#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မြန်မာများ ထိုင်းသို့ ဝင်ရောက်လာမှု တားဆီးပေးရန် ထိုင်းအာဏာပိုင်များ တောင်းဆို
ဧရာဝတီ | ဧပြီ ၂၄ ၊၂၀၀၈

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာမှုကို ပိတ်ပင်တားဆီး ပေးရန် ယမန်နေ့က တရက်ကြာကျင်းပသော ထိုင်း-မြန်မာ ၂ နိုင်ငံ နယ်စပ်ကော်မတီ အစည်းအဝေးသို့ ရောက်ရှိ လာသည့် မြန်မာတာဝန်ရှိသူများအား ထိုင်းအာဏာပိုင်များက တင်ပြတောင်းဆိုကြောင်း သိရသည်။

အဆိုပါ ထိုင်းအာဏာပိုင်များ၏ တင်ပြချက်သည် ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က မြန်မာနိုင်ငံသား ၅၄ ဦး မြန်မာ နိုင်ငံ ကော့သောင်းမြို့ဘက်မှ မြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တရားမဝင် ဝင်ရောက်လာစဉ် အအေးခန်း ကားပေါ်၌ သေဆုံးခဲ့သည့် အမှုနှင့် ဆက်စပ်တင်ပြခြင်းဖြစ်သည်။

ယခုကဲ့သို့ ဝမ်းနည်းဖွယ်ရာ ကိစ္စမျိုးထပ်မံမဖြစ်ပွားစေရန်အတွက် မြန်မာအာဏာပိုင်များအနေနှင့် ကူညီ၍ တားဆီး ကာကွယ်ပေးရန် ထိုင်းစစ်တပ် ဆူရာဆီး တာ့ခ်စ် ၏ ခြေလျင်တပ်ရင်း ၂၉ မှ ဗိုလ်မှူးကြီး ဖွန်ထစ် ဝါ့ချရာ့ဖန် က နယ်စပ် အစည်းအဝေးတွင် ပြောသည်ဟု ဆိုသည်။

ထို့ပြင် ၎င်းက ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်ရန် တင်ပြကြောင်းလည်း သိရသည်။

ယင်း တရက်ကြာအစည်းအဝေးသို့ မြန်မာနိုင်ငံ ကော့သောင်း နယ်စပ်ကော်မတီ ဥက္ကဌ ဗိုလ်မှူးကြီး ကျော်ကျော် ဦး နှင့် နေပြည်တော်မှ အဆင့်မြင့် ရဲ အရာရှိ ဦးရဲမင်းတို့အပါအဝင် အဖွဲ့ဝင် ၂၄ ဦး တက်ရောက်ပြီး ထိုင်းနိုင်ငံ ဘက်မှ ထိုင်း ရဲ အရာရှိများ တက်ရောက်ကြောင်း မြန်မာ အာဏာပိုင်များနှင့် နီးစပ်သူ တဦး ကပြောပြသည်။

ကော့သောင်းမြို့မှ ရဲ အရာရှိ ဦးကြည်လွင်၊ ဦးဝင်းမြင့် နှင့် ဦးအောင်မြင့်ထွန်း တို့လည်း အဆိုပါနယ်စပ် အစည်း အဝေး သို့ တက်ရောက်သည်ဟု ဆိုသည်။

ယင်း အစည်းအဝေးတွင် ၂ နိုင်ငံ တာဝန်ရှိသူများက နယ်စပ် ကုန်သွယ်ရေး ကိစ္စများကိုလည်း ဆွေးနွေးကြ ကြောင်း သိရသည်။

တချိန်တည်း၌ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံသား ၅၄ ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းလုပ်ဆောင်ပေးရန် ထိုင်းအစိုးရသို့ တိုက်တွန်း တောင်းဆိုသော ကြေညာချက်တစောင်ကို ယနေ့ထုတ်ပြန် လိုက်သည်။

“ယခု မြန်မာနိုင်ငံသားများသေဆုံးမှုသည် သာမန်လူနည်းစု ကိစ္စမဟုတ်သောကြောင့် ယခုထက်ပို၍ အများ ပြည်သူ ရှင်းရှင်းလင်းလင်း သိရှိရန်အတွက် အစိုးရအဖွဲ့သို့တင်ပြ၍ တရားနည်းလမ်းတကျ စုံစမ်း ဖော်ထုတ် ဖြေရှင်းပေးရန် ဘန်ကောက်မြို့အခြေစိုက် ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးဌာန ထိပ်တန်း အရာရှိများကို အာရှ လူ့အခွင့်အရေးကော်မရှင်က တောင်းဆိုထားသည်”ဟုလည်း ယင်း ကြေညာချက်တွင် ပါရှိသည်။

ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် တရားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီး တဦးကမူ လူကုန်ကူးမှု များတွင် ယခုကဲ့သို့သေဆုံးမှုများနှင့်ပတ်သက်ပြီး နည်းစနစ်တကျဖြင့် အပြည့်အဝ စုံစမ်းဖော်ထုတ်မှုများ မပြုလုပ် နိုင်သေးကြောင်း ပြောဆိုသည်။

အဆိုပါ ဧပြီ ၉ ရက်နေ့က ၅၄ ဦး သေဆုံးမှုတွင် ကားပေါ်ပါ လူပေါင်း ၁၂၁ ဦး ရှိပြီး ၆၇ ဦး ကျန်ရှိသည့် အထဲမှ လက်ရှိ ၁၄ ဦးကို ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ထားရှိကြောင်း မျက်မြင်တဦး၏ ပြောပြချက်အရ သိရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.