#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အကြမ်းဖက်စစ်ဆေးမှုကြောင့် အင်းစိန်ထောင်ရှိ အကျဉ်းသားတချို့ ထပ်မံသေဆုံး
ကိုသက် | မေ ၆၊ ၂၀၀၈

အင်းစိန်ထောင်တွင် ယခုလ ၃ ရက်နေ့က ဖြစ်ပွားသည့် အဓိကရုဏ်းနှင့်ပတ်သက်ပြီး အာဏာပိုင်တို့၏ ရိုက်နှက်စစ်ဆေး မှုကြောင့် အကျဉ်းသား ၄ ဦးသေဆုံးသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။

မေလ ၂ ရက်နေ့က တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အင်းစိန်ထောင် အဆောင် ၁ ခေါင်မိုးလန်သွားရာ အကျဉ်းသားများ ရေစိုထဲတွင် တညလုံးနေခဲ့ရသည်။ နောက်တနေ့နံနက်အထိ ထောင်အာဏာပိုင်တို့က အိပ်ဆောင်တံခါးကို ဖွင့်မပေးသဖြင့် အကျဉ်းသားများက မိုး၊ လေလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် အော်ဟစ်တောင်းဆိုရာမှ ထောင်ဝန်ထမ်း ၁၀၀ ခန့် အဆောင်တွင်းသို့ဝင်ကာ အကြမ်းဖက်ရိုက်နှက်ဖြေရှင်းသဖြင့် အချုပ်သားများက အဆောင်ကို မီးရှို့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက် အကျဉ်းသားများကို ရိုက်နှက်စစ်ဆေးသဖြင့် အကျဉ်းသား ၄ ဦး သေဆုံးပြီး အခင်းဖြစ်ပွားစဉ် အာဏာပိုင်တို့က စက်သေနတ်ဖြင့်ပစ်ခတ်သဖြင့် ၃၆ ဦး ပွဲချင်းပြီးသေဆုံးကာ ၇၀ ကျော် ဒဏ်ရာရသည်ဟု အေအေပီပီ အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

အကျဉ်းသား ၉၈ ဦးကိုလည်း အာဏာပိုင်တို့က တိုက်ပိတ်ထားပြီး ၎င်းတို့တွင် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် အန်အယ်လ်ဒီပါတီ လှိုင်မြို့နယ်မှ ကိုထွန်းနှင့် ကိုသန်းဇော်၊ ဒေါပုံမြို့နယ် အတွင်းရေးမှူး ဦးအုန်းကျော်နှင့် ကိုဉာဏ်လင်းအောင်တို့အပါအ၀င်  အမည်မသိသေးသည့် နိုင်ငံရေးအကျဉ်းသားတချို့လည်းပါဝင်ကြောင်း အေအေပီပီ ကြေညာချက်က ဆိုသည်။

အဆောင် ၁ တွင် အထိမ့်မချရသေးသည့် အချုပ်သားများကို ထားသည့်အဆောင်ဖြစ်ပြီး အချုပ်သား ၂၀၀၀ ခန့်ကို ချုပ်နှောင်ထားသည်။

အဆောင် ၁ ကိုမီးလောင်နေစဉ်က ထွက်သည့် မီးခိုးငွေ့များကြောင့် တိုက်အမှတ် ၂ တွင် ချုပ်နှောင်ထားသည့် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ မျက်စိမှာ ပြန်လည်ကိုက်ခဲလာကာ ဆရာဝန်ပြသခွင့် ထပ်မံ တောင်းဆိုထားကြောင်း သိရသည်။

လွန်ခဲ့သည့်လအတွင်းက ကိုမင်းကိုနိုင်သည် မျက်စိဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပြီး လကုန်ပိုင်းက ရန်ကုန်ရှိ မျက်စိ၊ နား၊ နှာခေါင်းဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့သည်။

ယခုအခါ အာဏာပိုင်တို့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံသူများအား ဆေးလိပ်နှင့် မီးခြစ်ပေးခွင့်ကို ပိတ်ပင်ထားပြီး လုံထိန်းရဲများဖြင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.