#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မြန်မာအပေါ်ထားသည့် အနောက်ဖိအားကို ဂရုမစိုက်ဟု ထိုင်းဝန်ကြီးချုပ်ပြောဆို
အေးချမ်းမြေ့| မတ် ၂၆၊ ၂၀၀၈

ထိုင်းဝန်ကြီးချုပ် စမတ်(ခ်) စွန်ထော်ရဝဲ့က အမေရိကနှင့် အင်္ဂလန်နိုင်ငံတို့၏ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုတ်နှံမှုမပြုရေး တောင်းဆိုမှုကို ယမန်နေ့က ငြင်းဆန်လိုက်သည်ဟု ဘန်ကောက် အခြေစိုက် သည် နေးရှင်းသတင်းစာတွင် ရေးသားထားသည်။

စမတ်က ၎င်းနိုင်ငံများ၏တောင်းဆိုမှုနှင့် ပတ်သက်၍ “ဘယ်နိုင်ငံကမှ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဆက်ဆံရေးကို တားဆီးပိတ်ပင်စရာမလိုပါဘူး” ဟု ပြောကြားခဲ့သည်။

“အနောက်နိုင်ငံတွေက မလုပ်ပါနဲ့လို့ပြောတိုင်း ဘာလို့ လိုက်နာရမှာလဲ” ဟု ၎င်းကဆက်လက်ပြောကြား ခဲ့ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

စမတ်အနေနှင့် လူ့အခွင့်အရေးနှင့်ဆိုင်သော ကိစ္စရပ်များကို ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် တန်းတူ စဉ်းစားလုပ်ဆောင်ခြင်းရှိ မရှိဆိုသည့်မေးခွန်းတရပ် မေးစရာရှိကြောင်း ၎င်းသတင်းစာကရေးသားထားသည်။

“စမတ်၏ သမိုင်းကြောင်းကို နောက်ပြန်ကြည့်လိုက်လျင် အခြားသော အိမ်နီးချင်းနိုင်ငံများ၌ ရင်းနှီးမြှပ်နှံမှု ပြုရာတွင်လည်း လူ့အခွင့်အရေးကို ဆန့်ကျင်၍ ပြုလုပ်ခဲ့သည်ချည်းဖြစ်သည်” ဟု သတင်းစာတွင်ဖော်ပြထား သည်။

စမတ်(ခ်) က ထိုင်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အကျိုးအမြတ်လည်း များစွာရှိခဲ့သည်ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့က လျှပ်စစ်ဓာတ်အားလိုတယ်။ မြန်မာနိုင်ငံက ဆည်တွေဆောက်ဖို့ ခွင့်ပြုတယ်။ ကျနော်တို့က ကုန်စည်တွေရောင်းချင်တယ်။ မြန်မာအစိုးရက ဆိပ်ကမ်းတွေတည်ဆောက် ပေးမယ်။ ဒါ ထိုင်းနိုင်ငံအတွက် မကောင်းဘူးလား” ဟု ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်သည် မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး စီးပွားရေးရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် မြန်မာအစိုးရနှင့် စကားပြောဆိုသည်။

၎င်းကိစ္စရပ်နှင့် ပတ်သက်၍ အတိုက်အခံအဖွဲ့များနှင့် နိုင်ငံတကာမိသားစုများက စီးပွားရေးသက်သက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီအရေးကိစ္စရပ်များကိုပါ ဝင်ရောက်ဆွေးနွေးစေလို ကြသည်။ သို့သော်လည်း ထိုင်းဝန်ကြီးချုပ်က အတိုက်အခံအဖွဲ့များ၏ လိုလားချက်ကို လျစ်လျူရှုသည့်ပြင် စက်တင်ဘာအရေးတော်ပုံကာလက သံဃာတော်များကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့သည့် မြန်မာ စစ်အစိုးရ ကို ဘာသာတရားကိုင်းရှိုင်းသူများ ဟူ၍ အမွှန်းတင် ပြောဆိုခဲ့သည်။

မစ္စတာစမတ်(ခ်)စွန်ထော်ရဝဲ့သည် ထိုင်းနိုင်ငံရေးလောကအတွင်းသို့ ၁၉၆၈ခုနှစ်မှစတင် ဝင်ရောက်ခဲ့ရာ ဝန်ကြီးတာဝန်များတွင် ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ခုနှစ်တွင် အထက်လွှတ်တော်အမတ်အဖြစ် အရွေးချယ်ခံခဲ့ရ သည်။ ၂၀၀၇ ခုနှစ်တွင် ပြည်သူ့ပါတီခေါင်းဆောင်ဖြစ်လာခဲ့ပြီး ထိုနှစ်ကပြုလုပ်သည့် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၏ ၂၅ဦးမြောက် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.