#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

လေဘေးသင့် ဒုက္ခသည်များကို အမြန်ဆုံးကူညီရန် ပြည်ပရောက် မြန်မာများ နှိုးဆော်
ဧရာဝတီ | မေ ၁၅၊ ၂၀၀၈

ပြည်ပရောက် မြန်မာအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးက မြစ်ဝကျွန်းပေါ်ဒေသရှိ လေဘေး ဒုက္ခသည်များကို အမြန်ဆုံး ကယ်ဆယ်ခြင်း ပြုရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်များ ဖြစ်ကြသော အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံတို့အား တောင်းဆိုလိုက်သည်။

မြန်မာစစ်အစိုးရက ကုလသမဂ္ဂ ကူညီရေး အဖွဲ့များကို လက်ခံသည့်တိုင်အောင် ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ယခုကဲ့သို့ အတိုက်အခံ အဖွဲ့အစည်းများက ထပ်မံ တောင်းဆို လိုက်ရခြင်း ဖြစ်သည်။

“အခုအချိန်က အလုပ်လုပ်ရမယ့်အချိန်ပါ။ ခင်ဗျားတို့မှာ ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ အဆင်သင့်ရှိတယ်။ မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်တဲ့ အလုပ် ရပ်လိုက် ပါတော့။ ချက်ချင်း အကူအညီတွေ ပို့လွှတ်ပေးကြပါ” ဟု အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (USCB) ၏ ဒါရိုက်တာ ဦးအောင်ဒင်က အမေရိကန်နိုင်ငံ့ ခေါင်းဆောင်များသို့ လိပ်မူပေးပို့သည့် စာတွင် ရေးသားထားသည်။

အလားတူ အခြားသော အဓိက မြန်မာအတိုက်အခံအဖွဲ့အစည်း တခုဖြစ်သည့် အင်္ဂလန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (UKCB) သည်လည်း လာမည့် စနေနေ့တွင် အမေရိကန်သံရုံး၊ ပြင်သစ်သံရုံးနှင့် အင်္ဂလန်နိုင်ငံခြားရေးရုံးများ ရှေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း နှိုးဆော်ထားသည်။

UKCB ၏ ဒါရိုက်တာ မာ့ခ်ဖာမနာကလည်း “ကျနော်တို့ အဖြစ်မှန်ကို ရင်ဆိုင်မှဖြစ်မယ်။ ခုလို အချိန်ဆွဲနေရင် တနေ့ထက် တနေ့ လူတွေရဲ့ အသက်တွေ ဆုံးရှုံးကုန်တော့မယ်။ အင်္ဂလန်၊ အမေရိကန်နဲ့ ပြင်သစ် နိုင်ငံရဲ့ ကယ်ဆယ်ရေး သင်္ဘော တွေက ပင်လယ်ဝထိ ရောက်နေပြီ။ အစာငတ်၊ ဆေးမရှိလို့ ဘယ်လောက်မှ မဝေးတော့တဲ့ နေရာက ထောင်ပေါင်းများ စွာသော လူတွေ သေကုန်တာကို ဒီတိုင်းထိုင်ကြည့်နေတော့ မှာလား” ဟု ပြောသည်။

ပြည်ပရောက် မြန်မာအတိုက်အခံ အဖွဲ့အစည်း အသီးသီးက တောင်းဆိုစာများကို အမေရိကန်၊ နှင့် ပြင်သစ်နိုင်ငံ သမ္မတ များနှင့် အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ်ထံသို့ ပေးပို့ နေချိန်တွင် ယနေ့မှစ၍ သုံးရက်တိုင်တိုင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် သံဃာအဖွဲ့တဖွဲ့က ဒုက္ခသည်များ အတွက် အစာငတ်ခံ ဆန္ဒပြမည်ဖြစ်သည်။

ယမန်နေ့ကလည်း မြန်မာပြည်မှ သံဃာများကို ကိုယ်စားပြုသည့် သံဃာတပါးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အထွေထွေ အတွင်းရေးမှူးကို မြန်မာနိုင်ငံသို့ အမြန်ဆုံး သွားရောက်ကူညီပါရန် မေတ္တာရပ်ခံ ရေးသားထားသည့် စာများကို အမေရိကန် နိုင်ငံတွင် ဖြန့်ဝေလျှက်ရှိကြောင်း သိရသည်။

“ကျုပ်တို့ နိုင်ငံသားတွေ ငတ်နေတဲ့အချိန်မှာ ကျုပ်တို့လည်း မစားတော့ဘူး။ UN က လူတွေငတ်နေတာကို ထိုင်ကြည့်နေ တယ်။ ကမ္ဘာကြီးတခုလုံးက ဘယ်လိုကူရမလဲ လို့ စောင့်နေတဲ့ အချိန်မှာ စစ်အစိုးရကတော့ လှူတဲ့ပစ္စည်းတွေကို ခိုးနေ တယ်” ဟု ကိုလံဘီယာ တက္ကသိုလ်သို့ ဧည့်ပါမောက္ခအဖြစ် ရောက်ရှိနေသူ မြန်မာဘုန်းတော်ကြီး တပါးက ပြောသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.