#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အထက်လွှတ်တော်က ရွှေတံဆိပ်ဆုချီးမြှင့်ရန် အတည်ပြု
အေးချမ်းမြေ့ | ဧပြီ ၂၅၊ ၂၀၀၈

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် အထက် လွှတ်တော်က အရပ်သားများကို ချီးမြှင့်သည့် ဆုများထဲမှ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြု ချီးမြှင့်ရန် ကြာသတေးနေ့က အတည်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုဘဲယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အထက်ပါ ရွှေတံဆိပ်ဆု ချီးမြှင့်ရန် အထက်လွှတ်တော် က ဝမ်းမြောက်ဝမ်းသာ အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။

၎င်းဆုကို ဒေါ်အောင်ဆန်းစုကြည် မတိုင်မီက ဝင်စတန်ချာချီ၊ နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်၊ မာသာထရီဇာ တို့ အသီးသီးရရှိခဲ့ဖူးပြီး နောက်ဆုံးအနေနှင့် တိဘတ်ဘုန်းတော်ကြီး ဒလိုင်းလားမားကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) ကိုစတင်တည်ထောင်စဉ်က ပါဝင်ခဲ့ပြီး လက်ရှိတွင် မြန်မာ အမျိုးသမီးများ သမဂ္ဂ (BWU) ၏ဥက္ကဌ မဆူးပွင့်က မြန်မာပြည် ဒီမိုကရေစီအရေးအတွက် အရှိန်မြှင့် ဆောင်ရွက်သည့်နေရာတွင် အမေရိကန်က ဝိုင်းဝန်း ဆောင်ရွက်ပေး သည်ဟု ယူဆကြောင်း ပြောကြားသည်။

ဆက်လက်၍ ၎င်းက ဒီမိုကရေစီခေါင်းဆောင် တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နေအိမ်အကျဉ်းကျနေဆဲ ဖြစ်သော်လည်း ယခုကဲ့သို့ နိုင်ငံတကာက ပေးအပ်သည့် ဆုများ ရရှိနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောသည်။

“လုံခြုံရေးကောင်စီလိုပဲ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်နိုင်ဖို့ ဒီထက်ပိုပြီး ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ခုလို ဆုချီးမြှင့်လိုက်တဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်” ဟု မဆူးပွင့်က ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် စာရေးဆရာမ တဦးကလည်း ယခုကဲ့သို့ ဒေါ်အောင်ဆန်းစု ကြည် ဆုရရှိခြင်းမှာ အလွန်ပင် ထိုက်တန်ကြောင်းနှင့် ယခုပေးမည့် ဆုထက်သာသည့် ဆုများရှိသေးလျင် ချီးမြှင့်စေချင်သေးကြောင်း ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက အနိုင်ရပါတီဖြစ်ခဲ့ သော်လည်း စစ်အစိုးရက ယခုအချိန်ထိ အာဏာ လွှဲပြောင်း ပေးအပ်ခြင်း မရှိပေ။

အမေရိကန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတံဆိပ်ဆုချီးမြှင့်ရန် အတည်ပြုလိုက် ချိန်တွင် နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ပြတ်သားစွာ ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူပြောင်းရေး၊ တွေ့ဆုံဆွေးနွေးရေးတို့ ပြုလုပ်သွားရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်တရပ် ချမှတ်လိုက်သည်။

ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရကို ဆက်လက်ဖိအားပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာကို မြန်မာစစ်အစိုးရအား လက်နက်များ ရောင်းချခြင်းမပြုရန် အပြင်းအထန် ကန့်ကွက်ပိတ်ပင် သွားမည်ဖြစ်ကြောင်း ၎င်းဆုံးဖြတ်ချက်ထဲတွင် ရေးသားထားသည်။

ထို့ပြင် စီးပွားရေးပိတ်ဆို့မှုများကိုလည်း တဦးချင်းစီ ပစ်မှတ်ထား ဆောင်ရွက်သွားမည် ဖြစ်ကာ လူ့အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုများကိုလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၈၀၀ ကျော်ကို လွှတ်ပေးရေးအတွက် အကြိမ်ကြိမ် တောင်းဆိုထားပြီး စက်တင်ဘာ အရေးတော်ပုံကို နှိမ်နင်းစဉ်က သေဆုံးသူ၊ ပျောက်ဆုံးသူများ စာရင်းကို အတိအကျ ထုတ်ပြန်ပေးရန်ပါ တောင်းဆိုလိုက်သည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.