#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မုန်တိုင်းဒဏ်ကြောင့် လူ ၂၄၀ ကျော်သေဆုံး
ဧရာဝတီ | မေ ၄ ၊ ၂၀၀၈

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်အစိုးရက ပြည်နယ်နှင့်တိုင်း ၅ ခုကို မုန်တိုင်းဒဏ်အခံရဆုံး ဒေသများအဖြစ် ကြေညာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူ ၂၄၀ ကျော် သေဆုံးကြောင်း သိရသည်။

မုန်တိုင်း ဒဏ်သင့် ရန်ကုန်မြို့လယ်မြင်ကွင်း (Photo: Reuters/DVB/Handout)

နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်တွင် လူ ၁၉ ယောက် သေဆုံးပြီး ဧရာဝတီတိုင်းတွင် လူ ၂၂၂ ယောက်သေဆုံးကြောင်း အမည် မဖော်လိုသူ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောကြားသည်ကို အေအက်ဖ်ပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ထိခိုက်အနာတရ ရရှိသူစာရင်းကိုမူ အတိအကျမသိရှိရသေးသော်လည်း များပြားနိုင်သည်ဟု မျှော်လင့်ရသည်။

မုန်တိုင်းကြောင့် အပျက်အစီးများစွာရှိခဲ့သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို မုန်တိုင်းဒဏ်အခံရဆုံး ဒေသများအဖြစ် အာဏာပိုင်များက ရုပ်မြင်သံကြားမှ ယမန်နေ့က ကြေညာခဲ့သည်။

စနေနေ့နံနက် အစောပိုင်း တိုက်ခတ်သော ယင်းမုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းရှိမြို့များ ထိခိုက် ပျက်စီးမှုကြီးမားကြောင်း စုံစမ်းသိရှိရသည်။ တိုက်ခတ်သော မုန်တိုင်းမှာ ၁ နာရီ မိုင်၁၂၀ နှုန်း ရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဒေသ ဆိုင်ရာအကြီးအကဲ ထာဂျီ စကက် ဒဲလ်က“ပျက်စီးဆုံးရှုံးရမှုအားလုံး ကျနော်တို့ သိရဖို့အတွက် ရက်အနည်း ငယ်ကြာလိမ့်ဦးမှာဖြစ်ပါတယ်”ဟု ဆိုသည်။

ကမ္ဘာ့ မုန်တိုင်း သတိပေးချက် နည်းစနစ် ဝက်ဘ်ဆိုက်၏ တွက်ချက်မှုအရ လူပေါင်း ၇.၀၃ သန်း မုန်တိုင်းဒဏ် ခံရနိုင်ဖွယ် ရှိကြောင်း၊ ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတွင် နေထိုင်သော လူဦးရေ ၁.၈၂ သန်းသည် လည်း မုန်တိုင်းကြောင့်ဖြစ်သော လှိုင်းကြီးမှုဒဏ်ကို ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

သစ်ပင်ကြီးများ လေပြင်းဒဏ်ကြောင့် အမြစ်မှ ကျွတ်ထွက် လဲပြိုကုန်ကြ (Photo: Xinhua)

မြန်မာစစ်အစိုးရ၏ တရားဝင် ကြေညာချက်အရ ဧရာဝတီတိုင်းရှိ လပွတ္တာနှင့် ကျိုက်လတ်မြို့များသည် ၄ ပုံ ၃ ပုံ ခန့် ပျက်စီးသွားကြောင်း သိရသည်။

ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကိုလည်း ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် တယ်လီဖုန်း ဆက်သွယ်ရေး လိုင်းများလုံးဝနီးပါး ပြတ်တောက်နေ သောကြောင့် ရန်ကုန်အပါအဝင် မုန်တိုင်း ဒဏ်သင့်ဒေသများရှိ ၎င်းတို့၏ မိသားစုဝင်များအား အလွန်အမင်း စိတ်ပူပန်နေရကြောင်းလည်း သိရသည်။

မြန်မာအစိုးရ အနေဖြင့် မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်များ လုပ်ဆောင် နိုင်ရန် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော ကော်မတီတခုကို ဖွဲ့စည်းခဲ့ကြောင်း မြန်မာ့အသံမှ ကြေညာသွားသည်။

ရန်ကုန်မြို့လမ်းမများအား ပိတ်ဆို့နေသော ပြိုလဲကျနေသည့် သစ်ပင်ကြီးများကို ရှင်းလင်းရန် စစ်တပ်နှင့် ရဲတပ် ဖွဲ့များ စတင်ထားရှိသည်ကို တွေ့မြင်ရသော်လည်း ရန်ကုန်မြို့ခံများကမူ စစ်အစိုးရ၏ ကယ်ဆယ်ကူညီရေးမှာ နှောင့်နှေးကြန့်ကြာနေကြောင်း ဝေဖန်ကြသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ရှင်းလင်းရေး စတင်နေသော်လည်း ရန်ကုန်မြို့ခံများက အင်မတန် နှေးကွေးကြောင်း ဝေဖန်နေကြသည် (Photo: Reuters/MRTV)

“အင်္ကျီအပြာမှာ ရဲ တံဆိပ်တွေနဲ့ တွေ့တယ်၊ စွမ်းအားရှင်လို့ပြောတာပဲ၊ လမ်းပေါ်မှာ ဟေးလားဝါးလားနဲ့၊ အမှိုက် ရှင်းမလိုလို လုပ်နေကြတယ်၊ အဲဒါတွေကို နိုင်ငံတော်က လုပ်ပေးရမှာ၊ ဘာမှလည်း မလုပ်ပေးဘူး၊ မသိသလို နေနေကြတယ်၊ မနေ့က ရဲ တွေ သွားတာ လိုက်ကြည့်တော့၊ လွှတ်တော်ရှေ့က သစ်ပင်တွေကို သွားရှင်းတာ၊ သူတို့ လက်ထဲမှာ သစ်ပင်ခုတ်ဖို့ ဓားမပါဘူး၊ ဒိုင်းတွေ တုတ်တွေ သေနတ်တွေပဲပါတယ်၊ သစ်ကိုင်းတွေကို လက်နဲ့ချိုးတယ်”ဟု ရန်ကုန်မြို့ခံတဦးက ပြောပြသည်။

ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးနှင့် သောက်သုံးရေ ယခုအချိန်အထိ ပြတ်လပ်နေဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ် ရေးများလည်း ပြတ်တောက်နေဆဲဖြစ်သည်။

ယနေ့တွင် ရန်ကုန်မြို့ရှိလူများမှာ ပျက်စီးသွားသော အိမ်ရာများကို ပြုပြင်ရန် ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူ နေကြကြောင်း သိရှိရသည်။ ဓာတ်ဆီဈေးမှာလည်း တရှိန်ထိုး တက်သွားပြီး တဂါလန် ၇၅၀၀ ကျပ် ပေါက်ဈေး ရှိကြောင်း သိရှိရသည်။

ယခု မုန်တိုင်း ဒဏ်ကြောင့် လာမည့် စနေနေ့တွင် ကျင်းပမည့် အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်း နိုင်ဖွယ်ရှိကြောင်း ရန်ကုန် စာနယ်ဇင်းအသိုင်းအဝန်းက သုံးသပ်နေကြသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ပံ့ရေး အေဂျင်စီများအနေဖြင့် အကူအညီများ ပေးရန် အဆင်သင့် ရှိနေသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း မြန်မာစစ်အစိုးရ က အကူအညီတောင်းခံမှု မပြုလုပ်သေးချေ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.