ရန်ကုန်မြို့ ဗုံး ၂ လုံး ပေါက်ကွဲ
အောင်သက်ဝိုင်း | ဧပြီ ၂၁၊ ၂၀၀၈
အခြေခံဥပဒေ ၂၀၀၈ အတည်ပြုဆန္ဒခံယူပွဲကျင်းပရန် ရက် ၂၀ ခန့်အလို ယမန်နေ့ညကရန်ကုန်မြို့လယ်ရှိ ကျောက်တံတား မြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ် ကုန်သည်ကြီးများဟိုတယ် အနီးတို့တွင် ဗုံး ၂ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ည ၈ နာရီ ၂၀ မိနစ် ခန့်တွင် ကျောက်တံတားမြို့နယ် ၃၆ လမ်း အလယ်ဘလောက် ဟိန္ဒူဘုရားကျောင်း အနောက်ဘက် ခြမ်း အေဘီစီစတောက် ဘီယာဆိုင် နှင့် မျက်နှာချင်းဆိုင် ရေမြောင်းအတွင်း၌ ပထမ ဗုံးတလုံး ပေါက်ကွဲခဲ့ရာ ဗုံးသံမှာ အလွန်ကျယ်လောင်ကြောင်း ၃၆ လမ်းအတွင်းနေထိုင်သူများက ပြောသည်
“ဖြစ်တဲ့အချိန်က လူပြတ်တဲ့အချိန်၊ အုံးဆိုတဲ့ အသံ အကျယ်ကြီး ရုတ်တရက်ကြားလိုက်ရတယ်၊ သိပ်မကြာဘူး ရဲတွေ၊ စစ်သားတွေရောက်လာတဲ့အချိန်ကျမှ ဗုံးပေါက်မှန်းသိတာ၊ ပြီးတော့ မဟာဗန္ဓုလလမ်း အပါအ၀င် လမ်းတွေ အားလုံးပိတ် လိုက်တယ်၊ ပြီးတော့ ရေမြောင်းတွေအားလုံး မြောင်းဖုန်းတွေလှန်ပြီး ရှာတယ်၊ အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်” ဟု မျက်မြင်ကြုံတွေ့သူ တဦးက ပြောပြသည်။
အဆိုပါဗုံးပေါက်ကွဲသည့် ၃၆ လမ်း အလယ်ဘလောက် ရေမြောင်းမှာ ကျောက်တံတားမြို့နယ် မယက ရုံးနှင့် မျက်နှာချင်း ဆိုင် လမ်းဘက်တွင်ရှိသည်။
ယင်း ဗုံးပေါက်ကွဲမှုကြောင့် ရေမြောင်း အဖုံးများ ပျက်စီးသွားရပြီး ကြီးကြီးမားမား အပျက်အစီးနှင့် လူအသေ အပျောက် မရှိကြောင်း သိရသည်။
ဒုတိယ ဗုံးပေါက်ကွဲမှုမှာ ပန်းဘဲတန်းမြို့နယ် ၃၂ လမ်းအပေါ်ဘလောက် ကုန်သည်ကြီးများဟိုတယ် အနောက် ဘက်ခြမ်း တွင် ရပ်နားထားသည့် တိုယိုတာ ကော်ရိုနာ အမျိုးအစား စလွန်းကားအတွင်းတွင် ည ၉ နာရီ ခွဲခန့်က ပေါက်ကွဲခြင်းဖြစ် ကြောင်း ကုန်သည်ကြီးများဟိုတယ် လုံခြုံရေးဝန်ထမ်းတဦးက ပြောသည်။
“ကားနံပါတ်က ဓ/၂၀၉၇ ပါ၊ လောလောဆယ် ကားကို ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ပဲရပ်ထားပါတယ်၊ ဒါပေမယ့် ကားရပ် ထားတဲ့နေရာကိုတော့ သံဆူးကြိုးဘယ်ရီယာတွေချထားပြီး ဟိုတယ်လုံခြုံရေး နဲ့ ရဲ လုံခြုံရေးတွေချထား ပါတယ်” ဟု ယင်း လုံခြုံရေးဝန်ထမ်းက ဆိုသည်။
၃၂ လမ်းတွင်နေထိုင်သူ တဦးကလည်း“ကားအတွင်းပိုင်းက မောင်းတဲ့သူထိုင်တဲ့ဆိုဖာထိုင်ခုံ ၊ ကားကိုယ်ထည်တွေ တော်တော်ပျက်စီးသွားတယ်၊ မီးလောင်သလိုမျိုး မီးခိုးတွေ အူထွက်လာလို့ ၀ိုင်းမီးငြိမ်းသတ်ရတယ်” ဟု ပြောပြသည်။
၃၂ လမ်းဗုံးပေါက်ကွဲမှုတွင်လည်း လူတဦးတယောက်မျှ ထိခိုက် သေဆုံးမှုမရှိဘဲ ကားတစီးသာဆုံးရှုံးပျက်စီးမှု ရှိကြောင်း သိရသည်။
နောက်ဆုံးရရှိသော သတင်းများအရ တိုယိုတာ ကော်ရိုနာစလွန်းကားပိုင်ရှင်ကို ပန်းဘဲတန်းရဲစခန်းတွင် ခေါ်ယူ စစ်ဆေး မေးမြန်းလျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ပန် ကျေးရွာ၌ ရိုးရာ ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေစဉ် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) (SSA-S) အဖွဲ့ဝင်တဦး၏ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ဝမ်ပန် ကျေးရွာနေသူ ၂ ဦး၊ လဲချားမြို့နေသူ ၂ ဦး နှင့် ကျောက်မဲမြို့နယ် ပန်းတိမ် ကျေးရွာနေသူ ၁ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိပြီး လဲချားမြို့ နယ် ဆေးရုံတွင် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ဧပြီ ၁၄ ရက်နေ့ ထုတ် စစ်အစိုးရ မြန်မာ့အလင်း သတင်း စာ၌ ဖော်ပြထားသည်။
၂၀၀၈ ခု နှစ်ဆန်း ဇန်နဝါရီ လ ၁၁ ရက်နေ့ နံနက် စောစောကလည်း ပျဉ်းမနား နေပြည်တော် ဘူတာ၌ ဗုံးပေါက် ကွဲပြီး အမျိုးသမီး တဦးသေဆုံးကာ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ ရန်ကုန်ဘူတာကြီး၌ ဗုံးပေါက် ကွဲမှု ကြောင့် အမျိုးသမီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
စစ်အစိုးရ က လာမည့် မေလ ၁၀ ရက်နေ့တွင် ကျင်းပမည့် အခြေခံဥပဒေ ၂၀၀၈ အတည်ပြု ဆန္ဒခံယူပွဲကို အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ၎င်းတို့ သတင်းစာများ၌ သတိပေးထားသည်။ [Top] |