#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မန္တလေးရှိ အထင်ကရ ဆရာတော်ကြီးများ လေဘေး အလှူအတွက် ဦးစီး
အေးလဲ့ | မေ ၁၅၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် လေဘေးသင့်ပြည်သူများအတွက် မန္တလေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် အထင်ကရ နာမည်ကြီး ဆရာတော်များက အထူးတရားပွဲများကျင်းပ ဟောကြား၍ အလှူခံ လှူဒါန်းကြောင်း သိရှိရသည်။

မေလ ၁၁ရက်နေ့နှင့် ၁၂ ရက်နေ့ က မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာ အရှင်ကောဝိဒ ဦးဆောင် ဟောကြားသည့် လေဘေးသင့်သူများ ကူညီရေးဓမ္မသဘင် ကို ဖိတ်ကြားလွှာများဖြင့်ဖိတ်ကြား၍  ဟောကြား ခဲ့ကြောင်း မန္တလေးမြို့ခံများက ပြောသည်။

မန္တလေးမြို့ သာသနာ့ဓမ္မ ဗိမာန်တော်၂၅၀၀ ခန်းမတွင် ကျင်းပသော ယင်းဆရာတော် တရားပွဲကို တက် ရောက်ခဲ့သည့် မယမင်းစိုးက “တရားဟောတဲ့ အချိန်မှာ ဆရာတော်ကိုယ်တိုင် ဖျာပုံမှာမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ အကြောင်းတွေ ပါတယ်။ ဒီအကြောင်းတွေကြားရတော့ သနားတယ်၊ ကိုယ်ချင်းစာတယ်၊ ငါတို့မြန်မာလူမျိုး တွေက ဒုက္ခ ရောက်နေချိန် အချင်းချင်း ရိုင်းပင်း ကူညီတတ်ကြပါတယ်”ဟု ပြောသည်။

မေလ ၁၃၊ ၁၄၊ ၁၅ ရက်နေ့တို့တွင်လည်း မေတ္တာရှင် ရွှေပြည်သာ ဆရာတော်၏တရားပွဲကို မဟာသကျ သီဟ ဘုရားဝင်း အတွင်း ကျင်းပကြောင်းနှင့် မေလ ၁၄၊ ၁၅၊ ၁၆ ရက်နေ့များတွင် ဓမ္မစေတီဆရာတော်၊ ဗြဟ္မစိုရ်ဆရာတော် ဦးတိက္ခ၊ ဆရာတော် ဓမ္မရ အရှင်ကုမာရ၊ ဆရာတော် ဦးပညာနန္ဒ(သီတဂူကြယ်တပွင့်) တို့ သာသနာ့ဗိမာန်တွင် ဟောကြားမည်ဖြစ် ကြောင်းလည်း ဖိတ်စာများတွင်ပါရှိသည်။

မေလ ၈ ရက်၊ ၉ ရက်နေ့က မန္တလေးဈေးချိုရှိ ဓမ္မပါရမီ ဆွမ်းလောင်းအသင်းမှ ကြီးမှုးသည့် ဓမ္မစေတီ ဆရာတော် တရားပွဲ တွင် ကျပ်သိန်း ၁၂၀၀ ရရှိပြီး ဆရာတော်မတည် ငွေ ကျပ် သိန်း ၁၀၀ ပါဝင်သည်ဟု လည်း သိရသည်။

ယင်း ဆရာတော်ဟောကြားသည့် အိမ်တော်ရာဘုရားပွဲတွင် မန္တလေးမြို့မှ ကျောင်းသူကျောင်းသားများ အပါအဝင် မန္တလေးပြည်သူများက ထခင်းချိုင့်၊ စာရေးကိရိယာ၊ အဝတ်အထည်များ၊ စားသောက်ကုန်များ၊ စောင်၊ အိုးခွက်ပန်းကန်များ စသည်ဖြင့် လှူဒါန်းကြကြောင်းကို ဒေသခံများကပြောပြသည်။

ယင်းသို့ ဆရာတော် သံဃာတော်များမှတဆင့် လှူဒါန်းရသည့်အတွက် ဒုက္ခသည်များထံသို့ တိုက်ရိုက် ရောက်ရှိမည်ဟု လူအများကယုံကြည်ကြောင်းလည်း မန္တလေးမြို့နေ မယမင်းစိုးက ပြောသည်။

“ကျမတို့ အိမ်ကတော့ အဝတ်အစားတွေ စု လှူလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဆရာတော်တွေနဲ့ လှူတော့ တိုက်ရိုက်လှူချင်တဲ့ နေရာကိုရောက်တာပေါ့။ တချို့လူတွေကတော့ အဆင့်ဆင့် ဖြတ်ခုတ်တဲ့ သူတွေနဲ့ မရောက်နိုင်တာလည်း ရှိသေးတယ်” ဟု မယမင်းစိုးက ပြောသည်။

ကောက်ခံရရှိသည့် အလှူငွေများနှင့် အလှူပစ္စည်းများကို ဆရာတော်များကိုယ်တိုင် သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း လည်း တရားပွဲ ဖိတ်စာများတွင် ထည့်သွင်းဖော်ပြထားသည်။

ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင် မန္တလေးတိုင်းပြည်သူများမှ လှူဒါန်းသော ထောက်ပံ့ ရေးပစ္စည်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကြံ့ဖွံ့ အဖွဲ့ဝင်များက မီးရထားပေါ်သို့ လက်ဆင့်ကမ်းသယ်ယူနေမှုကို တိုင်းမှူးဗိုလ်မှူးချူပ် တင်ငွေက ကြည့်ရှု အားပေးသည်ဟုပါရှိသည်။

ဆက်လက်ပြီး မန္တလေးတိုင်းအနေနှင့် လေဘေးသင့်ပြည်သူများအတွက် မေ၄ရက်နေ့မှ ယနေ့အထိ လှူဒါန်းမှု စုစုပေါင်း တန်ဖိုးငွေ ၅၆၀၄၁၄၇၄၅ ကျပ်ဖြစ်ပြီး စေတနာရှင်ပြည်သူများအနေဖြင့်လှူဒါန်းလိုပါက သက်ဆိုင် ရာကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။

မေလ ၂ ရက်နှင့် ၃ ရက်အတွင်း တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော ဒေသအားလုံးတွင် သေဆုံးသူ စုစုပေါင်း ၃၈၄၉၁ ဦး၊ ဒဏ်ရာရသူ ၁၄၀၃ ဦးနှင့် ပျောက်ဆုံးသူ ၂၇၈၃၈ ဦး ရှိသည်ဟု အစိုးရ သတင်းဌာနများက ထုတ်ပြန် ထားသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.