#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဟိုမှာလည်း NO၊ ဒီမှာလည်း NO၊ NO campaign များ ဆက်လက်လှုပ်ရှား
ကိုစိုး | ဧပြီ ၈၊ ၂၀၀၈

စစ်အစိုးရပြုလုပ်မည့် အခြေခံဥပဒေမူကြမ်း အတည်ပြု ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲထည့်ရေး NO campaign လှုပ်ရှားမှုများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆက်လက် ပြုလုပ်နေကြောင်း မြို့ခံမျက်မြင်များကပြောသည်။

ယမန်နေ့ညနေက ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းဘက်ရှိ မြရိပ်ညို ဟိုတယ် ဆိုင်းဘုတ်တွင် NO ဟု ရေးထားသည်ကို တွေ့ခဲ့ရကြောင်း ရန်ကုန်မြို့ခံတဦးကပြောသည်။

မန္တလေးမြို့ ၃၃ x ၈၁ လမ်း ထောင့် ရေစင်တွင်လည်း NO

“ကမ္ဘာအေးဘုရားလမ်းအတိုင်း ကားစီး သွားရင်းနဲ့တွေ့တာ၊ လမ်းဘေးမှာရှိတဲ့ ဆိုင်းဘုတ်ပေါ်မှာ စပရေးနဲ့ NO လို့ရေး ထားတာကို တွေ့ခဲ့တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

မန္တလေးမြို့တွင်လည်း လွန်ခဲ့သည့် သောကြာနေ့ညက စတင်ပြီး spray ဖြင့်ရေးသည့် NO campaign ပြုလုပ်နေ ကြောင်း ကိုယ်တိုင်ပါဝင်သူနှင့် မြို့ခံများ က ပြောပြသည်။

“ကျနော်တို့ spray campaign လုပ်ဖြစ် တယ်၊ မန်းမြို့တော်ကြီးကို (၄) ပိုင်း ပိုင်းပြီး လှုပ်ရှားကြတယ်၊ မြို့သစ်၊ စက်မှုဇုန်၊ ကျွဲဆည်ကန်ဘက်မှာတအုပ်စု၊ တောင်မြို့(အမရပူရမြို့) ၊ တမ္ပဝတီ၊ စစ်ကိုင်းလမ်း တလျှောက်ဘက်က တအုပ်စု၊ (၇၈)လမ်းအရှေ့ဘက်နဲ့သိပိပံ္ပလမ်း မြောက်ဘက်က တအုပ်စု၊ ပြီးတော့(၇၈)လမ်း အနောက်ဘက် နဲ့ ဘုရားကြီး မြောက်ဘက်က တအုပ်စု ဆိုပြီး အကြမ်းဖျင်းခွဲလှုပ်ရှားကြတယ်”ဟု မန္တလေးရှိ ပါဝင်လှုပ်ရှားခဲ့သူ တဦး က ပြောသည်။

ယင်းမန္တလေး NO လှုပ်ရှားမှုပြုလုပ်သူများသည် ည ၁၂ နာရီ နောက်ပိုင်းမှ နံနက်လင်းချိန်အထိ လုပ်ဆောင်ကြရာတွင် ကျုံးပတ်ပတ်လည်နေရာ အနှံ့လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ NO လှုပ်ရှားမှုများပြုလုပ်နေသည့် ယခုရက်ပိုင်းများအတွင်း ရန်ကုန်နှင့်မန္တလေးမြို့များတွင် အာဏာပိုင် များက လုံခြုံရေးများ တိုး၍ချထားကြောင်း မြို့ခံများကပြောသည်။

မန္တလေးမြို့ ၈၁ x ၃၄ လမ်း ထောင့် အမှိုက်ကန်မှ NO

“တနေ့က ဦးဝိစာရလမ်းပေါ်မှာရှိတဲ့ ကျနော့်ကား ဆီသွားထည့်တဲ့ ဓာတ်ဆီ ဆိုင်အနားမှာ အရင် စစ်သားတွေ တွေ့နေရာကနေ အခု လုံထိန်းရဲတွေပါ တွေ့ရတယ်၊ စစ်သားတော့ လျော့သွား သလိုပဲ၊ ဒါပေမယ့် မြို့တော်ခန်းမ အနားမှာလည်း လုံထိန်းရဲကားတွေ ထိုးထားတာ တွေ့ရတယ်၊ တချို့ကား တွေဆို နံပါတ်တောင်မပါဘူး”ဟု ရန်ကုန် မြို့ခံက ပြောပြသည်။

ဧပြီ ၂ ရက် နေ့ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)က လာမည့်မေလတွင် စစ်အစိုးရ ကျင်းပ မည့် အခြေခံ ဥပဒေ အတည်ပြု ဆန္ဒခံယူပွဲအား ကန့်ကွက်မဲပေးရန်နှင့် မဲပေးရာတွင် လွတ်လပ်၍ တရားမျှတမှု ရှိမရှိ ကို စောင့်ကြပ် ကြည့်ရှုရန် မြန်မာ ပြည်သူလူထုတရပ်လုံးသို့ ပန်ကြားသည့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

မတ်လဆန်းက စတင်၍ ကန့်ကွက်မဲပေးရေးစည်းရုံးလှုံ့ဆော်သည့် စတေကာ၊ ပိုစတာ၊ စီဒီဓာတ်ပြား ဖြန့်ဝေခြင်း နှင့် NO စာလုံးများပါသည့် တီရှပ်များဝတ်ဆင်လှုပ်ရှားမှုများကို ရန်ကုန်နှင့် မန္တလေးမြို့များရှိ သံဃာတော်များနှင့် ကျောင်းသား လူငယ်များက ဦးဆောင်ပြုလုပ်ခဲ့ကြရာ နိုင်ငံနှင့်တဝန်းပျံ့နှံ့နေကြောင်း သိရှိရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.