#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မုန်တိုင်းကြောင့် ကလေးငယ်အများအပြား သေဆုံး
အေးလဲ့ | မေ ၈၊ ၂၀၀၈

မေလ ၂ရက်နေ့ တိုက်ခတ်သည့် နာဂစ်မုန်တိုင်းဘေးဒဏ်ကြောင့် သေဆုံးသူများနှင့်ပျောက်ဆုံးသူများ ထဲမှ ၄၀ ရာခိုင် နှုန်းနှင့် အထက်မှာ ကလေးများဖြစ်ကြောင်း Save the Children အဖွဲ့ကပြောသည်။


ရန်ကုန်မြို့စွန်က လေဘေး ဒုက္ခသည် မိသားစု တစု

မြန်မာနိုင်ငံဆိုင်ရာ Save the Children အဖွဲ့မှ ဒါရိုက်တာ အန်ဒရူး ကတ်က်ဝု(ဒ်) က မုန်တိုင်း ကြောင့် သေဆုံးသူများထဲမှ ၄၀ ရာခိုင်နှုန်း နှင့် အထက်သည် ကလေးများဖြစ်ပြီး ကလေးများ သည် အရွယ်ရောက်သူ များထက် ပိုမိုရေနစ်နိုင်သည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့အထဲမှာ မူလ တန်းကျောင်းပေါင်း ၃၀၀၀ ကျော်ပါတယ်၊ ကျောင်း ဆက်မတက်နိုင်တော့တဲ့ ကလေးပေါင်း ၅ သိန်းကျော် ရှိနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။

ကလေးသေဆုံးနှုန်းထပ်မံ မတိုးစေရန်အတွက် အသက် ရှင်ကျန်ရှိနေသည့် ကလေးများကို ဦးစားပေး၍ အကူ အညီပေးရန် လိုအပ်ကြောင်းလည်း ၎င်းက ယခုလို ပြောသည်။

“ကျနော်တို့ ဦးစားပေးလုပ်နေတာကတော့ သေဆုံးသူထပ်မတိုးလာနိုင်အောင် အသက်ရှင်ကျန်နေတဲ့ ကလေးတွေနဲ့ သူတို့မိသားစုတွေဆီကို လိုအပ်တဲ့အကူအညီတွေ အမြန်ဆုံးရောက်ရှိအောင်လုပ်နေတာပါ” ဟု အန်ဒရူး ကတ်က်ဝု(ဒ်) က ဆက်ပြောသည်။


ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဘုန်းတောကြီးကျောင်း တကျောင်းတွင် ရောက်ရှိ နေသော အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ကလေးများ

MSF , CARE အဖွဲ့များအပါအဝင် Save the Children အဖွဲ့သည် ရန်ကုန်မြို့ဝန်းကျင်ရှိ မုန်တိုင်းဒဏ်ခံ ရသည့် နယ်မြေ များသို့ အစားအစာနှင့် အမိုးအကာများကို ဖြန့်ဝေကြောင်း၊ ယနေ့တွင် မုန်တိုင်း ဒဏ် အဆိုး ရွားဆုံး ခံရသော ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်သို့ သွားရောက်ကြောင်း သိရသည်။

ထောက်ပံ့ကယ်ဆယ်ရေး အကူအညီများ အချိန်မီ မရရှိပါက မကြာသေးမီ အချိန်အတွင်း သေဆုံးသူ စာရင်း ပိုမိုလာနိုင် သည်ဟုလည်း အန်ဒရူး ကတ်က်ဝု(ဒ်) က ပြောသည်။

လွန်ခဲ့သည့် မေလ ၂ ရက်နေ့ ညပိုင်းက စတင်၍ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို ဖြတ်သန်း တိုက်ခတ်သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် လူ ပေါင်း ၂၂၀၀၀ ကျော် သေဆုံး၍ ၄၁၀၀၀ ခန့် ပျောက်ဆုံးနေ ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ အမေရိကန်သံအမတ် ရှာရီ ဗီလာရိုစာက မုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်း ကျော်နိုင်သည် ဟု ပြောသည်။

ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ ၁ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.