#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု နှစ်သစ်ကုသိုလ်ပြု
အေးချမ်းမြေ့ | ဧပြီ ၂၁၊ ၂၀၀၈

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဇနီးဒေါ်ကြိုင်ကြိုင်နှင့် မိသားစုဝင်များသည် မြန်မာနှစ်ဆန်း ၁ ရက် နေ့မှစ၍ ပြင်ဦးလွင်မြို့ရှိကျောင်းတိုက်များအတွက် အလှူအတန်းပြုခြင်းအပါအဝင် ငါးနှင့်ငှက်များလွှတ်ခြင်း၊ မန္တလေးမြို့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးဖွင့်ပွဲ တက်ရောက်ခြင်း စသည့် ကောင်းမှု ကုသိုလ်များ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း စစ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။


(ဓာတ်ပုံ - NLM)

နှစ်ဆန်း ၁ ရက်နေ့၊ ဧပြီ ၁၇ ရက်နေ့နံနက်က ဗိုလ်ချုပ်မှူးကြီးနှင့် မိသားစုဝင်များသည် ပြင်ဦးလွင်မြို့ရှိ ကျောင်းတိုက်များအတွက် ဆွမ်းဆန်၊ ဆီ နှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပခဲ့သည်ဟု ဆိုသည်။

၎င်းအခမ်းအနားအပြီးတွင် ဗိုလ်ချုပ်မှူးကြီးမိသားစုသည် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်ပြီး အဘယဒါနဇီဝိတဒါနအဖြစ် တိရစ္ဆာန်များကို လွှတ်ပေးခဲ့သည်။ ထိုသို့ လွတ်လပ်ခွင့် ပေးရာတွင် ချိုး၊ ခို၊ ဇီးကွက်၊ စာကလေးနှင့် ငါးများကို လွှတ်ပေးခဲ့သည်ဟု သတင်းစာများတွင် ရေးသားဖော် ပြထားသည်။

မြန်မာနှစ်ဆန်း ၂ ရက်နေ့၊ ဧပြီ ၁၈ ရက်နေ့နံနက်ကလည်း ဗိုလ်ချုပ်မှူးကြီးမိသားစုသည် မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံဖွင့်ပွဲသို့ တက်ရောက်ပြီး အဆိုပါအခမ်းအနားသို့ ကြွရောက်လာသော နိုင်ငံတော်သြဝါဒ စရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများကို လှူဖွယ်ပစ္စည်းများဖြင့် ဆပ်ကပ် လှူဒါန်းခဲ့သည်ဟု သတင်းစာများတွင် ဖော်ပြပါရှိသည်။

မြန်မာစစ်အစိုးရပိုင် ကြေးမုံသတင်းစာ၊ ၁၈ ရက်နေ့ထုတ်တွင် နေပြည်တော်၌ နှစ်ဆန်း ၁ ရက်နေ့ နံနက်စောစောက အန္တရာယ်ကင်းပရိတရားတော်များ ရွတ်ပွားသရဇ္ဈာယ်ပြီး ပရိတ်ရေ၊ ပရိတ်ဆန်၊ ပရိတ်ချည်နှင့် ပရိတ်သဲများကို ရဟတ်ယာဉ် ပေါ်မှ သွန်းဖျန်းခဲ့ကြောင်း ဖော်ပြထားသည်။

တချိန်တည်းတွင် သင်္ကြန်တွင်းက ရန်ကုန်မြို့၌ NLD အဖွဲ့ဝင်များ ချောင်းမြောင်းရိုက်နှက် နှောင့်ယှက်ခြင်း ခံခဲ့ရပြီး သင်္ကြန် အတက်နေ့ နံနက်စောစောက လူငယ်ဟစ်ဟော့အဆိုတော် ရန်ရန်ချန်းကို မုံရွာမြို့တွင် ဖမ်း ဆီးခဲ့သည်။

ဖမ်းဆီးခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားတချို့၏ ကျန်းမာရေးအခြေအနေမှာလည်း ဆိုးရွားလျှက်ရှိနေပြီး အထူး သဖြင့် အဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မျက်လုံးများမှာ လုံးဝအခြေအနေ ဆိုးရွားလျှက်ရှိကြောင်း ကြားသိရသည်။

မြန်မာစစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ကိစ္စရပ်ကို လုံးဝ လျစ်လျူရှုနေရုံမျှမက စက်တင်ဘာအရေးတော်ပုံ နောက်ပိုင်းမှစ၍ ဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်လျှက်ရှိရာ အခြေခံ ဥပဒေအတွက် ဆန္ဒခံယူပွဲကျင်းပချိန် နီးကပ်လာလေ ဖမ်းဆီးမှု ပိုမို စိပ်လာလေဖြစ်သည်။

သင်္ကြန်တွင်းကလည်း နိုင်ငံတော်အကြီးအကဲများနှင့် ပတ်သက်သည့် သားသမီးမြေးမြစ်များ၊ ဆွေမျိုးများ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ မိသားစုများက မဏ္ဍပ်ကြီးများဖြင့် ကိုယ်စီကိုယ်ငှ ပျော်ရွှင်စွာရေကစား နေကြချိန်တွင် နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူ လူငယ်များမှာ စစ်အစိုးရ၏ ဖမ်းဆီးမှုမှ ကင်းလွတ်ရန် ထွက်ပြေးပုန်းရှောင်နေကြရသည်။ လူငယ်ဟစ်ဟော့ အဖွဲ့ဝင် ရန်ရန်ချန်းမှာ ထွက်ပြေးပုန်းရှောင်နေစဉ် အဖမ်းအဆီးခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု လွှတ်ပေးခဲ့သော တိရစ္ဆာန်များမှာ တနင်္လာနာမ်နှင့် အင်္ဂါနာမ်များဖြစ်နေပြီး အထူးသဖြင့် ဇီးကွက်မှာ အင်္ဂါနာမ်နှင့် တနင်္လာနာမ်အတွဲဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်၍ ယတြာဖြင့် လွှတ်ပေး ခြင်းဖြစ်နိုင်ကြောင်း ဗေဒင်နားလည်သူတို့က သုံးသပ်သည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.