#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မုန်တိုင်းလွတ် ဒေသများ အခြေခံဥပဒေကို ထောက်မဲပေးရန် စစ်အစိုးရ ဖိအားပေး
အေးလဲ့ | မေ ၆၊ ၂၀၀၈

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့၌ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ဆိုးရွားစွာခံနေရချိန်တွင် စစ်အစိုးရက တခြားသော မြို့နယ် ကျေးရွာများ၌ ထောက်ခံမဲပေးရန် ဖိအားပေးနေကြောင်း သိရသည်။

အဆိုပါ ရန်ကုန်တိုင်းရှိ မြို့နယ် ၄၀ နှင့် ဧရာဝတီတိုင်း ၇ မြို့နယ် တို့ကို ဆန္ဒခံယူပွဲ ပြုလုပ်ရန် မေလ၂၄ရက် နေ့ သို့ ပြောင်းရွှေ့လိုက်သည်ဟုလည်း စစ်အစိုးရက ယနေ့ နေ့လယ်ပိုင်းတွင် ကြေညာခဲ့သည်။

ပဲခူးတိုင်းအနောက်ဘက်ခြမ်းရှိ  နတ်တလင်းမြို့နယ်နှင့်မင်းလှ မြို့နယ် ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မန္တလေး တိုင်းတို့တွင် အကြို ဆန္ဒမဲနှင့် ထောက်ခံမဲများကို မဲရုံးမှူးများနှင့် သက်ဆိုင်ရာမြို့နယ် ရယက များက လူထု အားခြိမ်းခြောက်ခြင်း၊ မက်လုံးပေးခြင်းများ ပြုလုပ်၍ ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

“နတ်တလင်း အရှေ့ဘက်ကျွန်းကလေးအုပ်စုမှာ ရယက ဥက္ကဌ ဦးထော်လေးနဲ့ ရယက စာရေး တို့က ကြိုတင်မဲ ဆိုပြီးတော့ ရွာစာရင်းမှာရှိတဲ့ ရွာသူရွာသားတွေကို ထောက်ခံမဲ ခြစ်ပြီးတော့ ယူသွားတယ်၊ တချို့ရွာသားတွေက မကျေနပ်ကြဘူး” ဟု ဒေသခံတဦးကပြောသည်။

ထို့အတူ မေလ ၄ ရက်နေ့တွင် ပြည်မြို့မှ အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဦးဆောင်သည့် အဖွဲ့သည် နတ်တလင်းမြို့နယ် အမျိုးသမီးများအသင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့တို့ စည်းရုံးရေးဆင်း ရာတွင် ပြောဆိုရမည့် စကားများကို မြို့တော်ခန်းမတွင်ပို့ချသွားသည်ဟုလည်း ၎င်းကပြောသည်။

မင်းလှဒေသခံတဦးကလည်း“ဘာအတွက်မဲပေးရမှန်းမသိတဲ့ ရွာသူရွာသားတွေကို အမှန်သာခြစ်လိုက်တော့၊ ထောက်ခံမဲ သာပေးလိုက်ပါ ဆိုတဲ့ ကလိမ်ကကျစ်နည်းနဲ့ထောက်ခံမဲပေးဖို့လုပ်နေတယ်” ဟု ပြောသည်။

မင်းလှနယ်၌ မေ၄ရက်နေ့တွင် ထောက်ခံမဲပေးရန်စည်းရုံးရေးဆင်းနေသည့် ကိုအေးလွင်နှင့်အဖွဲ့သည် ကချင် ပုဆိုးနှင့် ရှပ်အင်္ကျီဖြူဝတ်၍ ထောက်ခံမဲထည့်ရန် ရေးထားသည့် စာရွက်စာတမ်းများကို လူထုကြားသို့ ဖြန့်ဝေသွားကြောင်းလည်း ၎င်းကပြောသည်။ ယင်းအဖွဲ့ကို ရဲများက လုံခြုံရေးယူထားကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဘားအံတက္ကသိုလ် ကျောင်းဆရာ ဆရာမများ က ကျောင်းသားများကို မေ လ ၄ ရက် နေ့တွင် ထောက်ခံမဲထည့်ရန် ပြောကြားကြောင်းကိုလည်း တက္ကသိုလ်ဆရာမတဦးထံမှ သိရသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့မှ နယ်သို့ စည်းရုံးရေးဆင်းသူများကို ထောင် ဒဏ် ၃ နှစ်နှင့် ကျပ်ငွေ ၁ သိန်းပေးရမည်ဟု အာဏာပိုင်များက ထုတ်ပြန်ပြောဆိုကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးကပြောသည်။

ဧပြီ လ ၂၉ရက်နေ့တွင် ဘုတလင်လွှတ်တော်အမတ် ဦးဟံသာမြင့် နှင့် ဒီပဲယင်းလွှတ်တော်အမတ် ဦးဝင်းမြင့်အောင်နှင့် သားတို့ စစ်ကိုင်းတိုင်း ကြည်ရွာအနီး စိုင်ပြင်နယ်ဘက်တွင် စည်းရုံးရေးဆင်းရန်သွား ရောက်စဉ် ဦးဝင်းမြင့်အောင်နှင့် သားကို ဖမ်းဆီးလိုက်ကြောင်း အန်အယ်လ်ဒီအဖွဲ့ ဝင် တဦးက ပြောသည်။

ဦးဟံသာမြင့်ကိုမူ ရဲစခန်းတွင် ည ၁၁ နာရီ အထိခေါ်ထားပြီး မည်သည့် ဥပဒေနှင့်မှ အရေးမယူကြောင်းကို လက်မှတ်ထိုး ခိုင်း၍ ပြန်လွှတ်လိုက်ကြောင်းလည်း ၎င်းကပြောသည်။

“ဦးဝင်းမြင့်အောင်နဲ့ သူ့သားကို တရားမဝင် ဗီဒီယို ခွေတွေ့ရှိမှုနဲ့ စိုင်ပြင်ကျေးရွာ ဘက်မှာ ဖမ်းဆီးလိုက် တယ်” ဟု ၎င်းက ဆက်ပြောသည်။

မန္တလေးတိုင်းတွင် ထောက်ခံမဲများကိုနှစ်ခါပေးရမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

“ဝန်ထမ်းတွေက ဌာနဆိုင်ရာတွေမှာလည်းပေးရမယ်၊ ရပ်ကွက်မှာလည်းပေရမယ်ပေါ့နော်၊ ဈေးချိုထဲမှာ ဆိုလည်း ဈေးထဲ မှာလဲထည့်ရမယ် ရပ်ကွက်ထဲမှာလည်း ထည့်ရမယ် ဆိုတာတွေကို ကျနော်တို့ရပ်ကွက်ထဲ မှာတော့ ကြားနေရတယ်” ဟု ဒေသခံတဦးက ပြောသည်။

မန္တလေးမြို့ အိုးဘိုထောင်ရှိ ရာဇဝတ်သားအကျဉ်းသား ၁၅၀၀ခန့်ကို ထောင်ပိုင်ကြီးနှင့်ထောင်မှူးတချို့တို့က ၎င်းတို့ရှေ့ မှောက်တွင် အမှန်ခြစ်ခိုင်းကာ စာရင်းများရယူသွားကြောင်း ထောင်ဝင်စာသွားတွေ့သူ တဦးထံမှ ကြားသိရသည်။

မိထ္ထီလာဘက်ရှိ ကျေးရွာများတွင်လည်း အလားတူ စည်းရုံးခြင်းများရှိသည်ဟုလည်း သိရသည်။

ရှမ်းပြည်နယ်ရှိ ပအို့အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ နှင့် ကြံ့ဖွံ့အသင်းတို့က ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင် မြို့နယ်တို့တွင် ထောက်ခံမဲပေးရန် ခြိမ်းခြောက်ခြင်း၊ မက်လုံးပေး ခြင်းဖြင့်စည်းရုံးရေးဆင်း နေကြောင်းကိုလည်း တောင်ကြီးမြို့ခံများကပြောသည်။

ယမန်နေ့က ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးစာမျက်နှာတွင်လည်း “ယခုအခါ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန်ရက်ပိုင်းသာ လိုတော့သည့်အချိန်ဖြစ်ပြီး ဆန္ဒမဲပေးရန်အတွက် ပြည်သူလူထုက စိတ်အားထက်သန်စွာမျှော်လင့် ချိန်ဖြစ်ပါသည်” ဟု ပါရှိသည်။

သို့သော် ယခုအချိန်တွင် ရန်ကုန်မြို့ရှိလူအများစုမှာ ယင်း ဆန္ဒခံယူပွဲကို စိတ်မဝင်စားကြကြောင်း ရန်ကုန်မြို့ ခံ များက ပြောဆိုကြသည်။

“ဆန္ဒခံယူပွဲဆိုတာ တပြေးညီတနိုင်ငံလုံးလုပ်ရတာပဲ မဟုတ်လား အခုဟာက ဘယ်လိုလုပ်နေမှန်းကို ကျမ တော့ဖြင့် နားမလည်နိုင်တော့ပါဘူး၊ စိတ်လည်းမဝင်စားဘူး၊ အခုချိန်မှာ စားဝတ်နေရေး၊ မီး၊ ရေ ရှား ပါး တဲ့ ကိစ္စဖြေရှင်းဖို့ပဲ သိတယ်”ဟု ရန်ကုန်မြို့ခံတဦးကပြောသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.