#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ကပ်ဘေးသင့် ဒုက္ခသည်များ စိတ်ဝေဒနာ အကြီးအကျယ် အခံစားနေကြရ
အေးချမ်းမြေ့ | မေ ၁၄၊ ၂၀၀၈

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် အသက်မသေဘဲ ကျန်ရစ်သူများမှာ စိတ်ဝေဒနာကို ကာလကြာရှည် ခံစားရဖွယ် ရှိပြီး အထူးသဖြင့် ၎င်းဒဏ်ကို ကလေးများ ပိုမိုဆိုးရွားစွာ ခံစားရနိုင်ကြောင်း ကူညီထောက်ပံ့ရေး ကျွမ်းကျင်သူတဦးက ဧရာဝတီသို့ ပြောသည်။


ကပ်ဘေးသင့် ကလေးငယ်များ

ထိုသို့ စိတ်ဝေဒနာခံစားရခြင်းမှာ မုန်တိုင်းတိုက်စဉ်က တွေ့ရသော ကြောက်မက်ဖွယ် မြင်ကွင်း၊ မျက်စိ ရှေ့တွင် အတုံးအရုံး သေဆုံးမှုများနှင့် မိသားစုဝင်များ ဆုံးရှုံးလိုက်ရခြင်း ကြောင့် ဖြစ်ကြောင်း ၎င်းကပြောသည်။

“လူတွေကို ကြည့်ရတာ အရမ်းကို စိတ်ဓာတ်ကျနေကြတယ်။ မေးတဲ့ မေးခွန်းတွေကိုလည်း ဘာဆိုတာ သိပုံမရဘူး။ ကလေးတွေကပိုဆိုးတယ်။ သူတို့ပတ်ဝန်းကျင်က ပစ္စည်းတွေနဲ့ ရေကို အရမ်းကြောက်နေတဲ့ပုံပဲ” ဟု ဘိုကလေးမြို့မှ ပြန်လာသည့် ရန်ကုန်နေ ပြည်သူတဦးက ပြောသည်။

ဆက်လက်၍ ၎င်းက မုန်တိုင်းဒဏ် ခံစားနေရသူများ၏ ပတ်ဝန်းကျင်တွင် လူသေအလောင်းများ၊ ဝေဒနာခံစားနေရသူ များနှင့် အပျက်အစီးများသာ ပြည့်နှက်နေသောကြောင့် စိတ်ကျန်းမာရေး ချို့တဲ့နေကြပုံရသည်ဟု ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ (UNICEF) ၏ အဆိုအရ ယခုကဲ့သို့ ပြင်းထန်သော သဘာဝဘေးဒဏ် ကျရောက် ရာတွင် ကလေးများမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက် အရဆုံးဟု သိရသည်။ အထူးသဖြင့် မိဘများ၊ မိသားစုဝင်များ ရုတ်တရက် သေဆုံး ပျောက်ကွယ်ကုန်ရာ အထီးကျန်ဝေဒနာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များစွာခံစားရသည်ဟု ဆို၏။

တချို့သော ကယ်ဆယ်ရေး စခန်းများတွင် ကလေးများအတွက် ပုံမှန်ပတ်ဝန်းကျင် ရရှိနိုင်သော စိတ်အခြေအနေ ပြန်လည် တည်ဆောက်ပေးနိုင်မည့် သီးသန့် ကျောင်းခန်းများ၊ အဝန်းအဝိုင်းများကို UNICEF အနေနှင့် ဖန်တီးပေးခဲ့ရသည်ဟု ဆိုသည်။

မြန်မာပြည်၏ UNICEF ကိုယ်စားလှယ် တဦးဖြစ်သူ ရာမက်ရှ် ရှရက်သာက “ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ကလေးတွေက စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုပိုများနိုင်တဲ့အတွက် သူတို့အတွက် လုံခြုံပြီး ထောက်ပံ့မှုပေးနိုင်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက မည်သည့်ကလေးမဆို ဝမ်းနည်းကြေကွဲမှု၊ စိတ်မလုံခြုံမှုနှင့် စိတ်ရှုပ်ထွေးမှုတို့ကို ခံနိုင်ရည်မရှိနိုင်ဟု ဆိုသည်။

မုန်တိုင်းဒဏ်ခံရသည့် ကွမ်းခြံကုန်း မြို့နယ်မှ လွတ်မြောက်လာပြီး ယခုအခါ တာချီလိတ်ရှိဆွေမျိုးများထံ ရောက်ရှိနေ ပြီဖြစ်သူ အသက် ၇၀ အရွယ် အဘိုးတဦးကလည်း ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

“ကျနော်က ကွမ်းခြံကုန်းမှာ လယ်တွေယာတွေရှိတော့ အဲဒီမှာနေတယ်။ မြေးတချို့လည်း ကျနော်နဲ့အတူနေတယ်။ မုန်တိုင်း နဲ့အတူ ကျနော့်မြေးလေးတွေ ပါသွားတယ်ဗျာ။ ကလေးတွေအမေ ကျနော့်သမီးကတော့ ခုထိ ပုံမှန်ပြန်မဖြစ်သေးဘူး” ဟု သူကပြောသည်။

မုန်တိုင်းနှင့်အတူ ၎င်း၏မြေး ၇ ယောက်၊ တူမ ၁ ယောက်၊ ခယ်မ ၁ ယောက်နှင့် တခြား ဆွေမျိုးများစွာ ပျောက်ဆုံး၊ ကွယ်လွန် ခဲ့ရကြောင်း သူကဆက်ပြောသည်။

“ကျနော် အခု ကောင်းကင်ကိုကြည့်ရမှာ ကြောက်နေတယ်။ မိုးတွေမည်းလာပြီဆိုရင် နောက်တခါ မိုးတွေရွာ မုန်တိုင်းတွေ တိုက်တော့မယ်လို့ ထင်နေတယ်။ ဖြစ်ခဲ့တာတွေကို တွေးမိတိုင်း ကျနော်ငိုရတယ်။ ညတွေ ညတွေဆိုရင် လုံးဝအိပ်မရဘူး” ဟု သူကပြောပြသည်။

ယခုကဲ့သို့သော အဖြစ်ဆိုးကြီးကို သူ့တသက်တာတွင် တခါမျှ မကြုံခဲ့ဘူးကြောင်းနှင့် ယခုအချိန်ထိ ယုံကြည်ရန် ခက်ခဲနေ သေးကြောင်း သူကဆက်ပြောသည်။

“ကျနော့်ရဲ့ မြေးတွေနဲ့ မိသားစုဝင်တွေကို မကယ်တင်နိုင်လိုက်တဲ့အတွက် အခုထိ နာကျင်ခံစားနေရပါတယ်” ဟု သူက ဆိုသည်။

UNICEF ၏ စာရင်းထုတ်ပြန်ချက်အရ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ၉၀ ရာခိုင်နှုန်းသော ကျောင်းများ ပျက်စီးခဲ့ရပြီး ထိုအထဲတွင် မူလတန်းကျောင်း ၃၀၀၀ ကျော်ပါဝင်ကာ သေဆုံးသူဦးရေမှာ ၅ သိန်းကျော်ကြောင်း သိရသည်။

မုန်တိုင်းနောက်ဆက်တွဲအနေနှင့် ကလေးများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ခြင်း၊ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျား ရောဂါများ ခံစားရရန် အခွင့်အရေးပိုများကြောင်း ကယ်ဆယ်ရေး လုပ်သားများက ပြောသည်။ မုန်တိုင်းဒဏ် မခံစားရမီက မြန်မာနိုင်ငံတွင် ကလေး ၃ ဦးလျင် ၁ ဦးမှာ အဟာရချို့တဲ့ရောဂါ ခံစားနေရကြောင်း သိရသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.