#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မယ်ဆိုင်-တာချီလိတ် နယ်စပ်တံတားအောက် လက်နက်များရှာဖွေတွေ့ရှိ
ကိုစိုး | မတ် ၂၇ ၊၂၀၀၈

ထိုင်း မြန်မာ နယ်စပ် မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့များသို့ ဆက်သွယ်ထားသော ချစ်ကြည်ရေး တံတား အမှတ်(၁) အောက်တွင် လက်နက်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ယမန်နေ့ညက မြန်မာနိုင်ငံဘက်မှ နယ်စပ်အာဏာပိုင်များက ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လက်နက်ခိုးသွင်းသည့် သတင်းရ၍ ယင်းချစ်ကြည်ရေး တံတားအောက်သို့ သွားရောက်ဖမ်းဆီးရာတွင် ခြောက်လုံးပြူး သေနတ် တလက် နှင့် အမျိုးအစား မသိရသော သေနတ် အရှည် တလက်အပါအဝင် သေနတ် ကျည်ဆံ ၁၅၀၀ ခန့်ကို ဖမ်းဆီးရမိ ကြောင်း၊ သေနတ်များသယ်ဆောင်လာသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ယနေ့နံနက်တွင်လည်း ခြောက်လုံးပြူး သေနတ် ၃ လက်ကို တံတား အောက်တွင် ထပ်မံတွေ့ရှိပြီး သိမ်းဆည်းရမိကြောင်း တာချီလိတ် အာဏာပိုင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

ယင်းလက်နက် ကိစ္စနှင့် ပတ်သက်ပြီး မယ်ဆိုင်ဘက်၌ အလုပ်လုပ်နေသည့် အသက် ၃၀ ဝန်းကျင်ရှိ အိုက်ရှန် ဟူသော လူငယ်တဦးကို ယနေ့နံနက်တွင် မြန်မာအာဏာပိုင်များက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

“အဲဒီ ကိစ္စအတွက် သတင်းအရဆိုပြီးတော့ ဒီမနက်မှာပဲ မယ်ဆိုင်ဘက် တံတားအောက်မှာ ကားစောင့်တဲ့အလုပ် လုပ်တဲ့ အိုက်ရှန်ကို မြန်မာဘက်က ထောက်လှမ်းရေးနဲ့ ရဲတွေက လာဖမ်းသွားတယ်၊ သူက မယ်ဆိုင်ဘက်မှာပဲ နေပြီးအလုပ်လုပ်နေတာ”ဟု မယ်ဆိုင်ဘက်တွင် အလုပ်လုပ်နေသော တာချီလိတ်မြို့ခံ တဦးက ပြောပြသည်။

ယင်း ချစ်ကြည်ရေး တံတားအောက်တွင် တရားမဝင် ပစ္စည်းများ ခိုး၍သယ်ဆောင်ခြင်း၊ ဆေးဝါးအမျိုးမျိုးရောင်း ချ ခြင်း၊ ပစ္စည်းအတုများရောင်းချခြင်း တို့ကို ပြုလုပ်သူများ နေ့စဉ်ကဲ့သို့ ရှိနေကြောင်း သိရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.