#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲပေးမည်ဟု ပြောဆို
အေးချမ်းမြေ့| မတ် ၂၇၊ ၂၀၀၈

နေပြည်တော်တွင်ကျင်းပသည့် ၆၃ ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး၌ ပြည်သူ့ထံသို့ အာဏာအပ်နှင်းမည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ထည့်သွင်းရေးသားခဲ့သည်။

တပ်မတော်နေ့အခမ်းအနားတွင် အလေးပြုခံယူနေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - AP)

အသက် ၇၅နှစ်ရှိပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသည် ၎င်းတပ်မတော်နေ့အခမ်းအနားတွင် စစ်သား၊ ရဲ နှင့် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၀၀၀ ကျော်ကို ပြောကြားသည့် ၁၅မိနစ်ကြာမိန့်ခွန်း၌ မေလတွင် ပြည်လုံး ကျွတ်ဆန္ဒ ခံယူပွဲကျင်းပမည်ဆိုခြင်းနှင့် ရွေးကောက်ပွဲ ပြုလုပ်ပြီးစီးပါက အရပ်သားအစိုးရထံ အာဏာ အပ်နှင်း မည် ဖြစ်ကြောင်း ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

၎င်းအခမ်းအနားသို့ ပြည်တွင်းရှိနိုင်ငံခြားသတင်းဌာနမှ သတင်းထောက်များနှင့် ပြည်တွင်းမီဒီယာများကို ဖိတ်ကြားသော်လည်း နှစ်စဉ်ဖိတ်ကြားလေ့ရှိသော နိုင်ငံခြားသားသတင်းထောက်များကိုမူ စက်တင်ဘာ အရေးအခင်းကိုအကြောင်းပြု၍ လုံခြုံရေးအရ ဖိတ်ကြားခြင်းမရှိကြောင်း ရိုက်တာသတင်းဌာနက ရေးသား ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင်ဂမ်ဘာရီက မြန်မာစစ်အစိုးရအနေနှင့် အင်ဒိုနီးရှား အစိုးရကို စံနမူနာပြု၍ စစ်အစိုးရအုပ်ချုပ်မှုမှ အရပ်သားအစိုးရအုပ်ချုပ်သည့် ပုံစံပြောင်းလဲ၍ အုပ်ချုပ် သွားရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စင်ကာပူ စထရိတ်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံကို ၁၉၆၆ခုနှစ်ကတည်းက စစ်အာဏာရှင် ဆူဟာတိုက ချုပ်ကိုင်ထားခဲ့ကာ ၎င်းစစ်တပ်မှ အနားယူ၍ အရပ်သားအစိုးရပုံစံပြောင်းလဲ လိုက်သည့် နောက်တွင်လည်း တိုင်းပြည်၏ အဓိကကျသည့် အုပ်ချုပ်ရေးတာဝန်ကို ဆူဟာတိုကသာ အရပ်သားတဦးအဖြစ် ဆက်လက်ချုပ်ကိုင်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသူတဦးဖြစ်သည့် ဦးဌေးအောင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိန့်ခွန်းသည် စစ်အစိုးရ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့်ကြေညာချက်အတိုင်း ဆန္ဒခံယူပွဲနှင့် ရွေးကောက် ပွဲကို အမှန်တကယ်ကျင်းပမည်ဟု သက်သေထူလိုက်ခြင်းသာဖြစ်ကြောင်း ပြောသည်။

ပြည်တွင်းပြည်ပရှိ ဝေဖန်သူများကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနှင့် ၎င်းဆုပ်ကိုင်ထားသော အာဏာကို အရပ်သားဦးသန်းရွှေထံသို့ လွှဲပြောင်းခြင်းသာဖြစ်မည်ဟု သုံးသပ်ကြသည်။

စစ်အစိုးရအနေနှင့် တရားမျှတ၍ လွတ်လပ်သော ဆန္ဒခံယူပွဲကိုကျင်းပမည်ဟု ပြည်ထဲရေးနှင့် ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက နေပြည်တော်၌ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် ပြည်တွင်း သတင်းမီဒီယာများကို ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

လက်ရှိတွင်မူ ရွေးကောက်ပွဲ၌ ထောက်ခံမဲသာထည့်ရန်နှင့် မိမိ၏မိသားစုများကိုထောက်ခံမဲထည့်ရေး အတွက် စည်းရုံးရန် ဝန်ထမ်းများကို ဖိအားပေးခိုင်းစေလျှက်ရှိကြောင်း ဝန်ထမ်း အသိုင်းအဝန်းမှ ကြားသိရသည်။

ထိုကဲ့သို့စည်းရုံးရာတွင် အခြေခံဥပဒေကို ထောက်ခံခြင်းမပြုပါက ရာထူးချသည်အထိအရေးယူမည် ဖြစ်ကြောင်းနှင့် ထောက်ခံမည်ဆိုပါက သင်္ကြန်တွင်းကာလအတွက် ချေးငွေများထုတ်ပေးမည် ဖြစ်ကြောင်း အရာရှိများက လက်အောက်ဝန်ထမ်းများကို ပြောဆိုသည်ဟု ကျန်းမာရေးဝန်ထမ်းတဦးကပြောသည်။

စစ်အစိုးရက တပ်မတော်နေ့အခမ်းအနား ကျင်းပနေသည့် တချိန်တည်းတွင် အဓိကအ တိုက်အခံ အဖွဲ့အစည်းတခုဖြစ်သော NLD ပါတီက ၆၃ကြိမ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန် ရှိပါတီ ဌာနချုပ်တွင် ကျင်းပလျှက်ရှိသည်။ ယခင်က မတ်လ ၂၇ရက်နေ့ကို တော်လှန်ရေးနေ့ ဟု ခေါ်ဆိုခဲ့ သော်လည်း စစ်အစိုးရက တပ်မတော်နေ့ဟူ၍ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရာ၌ ပါဝင်ခဲ့သော သခင်သိန်းဖေ၏ အိမ်တွင်လည်း ဝါရင့်နိုင်ငံရေး သမားဟောင်းကြီးများစု၍ တော်လှန်ရေးနေ့အခမ်းအနားတရပ် ကျင်းပသည်ဟုသိရသည်။

ဝါရင့်နိုင်ငံရေးသမားတဦးလည်းဖြစ်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းတဦးလည်းဖြစ်သူ သခင်ချန်ထွန်းက တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမားများအနေနှင့် စစ်အစိုးရ၏ အဖမ်းအဆီးမှ လွတ်မြောက် ရန် ပုန်းခိုနေရသဖြင့် ၎င်းတို့ကျင်းပသော တော်လှန်ရေးနေ့အခမ်းအနားတွင် မပါဝင်နိုင်ကြောင်းပြောကြားသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.