#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အခြေခံဥပဒေမူကြမ်း စာအုပ် အများပြည်သူဖတ်ရှုနိုင်ရန် ရောင်းချ
ကိုစိုး | ဧပြီ ၉၊ ၂၀၀၈

စစ်အစိုးရ ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ၂၀၀၈ စာအုပ်ကို ရန်ကုန်မြို့အစိုးရ စာအုပ်အရောင်းဆိုင်များတွင် စတင်ရောင်းချနေကြောင်း သိရသည်။

ယင်းအခြေခံဥပဒေမူကြမ်းစာအုပ်အား ရန်ကုန်မြို့ရှိ အစိုးရ စာပေဗိမာန် စာအုပ်အရောင်းဆိုင်မှ ကျပ် ၁၀၀၀ ဖြင့် ဝယ်ယူရရှိ ခဲ့ကြောင်း ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက်တဦးက ပြောသည်။

“အဲဒီစာအုပ် နောက်ကျောမှာ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်ချက်လည်း ထည့်ထားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါ စာအုပ်တွင်ပါရှိသည့် ပြင်ဆင်ချက်ပါစာသားများမှာ ၄၃၆။ (က) ပါ နောက်ဆုံးစာကြောင်းဖြစ်သည်။ “ဆန္ဒမဲ ပေးပိုင် ခွင့်ရှိသူ အားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”ဆိုသောစာကြောင်းတွင် ထက်ဝက်ကျော် ဟူသော စကားရပ်ကို ဖြည့်စွက် ၍ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”ဟု ပြင်ဆင်ဖတ်ရှုရန်။ ဆိုပြီး ဖော်ပြထား ကြောင်း ရန်ကုန် ဂျာနယ်သတင်းထောက်က ဆက်လက်ပြောပြ သည်။

ယင်းပြင်ဆင်ချက်မှာ ယခုအခြေခံဥပဒေ မူကြမ်း စာအုပ်ပါ “အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၌ ရေးသား ထားသော ပြင်ဆင်လိုလျင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး ဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်”ဟူသော စာပိုဒ်နေရာဖြစ်ကြောင်း တွေ့ရှိရသည်။

ယခင်အသေးစိတ်အခြေခံရမည့်မူများတွင်ပါရှိသည့်အတိုင်း ပြန်လည်ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။

စစ်အစိုးရကိုလိုလားသော www.myanmarforum.net အင်တာနက်စာမျက်နှာတွင်လည်း အခြေခံဥပဒေမူကြမ်း စာအုပ် ၂၀၀၈ ကို အစိုးရစာအုပ်ဆိုင်များ၌ ကျပ် ၁၀၀၀ ဖြင့် တနင်္လာနေ့က စတင်ဝယ်ယူရရှိနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရ သည်။ စာမျက်နှာ ၁၉၄ မျက်နှာပါအခြေခံဥပဒေ မူကြမ်းစာအုပ်ကိုလည်း ယင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထား သည်။

ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းကမူ ယခုအခြေခံဥပဒေမူကြမ်းစာအုပ်ကို အစိုးရစာအုပ်ဆိုင်များတွင် ရန်ကုန်မြို့ ခံများ သွားရောက်ဝယ်ယူသည်ကိုတွေ့ရှိရကြောင်းနှင့် ယင်းစာအုပ်သည် စစ်တပ်အတွက် အဓိက ရေးဆွဲထားခြင်းဖြစ် ကြောင်း ပြောသည်။

“ကျနော် ဖတ်ရသလောက်တော့ ဒီအခြေခံဥပဒေက စစ်အစိုးရ တရားဝင်အုပ်ချုပ်ရေးအတွက် ရေးဆွဲထားတာ ပဲ”ဟု ဦးအောင်သိန်းက ပြောပြသည်။

စစ်အစိုးရ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်က လာမည့်မေလတွင် အတည်ပြု ဆန္ဒခံယူပွဲကျင်းပမည့် အခန်း (၁၅) ခန်းပါ ယင်းအခြေခံဥပဒေမူကြမ်း ပြီးစီးကြောင်းကို လွန်ခဲ့သော ဖေဖော်ဝါရီ ၁၈ ရက် ကထုတ်ပြန် ကြေညာခဲ့သည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.