#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ရှင်းလင်းမှုများ ကိုယ်ထူကိုယ်ထလုပ်နေရ ရန်ကုန်ဒုက္ခသည်များ ကူညီထောက်ပံ့မှု လုံလောက်စွာမရသေး
ကိုသက် | မေ ၈၊ ၂၀၀၈

ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်များ လမ်းများပေါ်တွင် သစ်ပင်အပိုင်းများ၊ အမှိုက်သရိုက်များစုပုံနေပြီး လေဘေးဒဏ်ခံခဲ့ရသူ အများစုသည်လည်း ယခုအချိန်အထိ ကူညီစောင့်ရှောက်မှုများ လုံလောက်စွာမရကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ကြည့်မြင်တိုင် ဘုရင့်နောင်လမ်းကနေ မြို့ထဲအထိ၊ အောက်ကြည့်မြင်တိုင်လမ်းကနေ ဗိုလ်ချုပ်လမ်းအထိ၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း … အဲဒီနေရာတွေမှာ အရပ်သားတွေက ကားသွားလို့ရအောင်လို့ သစ်ပင်တွေလမ်းဘေးရောက်အောင်ပုံထားပေမယ့် အာဏာပိုင်အဖွဲ့အစည်းက လာမသယ်သေးဘူး” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် တာမွေမြို့နယ်တို့တွင် ရှင်းလင်းရေးလုပ်ငန်းများကို သံဃာတော်များက ဦးဆောင်ပြီး လုပ်နေကြောင်းလည်း သိရသည်။

“မြို့ထဲမှာဆိုရင် သရက်တောကျောင်း၊ စမ်းချောင်းဘက်မှာ ဗားကရာကျောင်း၊ ကြည့်မြင်တိုင်မှာ သာဓုကျောင်း၊ စလင်း ကျောင်းတိုက်နဲ့ ဘုရားကြီးကျောင်းတိုက်၊ တာမွေဘက်မှာဆိုရင် မင်္ဂလာရာမ ကျောင်းတိုက်တွေက ဘုန်းကြီးတွေ ဦးဆောင်ပြီး ရှင်းနေတာ” ဟု စမ်းချောင်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

လေဘေးဒုက္ခသည်စခန်းများကို မြို့နယ်၊ ရပ်ကွက်များရှိ ဓမ္မာရုံများနှင့် မူလတန်းကျောင်းများတွင် ဒေသခံလူထုက ကိုယ်ထူကိုယ်ထဖွင့်ထားပြီး စေတနာရှင်များနှင့် ငွေကြေးတတ်နိုင်သူများက လှူဒါန်းကြသည်ဟုလည်း စမ်းချေင်းတွင် နေထိုင်သူက ပြောသည်။

“အန်ဂျီအိုတွေက စနစ်တကျလှူတာတော့ မရှိသေးဘူး။ ရေကို မီးစက်ကလေးတွေနဲ့ အ၀ီစိတွင်းရှိတဲ့ အိမ်တွေကနေစုပ်ယူပြီး အရပ်ထဲမှာဝေပေးတာတွေရှိတယ်။ လျှပ်စစ်မီးက အခုထိမရသေးဘူး။ အာလုံးကိုခြုံပြောရရင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်နေကြရတာ။ သက်ဆိုင်ရာမြို့နယ်တို့၊ တိုင်းတို့ကနေ စနစ်တကျလုပ် ပေးတာတွေ လုံးဝမရှိသေးဘူး” ဟု စမ်းချောင်း တွင်နေထိုင်သူက ပြောသည်။

မြို့နယ်ရပ်ကွက်များတွင် အရပ်သားများနှင့် သံဃာတော်များ ရှင်းလင်းရေးများလုပ်နေပုံများကို စစ်အစိုးရ သတင်းမီဒီယာ များက မှတ်တမ်းတင်ခြင်း၊ သတင်းယူခြင်းများ မတွေ့ရကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

စစ်သားများက အမှိုက်လှည်း ရှင်းလင်းနေပုံများ၊ စစ်ဗိုလ်ချုပ်များက ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် လှိုင်သာယာမြို့နယ်များရှိ လေဘေးဒုက္ခသည်များအား သွားရောက်တွေ့ဆုံပုံနှင့် အကူပစ္စည်းများပေးအပ်နေပုံတို့ကို စစ်အစိုးရသတင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် ဖော်ပြပါရှိသည်။

၁၉၆၈ ခုနှစ် မေလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့စဉ်က စစ်တွေမြို့ မိုင်တရာ ပတ်လည် လေဘေးသင့်ခဲ့ပြီး ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သည်ဟု ထိုစဉ်က ကိုယ်တိုင်သွားရောက်သတင်းယူခဲ့သည့် ၀ါရင့်သတင်းထောက်ကြီးတဦးက ဧရာဝတီကို ပြောသည်။

“အဲဒီတုန်းကဆိုရင် ၃ ရက်မြောက်တဲ့နေ့မှာ ၀မ်းပိတ်ဆေးတို့ ရေသန့်ဆေးတို့ကိုဝေတာတောင်မှ စစ်တွေ တ၀ိုက်မှာ ကာလ ၀မ်းရောဂါ အတော်ဖြစ်ကြတာ … အခုဟာက ၆ ရက်ရှိပြီ ဘာဆေးမှမပေးနိုင်သေးဘူး။ ရေတွေကလည်းမသန့်တော့ဘူး … အလောင်းတွေ၊ တိရစ္ဆာန်တွေကလည်းမျောဆိုတော့  ၀မ်းရောဂါပြဿနာ ကြီးလာမှာကို စိုးရိမ်ရတယ်” ဟု ၀ါရင့်သတင်း ထောက်ကြီးက ပြောသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.