှစ်အရွယ်ရှိ အမျိုးသား တဦးက ကိုယ့်ကိုယ်ကို မီးရှို့မှု ဖြစ်ပွားခဲ့ပါသည်။ ဘာသာရေးအရ အထွဋ်အမြတ်ထားသည့် နေရာတခုဖြစ်သော ရွှေတိဂုံရင်ပြင်သည် နိုင်ငံရေးအရ ဆန့်ကျင်မှုများ၏ ဆုံရပ်တခု မကြာခဏ ဖြစ်ခဲ့ဖူးပါသည်။ သတင်းများအရ ၎င်း မိမိကိုယ်ကို မီးရှို့သူသည် စီးပွားရေး ကျပ်တည်းမှုများနှင့် နိုင်ငံရေးအရ မကျေနပ်မှုများကြောင့် ဤသို့ လုပ်ဆောင်ခဲ့သည်ဟု ဆိုနေကြပါသည်။
မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူများက ယမန်နှစ်က လောင်စာဆီဈေး အဆမတန် မြှင့်တင်ချိန်မှ အစပြု၍ အစပြု ဖြစ်ပေါ်လာခဲ့သော ဆန္ဒပြပွဲများ ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင်၊ အခြေအနေက တိုး၍ ဆိုးဝါးကျဆင်း လာနေသည်ဟု ဆိုပါသည်။ စစ်အစိုးရက သံဃာတော်များဦးဆောင်သည့် စက်တင်ဘာဆန္ဒပြပွဲများကို နှိမ်နင်း ထိန်းကွပ်နိုင်ခဲ့သော်လည်း၊ စီးပွားရေးအကျပ်အတည်းများကြောင့် ဖြစ်ပေါ်လာမည့် မငြိမ်မသက်မှုများ ဆက်၍ ဖြစ်လာနိုင်သေးသည်ဟု ခန့်မှန်းနေကြ ပါသည်။ လူကြိုက်မများလှသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု နိုင်ရန် အတင်းအကျပ် စစ်အစိုးရက ကြိုးပမ်းလာ ပါက ဤဆန္ဒပြပွဲများက နိုင်ငံရေးလက္ခဏာဆောင်သည့် ပွဲများ လည်း ဖြစ်လာနိုင်ပါသေးသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်မှု မပေးနိုင်ခြင်းနှင့်၊ စစ်အစိုးရ၏ ရက်စက်စွာ နှိမ်နင်းမှုများအပေါ် နိုင်ငံ တကာက တုံ့ပြန်ဖိအားပေးလာမှုများကို စိတ်ပျက်နေခြင်းမှသည် လူထုအင်အားသည်သာ နောက်ဆုံးကျန်သော နည်းလမ်း တခုဖြစ်သည်ဟု လူအများက ကောက်ချက်ဆွဲလာကြသည်။
"လက်ထဲမှာဆုပ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျှောက် စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့ သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး။" မြန်မာနိုင်ငံမှ ၀ါရင့် သတင်းစာဆရာကြီး လူထု စိန်ဝင်းက မတ်လက အသံလွှင့် ပြောကြားခဲ့ပါသည်။ "နောက်ပြီးတော့ ကုလသမဂ္ဂကကယ်တင်လို့ လွတ်မြောက် သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ် မှာ တနိုင်ငံမှ မရှိခဲ့ဖူးပါဘူး။ ဒိုင်ယာလော့တို့ လုံခြုံရေးကောင်စီတို့ ဆိုတာနဲ့ စိတ် ကူးယဉ်ပြီး အချိန်တွေ ဖြုန်းမနေကြပါနဲ့။" အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်း စာ ဆရာကြီးက ပြောလိုက်ပါသည်။ "ဒီအာဏာရှင် စနစ်ဆိုးကို force out လုပ်နိုင်တဲ့ (တိုက်ထုတ်နိုင်တဲ့) အာဏာ ကျွန်တော်တို့မှာ လက်ထဲမှာ အသင့် ရှိနေပါတယ်။ အဲဒီ force (အင်အား) က ပြည်သူဆိုတဲ့ အင်အားပဲ ဖြစ်တယ်။" သူက တိုက်တွန်းခဲ့သည်။
စစ်တပ်အုပ်ချုပ်ရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ဖြင့် တရားဝင်စေ၍ ဂုဏ်တင်နိုင်မည် ဆိုသည်က မသေချာ လှပါ။ သို့သော်လည်း လူထု၏ ထင်မြင်ချက်များကို ကျွမ်းကျင်ပါးနပ်စွာ အသုံးချ၍ ဤဖွဲ့စည်းပုံ အတည်ပြုရေး အောင်ပွဲခံမည်-မခံမည်၊ သို့မဟုတ် ပို၍ ဆိုးသည့် ဆိုးကျိုးရလဒ်များက သက်သေအဖြစ် ထွက်ပေါ်လာမည် ဆိုသည်ကို စောင့်ကြည့်ရန် ပို၍ အရေးကြီးနေပါသည်။
နောက်ဆုံးတွင် စစ်အစိုးရသည် လူထုအများ၏ ဆန္ဒကို ချုပ်ကိုင်နိုင်ရန် အားထုတ်ကြိုးပမ်းရင်း၊ နိုင်ငံရေး မီး မုန်တိုင်းတခုကို ကိုယ်တိုင် ရှို့ပေးမိလျက်သား ဖြစ်နေသည်ကိုလည်း တွေ့မြင်ရနိုင်ပါသည်။
ကျော်စွာမိုးရေးသားသည့် Constitutional Conundrum ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top] |