#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

တိုင်းမှူးများနှင့် ဝန်ကြီးများလည်း ထောက်ခံမဲထည့်ရေး စည်းရုံးနေ
အေးလဲ့ | ဧပြီ ၂၃၊ ၂၀၀၈

စစ်အစိုးရ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ ဝန်ကြီးများနှင့် အရာရှိများက လာမည့် မေလ ၁၀ရက်နေ့တွင်ကျင်းပ မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် စည်းရုံးရေးဆင်းနေကြောင်း သိရသည်။

မကြာသေးခင်က မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချူပ်အုန်းမြင့်သည် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဗန်းမော် မြို့နယ်များရှိ ဒေသဆိုင်ရာ အဏာပိုင်များနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များကိုတွေ့ဆုံကာ ယင်းဒေသခံများ ထောက်ခံမဲ ထည့်ရေးအတွက် စည်းရုံးလှုံ့ဆော်ရန် တိုက်တွန်း ပြောကြားခဲ့ ကြောင်းကို မြစ်ကြီးနား ဒေသခံတဦးကပြောသည်။

“မြစ်ကြီးနားဒေသခံတွေကို ထောက်ခံမဲပေးရမယ်၊ ထောက်ခံမဲထည့်ရင် လက်ကိုင်ဖုန်းချပေးမယ်၊ ကန့်ကွက်မဲ ပေးတဲ့သူတွေကိုတော့ အရေးယူထောင်ချခံရမယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်တယ်”ဟု ၎င်းကဆိုသည်။

မတ်လအစောပိုင်းကလည်း ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်းနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးတို့ ၏ ညွန်ကြားချက်အရ ရယက အဖွဲ့ဝင်များက ဒေသခံများကို ထောက်ခံမဲပေးကြရန် စည်းရုံး နေကြောင်းကို ရန်ကုန်မြို့ခံ တဦးကပြောသည်။

တချိန်တည်းတွင် ဌာနဆိုင်ရာ ၀န်ကြီးများနှင့်အရာရှိများသည်လည်း ထောက်ခံမဲထည့်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ သွားရောက်၍ စည်းရုံးရေးဆင်းနေသည် လည်းဟုသိရသည်။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် အင်းကုန်း စက်မှုလယ်ယာစက်ရုံတွင် စက်မှုလယ်ယာ ညွန်ချူပ် က ပြီးခဲ့သည့် အပတ် နှစ်ဆန်း ၂ ရက်နေ့က စက်မှုဝန်ထမ်းများအားလုံးကို ဒီမိုကရေစီစနစ်ကို လိုလားလျင် ထောက်ခံမဲပေးကြရန် ပြောကြားကြောင်း ၎င်းစက်ရုံမှ လုပ်သားတဦးကပြောသည်။

မန္တလေးမြို့မှ အသက်၂၃နှစ်ရှိသူ ၀န်ထမ်းတဦးကမူ“မဲကိုတခါးမှ မပေးဖူးဘူးဆိုတော့ ပေးဖူးသည်ရှိ အောင်တော့ သွားပေးမယ် ပေးရင်လည်း No ပဲထည့်မယ်” ဟု ပြောသည်။

မန္တလေးရှိ အစိုးရဌာနဆိုင်ရာများတွင် လုပ်ကိုင်နေသည့် လက်ထောက်မန်နေဂျာ တဦးနှင့် မောင်နှမတချို့ ကလည်း ဆန္ဒခံယူပွဲမဲကို လွတ်လပ်စွာပေးနိုင်ရန် ကြိုတင် ဆေးပင်စင် တင်ထားကြောင်းကို ထိုမိသားစုနှင့် နီးစပ်သူ တဦးက ယခုလိုပြောသည်။

“အဲဒီ လက်ထောက်မန်နေဂျာက လစာ ကျပ် ၈ သောင်းလောက်ရနေပြီ။ သူ့အစ်မ က မယက မှာ လူကြီး တယောက်ပဲ၊ သူ့ညီမက မြို့နယ်ပညာရေးမှူးရုံးမှာ အရာရှိဖြစ်နေပြီ အဲဒါကိုသူတို့တွေက သူတို့ဘာသာ သူတို့ဆေးပင်စင် တင်လိုက်ကြတယ်” ဟု ၎င်းကပြောသည်။

တချို့သောသာမန် လခစား အလုပ်သမားများကလည်း ကန့်ကွက်မဲ ပေးမည် ဟုပြောကြောင်းလည်း သိရ သည်။

ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သုတေသနမှူး ဦးဌေးအောင်က စစ်ဗိုလ်ချုပ်များ အနေနှင့် အခြေခံဥပဒေ အတည်ပြုဆန္ဒခံယူပွဲ အောင်မြင်ရေးသည် သူတို့၏ တာဝန်ဖြစ်၍ အောင်မြင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။

“ဒီ စစ်အစိုးရက တော့ သူတို့ရဲ့ လမ်းပြမြေပုံ ၇ ဆင့် အတိုင်း အခြေခံဥပဒေ ဆန္ဒခံယူပွဲအောင်မြင်အောင် လုပ်သွားမှာပဲ”ဟု ဦးဌေးအောင်က ပြောဆိုသည်။

ယနေ့အစိုးရထုတ်မြန်မာ့အလင်းသတင်းစာတွင် အနောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချူပ်မောင်ရှိန်နှင့် ကြံ့ဖွံ့ဗဟို အလုပ်အမှုဆောင် ပို့ဆောင်ရေး ဝန်ကြီး ဗိုလ်ချူပ်သိန်းဆွေ တို့သည် ဧပြီလ ၁၉ရက်နေ့တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် နှင့်စစ်တွေမြို့နယ် များရှိပြည်သူများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်ဟု ပါရှိ သည်။

ကြံ့ဖွံ့ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းသည်လည်း မြင်းခြံခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အစည်းအဝေးခန်းမဆောင်၌ မန္တလေးတိုင်း ကြံ့ဖွံ့ အလုပ် အမှုဆောင်နှင့်မြင်းခြံခရိုင် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး နှင့်ငါန်းဇွန်မြို့နယ်များမှကြံ့ဖွံ့အတွင်း ရေးမှူးနှင့် အလုပ်အမှုဆောင်များကိုတွေ့ဆုံခဲ့ကြောင်းပါရှိသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.