#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

သုံးနိုင်ငံ ပန်းချီပြပွဲ ချင်းမိုင်တွင် ပြသမည်
ကိုစိုး | မတ် ၂၈ ၊ ၂၀၀၈

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီပြခန်း၌ မြန်မာပန်းချီ အနုပညာရှင်တဦး အပါအဝင် နိုင်ငံပေါင်း သုံး နိုင်ငံ မှ ပန်းချီအနုပညာရှင် သုံး ဦး ပူးပေါင်းပြသသည့် The Three Nations အမည်ရ ပန်းချီပြပွဲ တပွဲကို မတ်လ ၂၉ ရက် တွင် စတင်ပြသမည်ဖြစ်ကြောင်း သိရသည်။

ပန်းချီ ဟန်လေးနှင့် သူရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)

ပါဝင်ပြသမည့် ပန်းချီဆရာများမှာ မြန်မာနိုင်ငံသား ပန်းချီနှင့် ကာတွန်း အနုပညာရှင် ဟန်လေး၊ ထိုင်းနိုင်ငံသား လူငယ်ပန်းချီဆရာ နာရုန်းရွတ် ထောင်ရိုး နှင့် တောင်အာဖရိက ပန်းချီအနုပညာရှင် ဂျက် ရတိ (Jacques Retief) တို့ ၃ ဦးဖြစ်ပြီး ပန်းချီကားပေါင်း ၃၀ ကျော်ပါဝင်ပြသမည်ဖြစ်ကြောင်း ပြပွဲလက်ခံ စီစဉ်သူ မမာမာ ကပြောသည်။

ယခုပြပွဲ ပြသရခြင်းနှင့် ပတ်သက်ပြီး တောင်အာဖရိက ပန်းချီဆရာ ဂျက် ရတိက“ကျနော် ဒီပန်းချီခန်းကို ရောက်ပြီး မြန်မာပန်းချီတွေနဲ့ မြန်မာ ပန်းချီဆရာတွေကို စိတ်ဝင်စားမိတယ်၊ နောက် အခုပြပွဲအတူပြတဲ့ ပန်းချီ ဆရာ၂ ယောက်က ပြပွဲလုပ်မယ်ဆိုတာ သိရတော့ ကျနော်လည်း ပါဝင်ချင်စိတ်ပေါက်ပြီး ပြဖြစ်တာပါ”ဟု ပြောပြသည်။

၎င်း ပြသမည့် ပန်းချီကားများသည် မော်ဒန်အနုပညာဟန်နှင့်ရေးဆွဲထားသော ပန်းချီလက်ရာများဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း ရေးဆွဲထားသော ပန်းချီကားလည်း ပါဝင်သည်။

ထိုင်း လူငယ် ပန်းချီဆရာ နာရုန်းရွတ်ကလည်း သူ၏ ကြာပန်း ပန်းချီကားများနှင့်အတူ (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)

ထိုင်း လူငယ်ပန်းချီဆရာ နာရုန်းရွတ်ကလည်း သူ့အနေနှင့် မြန်မာပန်းချီ အနုပညာကို နှစ်သက်သူ ဖြစ်ပြီး မြန်မာ ပန်းချီအနုပညာရှင်များကို များစွာတန်ဖိုးထား လေ့လာ၍ သူ၏ပန်းချီကားများကို ရေးဆွဲသည်ဟု ပြောသည်။

နာရုန်းရွတ်၏ ယခုပြသမည့် ပန်းချီကားများမှာ ၎င်း ပန်းချီဘွဲ့အတွက် ရေးဆွဲသည့် ညှိုးရော်နေသော ကြာပန်းပုံ ပန်းချီကား စီးရီးဖြစ်ကြောင်း သိရသည်။

ယခု Three Nations ပြပွဲတွင် ပန်းချီကား ၁၀ ကားကျော် ပါဝင် ပြသမည်ဖြစ်ကြောင်း၊ ပြသမည့် ပန်းချီကားများ မှာ သရုပ်မှန် ပန်းချီဟန်များနှင့် စိတ်ခံစားမှုကို ဖော်ထုတ် ရေးဆွဲသော ပန်းချီရေးဟန်များဖြင့် ရေးဆွဲသည့် ပန်းချီ လက်ရာများဖြစ်ကြောင်း မြန်မာပန်းချီဆရာ ကာတွန်းဆရာ ကိုဟန်လေးကလည်း ပြောပြသည်။

“အခု အတူပြမယ့်ပန်းချီဆရာတွေက နိုင်ငံ မတူဘူး၊ လူမျိုးလည်း မတူ၊ ယဉ်ကျေးမှုခြင်းလည်း မတူကြတဲ့ အတွက် အတွေးအမြင်ခံစားမှု မတူနိုင်တာတွေရှိမယ်၊ အဲဒီလို မတူတာတွေကို ပရိသတ်အနေနဲ့ မျှဝေခံစားစေချင် လို့ ပြပွဲလုပ်ဖြစ်တာပါ”ဟု ကိုဟန်လေးက ဆိုသည်။

တောင်အာဖရိက ပန်းချီဆရာ ဂျက် ရတိနှင့် သူရေးဆွဲထားသော ပန်းချီလက်ရာများ (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)

ကိုဟန်လေးမှာ ရှမ်းတိုင်းရင်းသား တဦးဖြစ်ပြီး ယခု Three Nations ပြပွဲအပါအဝင် ပန်းချီပြပွဲပေါင်း ၇ ပွဲ ပြသ ခဲ့ကာ လက်ရှိတွင်လည်း ဧရာဝတီ၊ ရှမ်းသံတော်ဆင့်၊ ခေတ်ပြိုင် ၊ မဇ္ဈိမ စသည့် ပြည်ပ သတင်းဌာနများတွင် နိုင်ငံရေးကာတွန်းများကို ရေးဆွဲနေသူတဦး ဖြစ်သည်။

ပြပွဲလက်ခံကျင်းပသည့် သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းသည် ဧပြီ၂၇ ရက် အထိပြသမည့် ယခုပြပွဲ အပါအဝင်၂၀၀၈ ခုနှစ် အတွင်း ပန်းချီပြပွဲ ၄ ပွဲ ပြသပြီးဖြစ်ပြီး ယခင် နှစ် အတွင်း ပန်းချီပြပွဲပေါင်း ၇ ပွဲ ပြသခဲ့ကာ မြန်မာပန်းချီ ဆရာများ၏ လက်ရာအများစု ဖြစ်ကြောင်းသိရသည်။

၂၀၀၈ ခုနှစ် ဇွန်လ အလယ်တွင်လည်း စကော့တလန် ပန်းချီဆရာတဦး၏ ပန်းချီပြပွဲကို ပြသရန်ရှိပြီး သုဝဏ္ဏဘူမိ ပန်းချီပြခန်းကို နိုင်ငံတကာမှ ပန်းချီအနုပညာရှင်တချို့လည်း စိတ်ဝင်စားမှုရှိသည်ဟု ပြခန်းပိုင်ရှင် မမာမာက ပြောပြသည်။

ယင်း သုဝဏ္ဏဘူမိပန်းချီပြခန်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၀၄ ခုနှစ် ဂျူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ပြီး သုဝဏ္ဏဘူမိ ဟူသော အမည်ကို မြန်မာသမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်းက ပေးခဲ့ကြောင်း နှင့် တခု တည်းသော မြန်မာပန်းချီပြခန်းဖြစ်ကြောင်းလည်း သိရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.