အတာရေလည်း မအေးနိုင်ပြီ
ကိုသက် | ဧပြီ ၁၊ ၂၀၀၈

“တန်ခူးလရောက်တိုင်း မြန်မာလူမျိုးတို့အထူးပျော်ရွှင်ကြ၏” ဆိုသည့်စကားကို ရှေးမြန်မာတို့က လက်ခံကြမည်ဖြစ်သော်လည်း ခေတ်သစ်မြန်မာပြည်သားတို့ကမူ အပြည့်အ၀ လက်ခံမည်မဟုတ်၊ မေးခွန်းပြန်ထုတ်ကြမည်ပင်။

ယနေ့လူငယ်များဖြတ်သန်းနေကြသည့် ခေတ်သစ်အတာသင်္ကြန်တွင် သူများပျော်လို့မပျော်နိုင်သူ တနှစ်ထက်တနှစ် ပိုပိုများလာကြသည်။ ရှေးလူတို့က တူးပို့သံမကြားလျှင် သင်္ကြန်မမည်ဟု ဆိုကြသည်။ ယခုခေတ်လူငယ်များအတွက် ငွေမရှိ သဖြင့် သင်္ကြန်မကျနိုင်ခြင်း ကလည်း အဆန်းမဟုတ်တော့သလိုပင်။

ရန်ကုန်ရှိ လူငယ်ကဗျာဆရာတဦးက သင်္ကြန်ရောက်တိုင်း တရားရိပ်သာ
ဝင်သည်မှာ ၂ နှစ်ရှိပြီဟု ဆိုသည်။ ယခုနှစ်တွင်လည်း ရိပ်သာဝင်ဦးမည်ဟု သူကပြောသည်။

အလားတူပင် ရန်ကုန်ရှိ ကားဝယ်ရောင်းလုပ်သည့် လူငယ်တဦးကလည်း “ဒီနှစ်တော့ အိမ်ကကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမှာပဲ တရားသွားထိုင်တော့မယ်။ အရောင်းအ၀ယ်တွေက မဖြစ်တဲ့အခါကျတော့ အရင်လို မသုံးနိုင်တော့ဘူးလေ” ဟု ပြောသည်။ ၎င်းလူငယ်သည် ၂၀၀၇ ခုနှစ်သင်္ကြန်တွင် ငွေကျပ်တသိန်းကျော် အကုန်ခံကာ နှစ်သစ်ကိုကြိုဆိုခဲ့သူ ဖြစ်သည်။

အဆိုပါ ကဗျာဆရာနှင့် စီးပွားရေးသမား လူငယ် ၂ ဦး၏ဘ၀များသည် မတူညီကြသော်လည်း တူညီမှုတခုမှာ ငွေကြေးမတတ်နိုင်သောကြောင့် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ကျောခိုင်းမည့်သူများ ဖြစ်ကြသည်။ အလားတူအဖြစ်မျိုးနှင့် ကြုံတွေ့နေရသည့် လူငယ်များ ယခုခေတ်တွင် များစွာရှိပေသည်။

ရန်ကုန်သင်္ကြန်တွင် ရေကစားမည်ဆိုလျှင် လူတဦးအတွက် ရေပက်မဏ္ဍပ်ကြေးမှာ တရက်လျှင် ကျပ်ငွေတသောင်းခွဲဖြစ်ပြီး သင်္ကြန် ၄ ရက်စလုံး ရေကစားပါက ကျပ်ငါးသောင်းဖြစ်သည်ဟု လွန်ခဲ့သည့်နှစ်က အင်းယားလမ်းတွင်မဏ္ဍပ်ထိုးခဲ့သူ တဦးကဧရာဝတီကို ပြောသည်။

“ရေပက်မဏ္ဍပ်က နေ့လယ်စာကျွေးတယ် … ဘီယာ၊ အရက် တိုက်တယ်။ တချို့မဏ္ဍပ်တွေဆိုရင် အပို့ အကြိုကိုပါ
တာဝန်ယူပေးတယ်” ဟု ၎င်းက ပြောသည်။

ရေပက်မဏ္ဍပ်တခု၏ အထွေထွေကုန်ကျစရိတ်သည် ကျပ်သိန်း ၁၅၀ ခန့်ဖြစ်ပြီး မဏ္ဍပ်ထိုးခွင့်ပါမစ်ရရန် ဒေသခံ အာဏာပိုင်ကို ကျပ် ၅ သိန်းလာတ်ထိုးရပြီး မဏ္ဍပ်နေရာငှားခမှာလည်း ကျပ် ၅ သိန်း ဖြစ်သည်။

“မဏ္ဍပ်ထိုးခက သိန်း ၃၀ လောက်ရှိတယ်။ ရေစက်ငှားခက ၁၀ သိန်း၊ မီးနဲ့ DJ က ၁၀ သိန်း၊ ရေက အင်းယားရေကို Free သုံးတာ … ဒါပေမယ့် ရေပိုက်ဖြတ်သွားတဲ့ အိမ်တွေကို ရေစက်တလုံးကို တသိန်း ပေးရတယ်” ဟု မဏ္ဍပ်တခု၏ အထွေထွေစရိတ်ကို အင်းယားလမ်း၌ မဏ္ဍပ်ထိုးခဲ့သူက ရှင်းပြသည်။

အင်းယားလမ်းကဲ့သို့ သင်္ကြန်မဏ္ဍပ်အများအပြားဖြင့် စည်ကားသည့်နေရာမျိုးတွင် မဏ္ဍပ်ထိုးခွင့် ပါမစ်ကို နအဖ အရာရှိကြီးများ၏ သား၊ သမီးများသာ အများစုရရှိပြီး ၎င်းတို့က မဏ္ဍပ်ထိုးလိုသူများကို ပါမစ်ပြန်ရောင်းသည်။

“ကျနော်မဏ္ဍပ်ထိုးတာကို စိတ်ကုန်သွားပြီ … ဒါပေမယ့်သူငယ်ချင်းတွေအတွက်တော့ ဒီနှစ်လဲကူပေးနေရတယ်။ ဒီနှစ်က တိုင်းမှူးခွင့်ပြုမှ ပါမစ်ရမယ်တဲ့ … အရင်နှစ်တွေက မတ်လ ဒုတိယပတ်မှာ ပါမစ်တင်ရတာ ဒီအချိန်ဆို ကျနေပြီ။ သူများအိမ်ရှေ့မှာ မဏ္ဍပ်ထိုးချင်ရင်တော့ အိမ်ရှင်ကို ၅ သိန်းပးရတယ်” ရေပက်မဏ္ဍပ်ထိုးခဲ့ဖူးသူက ဆက်ပြောသည်။

ရန်ကုန်ရှိ လူငယ်တဦးကလည်း “မဏ္ဍပ်တခုမှာ ရေကစားတဲ့လူ အနည်းဆုံး တရာကျော်တယ် … မဏ္ဍပ်ကြီးရင် နှစ်ရာ၊ သုံးရာအထိရှိတယ်။ ၅ နှစ်၊ ၆ နှစ်လောက် နှစ်စဉ် ထိုးနေကြမဏ္ဍပ်တွေဆိုရင် အမြတ်ကျန်တယ် … မဏ္ဍပ်နေရာ ပေါ်မှာလည်း မူတည်တယ်” ဟု ပြောသည်။

သင်္ကြန်တွင် ကားဖြင့်ရေပက်ခံထွက်သည့်စားရိတ်သည်လည်း မဏ္ဍပ်တွင်ရေကစားသကဲ့သို့ပင် ငွေကုန်ကြေးကျ များပေသည်။

“မနှစ်က စက်မှုဇုန်ဂျစ်ကားငှားတာ တရက်ကိုတသိန်းပေးရတယ်၊ သူငယ်ချင်း ဆယ်ယောက်ကျော်လောက် စုငှားတာ … ဒါတောင် ဓာတ်ဆီဖိုးနဲ့ စားစရိတ် မပါသေးဘူး။ Sunny Pickup လေးတွေကျတော့ တရက်ကို တသိန်း သုံးသောင်းလောက်ပေးရတာ၊ လူလဲ ၇ ယောက် ၈ ယောက်ပဲဆန့်တာ” ဟု ယမန်နှစ်က ကားဖြင့် ရေပက်ခံသူက ပြောသည်။

“သင်္ကြန်ဆိုတာ လူအများစုစားဝတ်နေရေးအဆင်ပြေနေကြရင် တော်တော်ပျော်ရမယ့်ပွဲတော်မျိုးပါ။ လောလောဆယ်တော့ ပျော်စရာထက် စားစရာက ပိုပြီးလိုအပ်နေတယ်လေ။ တိုင်းပြည်အေးချမ်းပြီး အဆင်ပြေကြတဲ့နေ့ရောက်ရင်တော့ ကိုယ့်မိသားစု၊ ကိုယ့်အပေါင်းအသင်းတွေနဲ့အတူ ရေကစားချင်ပါတယ်” ဟု လူငယ်ကဗျာဆရာက ပြောသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!