#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

တိဘက်အရေး မြန်မာစစ်အစိုးရ တရုတ်ကိုထောက်ခံ
အေးချမ်းမြေ့| မတ် ၂၈၊ ၂၀၀၈

တရုတ်အစိုးရနှင့် တိဘက်ဘုန်းတော်ကြီး များ၏ ပဋိပက္ခနှင့် ပတ်သက်၍ တရုတ်အစိုးရ၏ သဘောထားကို ထောက်ခံကြောင်း ကြေညာချက်တစောင် ကို မြန်မာစစ်အစိုးရက မတ်လ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်းတွေ့ရှိရသည်။

၎င်းကြေညာချက်တွင် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့မှာ ကာလရှည်ကြာကတည်းက ဆွေမျိုးပေါက်ဖော် သဖွယ် ရင်းနှီးလာကြကြောင်းနှင့် တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့် မူ အပါအဝင် အခြေခံမူငါးရပ်ဖြင့် အတူယှဉ်တွဲ နေထိုင်ကြကြောင်းရေးသားဖော်ပြထားသည်။

ဆက်လက်၍ ၎င်းကြေညာချက်၌ တိဘက်၌ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များသည် “တရုတ်နိုင်ငံ၏ ပြည်တွင်းရေး သက်သက်ကိစ္စရပ်” ဟူ၍သာ မြန်မာနိုင်ငံက သဘောထားရှုမြင်သည်ဟု ရေးသားထားသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ၎င်း၏ဥာဏ်အမြော်အမြင် ကြီးမားမှုဖြင့် အောင်မြင်ကျော်လွှားနိုင်ပြီး ပြည်တွင်းငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက အပြည့်အဝယုံကြည်သည်” ဟု ဆက်လက်ရေးသားထား၏။

ထို့ပြင် မြန်မာအစိုးရအနေနှင့် တိဘက်ဖြစ်ရပ်များကို ပေကျင်းအိုလံပစ်ပွဲတော်နှင့် စပ်ဆက်ရန် ကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင်သည်ဟု ဆိုထားသည်။

မတ်လဆန်းက တိဘက်ဒေသ လာဆာမြို့တွင် တရုတ်အစိုးရအုပ်ချုပ်ရေးကို ဆန့်ကျင်ရေး လှုပ်ရှားမှုများအား တိဗတ်ဘုန်းတော်ကြီးများက ဦးဆောင်ပြုလုပ်ခဲ့ရာ တရုတ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သဖြင့် ဆန္ဒပြလှုပ် ရှားသူ ၁၀၀ကျော်သေဆုံးခဲ့ရသည်။

ထိုသို့တရုတ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍ မြန်မာရဟန်းတော်များအဖွဲ့ချုပ်က တိဘက် သံဃာများနှင့် ပြည်သူများအတွက် စိတ်မကောင်းကြောင်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည့်ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကိုယ်စား ဦးပဉ္ဖင်းဦးပညာဇောတကလည်း တရုတ်ပြည်အစိုးရ၏ လုပ်ရပ်အပေါ် လုံးဝကန့်ကွက်ရှုတ်ချသည်ဟု ပြောဆိုသည်။

“နအဖ အစိုးရကလည်း စစ်အာဏာရှင်၊ တရုတ်အစိုးရကလည်း ကွန်မြူနစ် တပါတီအာဏာရှင်။ သူတို့အချင်း ချင်းက တဦးနဲ့တဦး နှစ်ဦးနှစ်ဘက် အကျိုးရှိအောင်လုပ်နေတာဆိုတော့ အစိုးရတခုကဘာလုပ်လုပ် တခုက ထောက်ခံမှာပဲ” ဟု ဦးပညာဇောတက မြန်မာစစ်အစိုးရ၏ ကြေညာချက်နှင့်ပတ်သက်၍ ထင်မြင်ချက်ပေး သည်။

ဆက်လက်၍ ဦးပဉ္ဖင်းက ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းတော်များ ဖြိုခွင်းခံခဲ့ရသည်ကို ကိုယ်တိုင်ကြုံ တွေ့ခဲ့သဖြင့် တိဘက်ဘုန်းတော်ကြီးများခံစားရသည်ကို ကိုယ်တိုင်ခံစားနေရသကဲ့သို့ တွေးထင်မိသည်ဟုဆို သည်။

“တိဘက်ဘုန်းတော်ကြီးတွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့။ မိမိတို့လိုအပ်တာကို ရအောင်ကျိုးစားပါ။ အဲလိုပဲ မြန်မာပြည်က ရဟန်းတော်တွေအနေနဲ့လည်း ဆက်ပြီးကြိုးစားသွားမယ်လို့ ဦးပဉ္ဖင်းပြောချင်ပါတယ်” ဟု ဦးပညာဇောတက မိန့်ကြားသည်။

၎င်းနေ့ မတိုင်မီ တပတ်ကျော်ခန့်ကလည်း နအဖပိုင်သတင်းစာများ၌ ထိုင်ဝမ်အစိုးရ၏ ကုလသမဂ္ဂ ဝင်ရောက်ရေးကိစ္စ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မြန်မာအစိုးရက ကန့်ကွက်ကြောင်းကြေညာခဲ့သည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်တနိုင်ငံတည်းမူဝါဒကို အစဉ်တစိုက်ကျင့်သုံးပြီး ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံ ၏ ခွဲခြားမရသော အစိတ်အပိုင်းတခုဖြစ်ကြောင်းကို အစဉ်သတ်မှတ်ခံယူသည်ဟု ၎င်းကြေညာချက်တွင် ပါရှိသည်။

ဆက်လက်၍ မြန်မာစစ်အစိုးရက ထိုင်ဝမ်လွတ်လပ်ရေးနှင့် စပ်လျဉ်း၍ ကြိုးပမ်းလုပ်ဆောင်မှုမှန်သမျှကို အတိအလင်းဆန့်ကျင်သည်ဟု ရေးသား ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်ကာ ဒီမိုကရေစီဖော်ဆောင်မှုမရှိခြင်းကြောင့် အနောက်နိုင်ငံ မိသားစုများက စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေစဉ် တရုတ်အစိုးရက မြန်မာစစ်အစိုးရအတွက် စီးပွားရေးနှင့် စစ်ရေးအထောက်အပံ့များကိုအဓိကပံ့ပိုးနေခဲ့သည်။

စစ်အစိုးရပိုင်သတင်းစာများတွင် နိုင်ငံတကာသတင်းစာမျက်နှာ သုံးမျက်နှာခန့်ပါရှိသော်လည်း မတ်လဆန်း ကတည်းက ဖြစ်ပွားခဲ့သည့် တိဘက်အရေးအခင်းသတင်းကို လုံးဝဖော်ပြခြင်းမရှိခဲ့ပေ။ ပြည်တွင်းရှိ သတင်း ဂျာနယ်များတွင်လည်း ၎င်းသတင်းများကို ဖော်ပြခွင့် ပိတ်ပင်ထားသည်ဟု သတင်းဂျာနယ်အသိုင်းအဝန်းမှ ကြားသိရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.