#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဆန္ဒခံယူပွဲထောက်ခံရေး ပေါ်လစီဇာတ်ကားများမကြည့်ရန်နှိုးဆော်စာများ ပျံ့နှံ့
ကိုသက် | မတ် ၃၁၊ ၂၀၀၈

မြန်မာနိုင်ငံ၏ နိုင်ငံကျော်ဒါရိုက်တာကြီးများရိုက်ကူးပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်မြင်သံကြား အစီအစဉ်များမှ ထုတ်လွှင့်မည့် ဆန္ဒခံယူပွဲထောက်ခံရေး ပေါ်လစီဇာတ်ကားများကို အများပြည်သူမကြည့်ရန် နှိုးဆော်စာများ ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများအနီးတွင် ယနေ့ပျံ့နှံ့လျက် ရှိသည်။

အဆိုပါနှိုးဆော်စာတွင် နိုင်ငံကျော်ဒါရိုက်တာများဖြစ်ကြသည့် မောင်တင်ဦး၊ မီးပွား၊ မောင်မောင်ဦး (စနိုးဝှိုက်)၊ ခင်မောင်ဦး-စိုးသိန်းထွဋ်နှင့် နောင်ထွန်းလွင်-ညီထွန်းလွင်တို့က ဆန္ဒခံယူပွဲထောက်ခံရေး ပေါ်လစီဇာတ်ကားများ ရိုက်ကူးကာ မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ချိန်တွင် ပြည်သူများမကြည့်ကြရန် မေတ္တာရပ်ခံထားသည်။

ပြည်သူလူထု အားပေးထောက်ခံမှုဖြင့် ရပ်တည်နေကြသော သရုပ်ဆောင်အနုပညာရှင်များကလည်း ပြည်သူအများ နစ်နာမည့်အလုပ်မျိုးကိုမလုပ်ကြရန်၊ အဆိုပါ ပေါ်လစီဇာတ်ကားများတွင် သရုပ်မဆောင်ကြရန် ကိုလည်း ၎င်းစာ၌ မေတ္တာရပ်ခံထားသည်ဟု စာလက်ခံရရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “မင်းသား၊ မင်းသမီးတွေအနေနဲ့ ဒီလိုပေါ်လစီကားတွေကို မရိုက်ဘူးလို့ငြင်းသင့်ပါတယ်။ ပြည်သူဘက်ကရပ်သင့်ပါတယ်” ဟု ပြောသည်။

အဆိုပါ ပေါ်လစီဇာတ်ကားများအနက် ဒါရိုက်တာ မောင်တင်ဦးနှင့် ဒါရိုက်တာ ခင်မောင်ဦး-စိုးသိန်းထွဋ်တို့၏ ဇာတ်ကားများ ရိုက်ကူးပြီးစီးသွားပြီး ကျန်ဒါရိုက်တာများ၏ဇာတ်ကားများကိုလည်း သင်္ကြန်မတိုင်မီ အပြီးရိုက်ကူးရန် စီစဉ်ထားသည်ဟု ရုပ်ရှင်လောကသားတဦးက ပြောသည်။

ရုပ်ရှင်လောက၌ “နိုင်ငံတော်ကား” ဟုခေါ်သော တပ်မတော်နေ့ အထိမ်းအမှတ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အထိမ်းအမှတ် အစရှိသည်တို့အတွက် ရိုက်ကူးသော ဗီဒီယို၊ ရုပ်ရှင်များတွင် သရုပ်ဆောင်များသည် မိမိဆန္ဒမပါဘဲ သရုပ်ဆောင်ပေးရသည်ဟု ရုပ်ရှင်သရုပ်ဆောင်တဦးက ပြောသည်။

“နိုင်ငံတော်ကားရိုက်ရင် သရုပ်ဆောင်တွေဆီကို ဘိုင်နိမ်းနဲ့စာလာပြီး သရုပ်မဆောင်ပေးရင် အဲဒီသရုပ်ဆောင်ကို ၃ လ ပိတ်မယ်တို့ ၆ လ ပိတ်မယ်တို့ ဖိအားပေးခံရတာပေါ့” ဟုလည်း ၎င်းကပြောသည်။

လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဒါရိုက်တာ ကြည်စိုးထွန်း အပါအ၀င် အမှုဆောင် ၁၀ ဦးကျော်တို့သည် ပြန်ကြားရေးဝန်ကြီးလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသောကြောင့် တာဝန်မှ နုတ်ထွက်ခဲ့ကြသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.