#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အရောင်းအ၀ယ်လုပ်ငန်းများ တဖြည်းဖြည်းလျော့ကျ
ကိုသက် | ဧပြီ ၂၅၊ ၂၀၀၈

စစ်အစိုးရက စီးပွားရေးမြို့တော်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည့် ရန်ကုန်မြို့တွင် အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ဒေါ်လာ၊ ကား ရောင်းဝယ်ရေး အစရှိသည့် တန်ဖိုးကြီး အရောင်းအ၀ယ်လုပ်ငန်းများမှစ၍ တန်ဖိုးနည်းလူသုံးကုန်ပစ္စည်းများ အထိ လုပ်ငန်းများ ရပ်ဆိုင်းလုမတတ်ဖြစ်နေသည်ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀န်းက ဧရာဝတီကို ပြောသည်။


ရန်ကုန်ဗိုလ်ချုပ်ဈေး (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်မြို့တွင်အသင့်နေထိုင်ရန်ဆောက်လုပ်ထားသည့် တိုက်ခန်းများအရောင်းအ၀ယ်မဖြစ်သကဲ့သို့ ရွှေဆိုင်များတွင် လည်း အရောင်းအ၀ယ်မရှိကြကြောင်း ရန်ကုန်ရှိ စီးပွားရေးသမားတဦးက ပြောသည်။

“ဗိုလ်ချုပ်ဈေးကလူတွေကတော့ ငုတ်တုတ်ကိုထိုင်နေရတယ်၊ အဲဒီဈေးကွက်ကိုသွားတဲ့ ဒေါ်လာ၊ ကျောက်နဲ့ အခြား အရောင်းအ၀ယ်တွေက ဘာမှကိုမရှိဘူး၊ ဈေးကွက်ပျက်သလိုကို ဖြစ်သွားတာ” ဟု ၎င်းစီးပွားရေးသမားက ပြောသည်။

လက်ရှိဓာတ်ဆီဈေးမှာ ကျပ်ငါးထောင်နှင့် ငါးထောင့်နှစ်ရာအကြား ဈေးပေါက်သော်လည်း ၀ယ်ယူသုံးစွဲမည့်သူ မရှိသဖြင့် ဓာတ်ဆီရောင်းသူများက ၎င်းတို့ထံလာရောင်းသည့်ဆီများကို အ၀ယ်ရပ်ထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ကားပွဲစားတဦးကလည်း “ကားတွေကွက်ကလည်းပျက်နေတယ်၊ ရန်ကုန်မြို့က စီပွားပျက်နေတာ ကြာပြီ၊ စက်တင်ဘာ နောက်ပိုင်းကတည်းကဖြစ်နေတာ။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ပေါ့ …  မရှိမဖြစ် အခြေခံ စားသောက် ကုန်လောက်ပဲ အရောင်းအ၀ယ်ဖြစ်တာ” ဟု ဧရာဝတီကို ပြောသည်။

တန်ဖိုးနည်းလူသုံးကုန်ပစ္စည်းများမှစ၍ သိန်းချီတန်သည့် အသုံးအဆောင်များလည်း အရောင်းအ၀ယ် မရှိသလောက်ကို ဖြစ်နေသည်ဟု အထက်ပါစီးပွားရေးသမားတဦးက ပြောသည်။

“ကျပ် ထောင့်ငါ့းရာ၊ နှစ်ထောင်လောက်ပဲရှိပြီး ရုပ်ရှင်ကား သုံး၊ လေးဆယ်လောက်ပါတဲ့ ဒီဗီဒီအချပ်တွေကအစ အရောင်း အ၀ယ်မဖြစ်တော့တာ” ဟုလည်း ၎င်းက ဆက်ပြောသည်။

စီးပွားရေးမဂ္ဂဇင်းတစောင်၏ အယ်ဒီတာတဦးက “ကျနော်တို့ဆီမှာ စီးပွားရေးက တဖြည်းဖြည်းနဲ့ကျနေတာ ကြာပြီဗျ … စက်တင်ဘာမတိုင်ခင်ကတည်းက ရှိနေတာ။ တချို့ကထင်နေတာ ဆန္ဒခံယူပွဲနီးလို့ မရောင်းရဲ၊ မ၀ယ်ရဲကြဘူးပေါ့ … လူတွေရဲ့ စားရေးသောက်ရေးကလွဲလို့ ၀ယ်နိုင် သုံးနိုင်တဲ့ဝင်ငွေကလည်း မတိုးတဲ့အပြင် တဖြည်းဖြည်းလျော့နေတယ် ဆိုတော့ မသုံးနိုင်ကြဘူးပေါ့ဗျာ” ဟု သုံးသပ်ပြောဆိုသည်။

ကျဆင်းနေသည့် တိုင်းပြည်၏စီးပွားရေးအခြေအနေကို အုပ်ချုပ်သူအာဏာပိုင်များက ကုစားပေးမည့် အရိပ်အယောင်မျိုး လုံးဝမတွေ့ရကြောင်းလည်း အဆိုပါအယ်ဒီတာက ပြောသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.