စစ်အစိုးရစာမေးပွဲ စာဖြေသံဃာလျော့နည်း
ကိုစိုး | မတ် ၂၆ ၊ ၂၀၀၈
စစ်အစိုးရက ကျင်းပသည့် ရန်ကုန်၊ မန္တလေးနှင့် တခြားသောမြို့ကြီးများ၌လက်ရှိဖြေဆိုနေသော သံဃာစာမေးပွဲ ဖြေဆို သံဃာများ ယခင်နှစ်ကထက် များစွာနည်းပါးကြောင်းနှင့် ဆက်လက်မဖြေဆိုရန် လှုံ့ဆော်မှုများ ပြုလုပ် ကြောင်း သိရသည်။
မန္တလေး မစိုးရိမ်တိုက်သစ်တွင် ယခုနှစ် ကျောင်းရှိသံဃာ ၅၀၀ ကျော်ရှိသည့်အနက် စာဖြေသံဃာမှာ ထက်ဝက် ခန့်သာ ဖြေဆိုသည်ဟု ယင်းကျောင်းတိုက်မှ သံဃာတော်တပါး က ပြောသည်။
“အရင်နှစ်တွေကဆို ကျောင်းရှိသံဃာကလည်း ထောင်နဲ့ချီတယ်၊ စာဖြေတာလည်း ထောင်ချီရှိတယ်၊ အခုနှစ်က တော့ ၂၀၀ ကျော်လောက်ပဲရှိမယ်”ဟု ၎င်းက ဧရာဝတီသို့ပြောသည်။
 |
စက်တင်ဘာအရေးအခင်းကာလ ငြိမ်းချမ်းစွာ ဆန္ဒပြသံဃာများ (ဓာတ်ပုံ - ဧရာဝတီ) |
မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း စာဖြေသံဃာတော်များအား ယင်းစာမေးပွဲကိုဆက်လက်မဖြေဆိုရန် ဘုန်းကြီးကျောင်းခြံစည်းရိုးနံရံများ၌ စာဖြင့်ရေးသားလှုံ့ဆော်မှုများပြုလုပ်ကြောင်း မန္တလေး မဟာဝိသုဒ္ဓါရုံကျောင်း တိုက်မှ သံဃာတော်တပါးက ပြောပြသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း တမြို့လုံးအနေဖြင့် ကျောင်းတိုက်ပေါင်း ၁၀၀ ကျော်၌ သံဃာအပါး သောင်း ဂဏန်း ရှိရာတွင် စာဖြေသံဃာ ၆၀ ခန့်သာ ဖြေဆိုသည်ဟု စစ်တွေမြို့မှ သံဃာတော်တပါးက ပြောသည်။
“ဒကာပဲ စဉ်းစားကြည့် ဘယ်သူကဖြေချင်မှာလည်း၊ တနိုင်ငံလုံးမှာလည်း မလွှဲသာလို့ဖြေတဲ့သူကများတယ်၊ ဒီစာမေးပွဲ ဆက်မဖြေဖို့ စာတွေနဲ့ လှုံ့ဆော်တာတွေလုပ်တာလည်းရှိတယ်”ဟု ယင်း စစ်တွေ သံဃာတော်က ဆို သည်။
စစ်တွေမြို့တွင် ၂၀၀၇ ခု စက်တင်ဘာ သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအပြီး နောက် ပိုင်း မြို့အဝင်အထွက်ကို အာဏာပိုင်များက ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ပင် ထားသည်ဟုလည်း ဆိုသည်။
“မြောက်ဦးကအပြန် ည ၇ နာရီလောက် စစ်တွေကိုရောက်တော့ ဦးပဉ္ဖင်းကို မြို့ထဲ ပေးမဝင်ဘူး”ဟု စစ်တွေ သံဃာ တော်က ပြောပြသည်။
မြင်းခြံမြို့ကိုးဆောင်တိုက်မှ စာချဆရာတော်တပါးကလည်း မြင်းခြံမြို့အနေနှင့် ယခင်နှစ်ကထက် စာဖြေသံဃာ ၂၀၀ ခန့်လျော့နည်း သွားကြောင်းမိန့်ကြားသည်။
“သံဃာအပါး ၁၅၀၀ လောက်ရှိရာမှာ အရင်ကဆိုရင် ၇၀၀ လောက်စာဖြေတယ်၊ အခုနှစ်တော့ ၅၀၀ လောက်ပဲ ရှိတယ်၊ တို့ကျောင်းတိုက်တောင် နှစ်စဉ် ၁၀၀ ကျော်လောက်ဖြေတာ အခု ၅၀ လောက်ပဲဖြေကြတယ်”ဟု ကိုးဆောင်တိုက် စာချ ဆရာတော်က မိန့်သည်။
ယခုလ ၂၄ရက်က စတင်သော သံဃာ ပထမပြန် စာမေးပွဲများကို ရန်ကုန်မြို့မှ ဝင်ရောက် ဖြေဆိုသံဃာ ၃၀၀ ခန့်သာ ရှိသည် ဟု ရန်ကုန်မြို့ရှိ ဓမ္မာစရိယ သံဃာတပါးကလည်း ပြောသည်။
“အရင်နှစ်တွေက ဆို ရာခိုင်နှုန်းနဲ့ပြောရင် ၈၀ ရာနှုန်းလောက်ဖြေကြတာ၊ အခုနှစ်တော့ ၁၀ ရာခိုင်နှုန်းတောင် ရှိမယ် မထင်ဘူး၊ ကံလည်း ဆောင်ထားတုန်း လေ”ဟု အထက်ပါ ဓမ္မာစရိယ သံဃာကပြောသည်။
ရန်ကုန်မြို့ရှိ မြို့နယ်တချို့တွင် စာဖြေသံဃာများအား ဆက်လက် မဖြေဆိုရန် လှုံ့ဆော်မှုများပြုလုပ်သည်ဟု လည်း ၎င်းက ဆိုသည်။
ယခုနှစ် ပထမပြန်နှင့် ဓမ္မာစရိယ စာမေးပွဲဖြေဆိုရန် သံဃာနှင့် သီလရှင်ပေါင်း ၇၀၀၀၀ ကျော် စာရင်းပေးထား သည်ဟု သာသနာရေး ဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့မှ ကျောင်းထိုင်ဆရာတော် တပါးကမူ“စာဖြေဖို့ စာရင်းလာကောက်ကတည်းက ဖြေဖြေ မဖြေဖြေ စာရင်းတော့ ယူသွားမယ်ဆိုပြီး ကျောင်းမှာ သီတင်းသုံးတဲ့ ရှိသမျှ သံဃာစာရင်းကို ယူသွားတယ်၊ အခုအချိန် စာဖြေ သံဃာ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျမသိနိုင်ပေမယ့် မဖြေတဲ့သံဃာကများတယ်”ဟု မိန့်ကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး က စက်တင်ဘာလ ငြိမ်းချမ်းစွာ မေတ္တာပို့ ရွတ်ဆို ဆန္ဒပြ သံဃာတော်များအား အကြမ်းဖက်ရိုက်နှက် သတ်ဖြတ်ခဲ့၍ ပတ္တနိက္ကုဇ္ဖန ကံဆောင်ထားသည်ကို သတိပြုပြီး စစ်အစိုးရကျင်းပမည့် သံဃာစာမေးပွဲကိုဖြေဆိုခြင်းမပြုဘဲ သပိတ်မှောက်ရန် ယခုလ ၁၈ ရက်နေ့ က ကြေညာ ချက်တစောင် ထုတ်ပြန်ထားသည်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ယခုသံဃာစာမေးပွဲကို သပိတ်မှောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက တကြိမ် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ဖူးသေးသည်။
၂၀၀၇ ခု စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့လမ်းလျှောက်ဆန္ဒပြပွဲကို အကြမ်း ဖက်ဖြိုခွဲခဲ့သည့်လုပ်ရပ်အား စစ်အစိုးရက မတောင်းပန်သောကြောင့် စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတဝန်းရှိ သံဃာတော်များက စစ်အစိုးရကို ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်ခဲ့သည်။
ယင်း စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြ ကြရာ စစ်တပ်က သေနတ်ဖြင့်ပစ်ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်းဆန္ဒပြ သံဃာ များအား ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ပါးခန့် ဖမ်းဆီးခံရပြီး သံဃာတချို့ ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတော် တပါး ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ဆေးရုံတင်ခဲ့ရသည်။
ယနေ့တွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့ ပူးပေါင်း၍ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်း ၆ လ ပြည့် အထိမ်းအမှတ်အနေနှင့် ကြေညာချက်တစောင် ထုတ်ပြန်သည်။
ယင်းကြေညာချက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ၎င်း၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီတို့ အား စက်တင်ဘာအရေးခင်းအပါအဝင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထိရောက် စွာ ဆောင်ရွက်ခြင်းမရှိသည့် အပေါ် ရှုံ့ချထားသည်။ [Top]
|