#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

လူထု ဒေါ်အမာ ကွယ်လွန်
ကိုစိုး ၊ ဧပြီ ၇ ၊ ၂၀၀၈

မြန်မာနိုင်ငံ မန္တလေးမြို့နေ ထင်ရှားသည့် သတင်းစာဆရာနှင့် စာရေးဆရာမကြီး လူထုဒေါ်အမာ (၉၂)နှစ်သည် ယနေ့ နံနက်ပိုင်းက မန္တလေးဆေးရုံကြီး နှလုံးရောဂါဆောင်တွင် ကွယ်လွန်သွားခဲ့သည်။

ဆရာမကြီး ဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေး က “အမေ မနက် ၈ နာရီ ၃၇ မိနစ်က အနိစ္စရောက်ပါတယ်၊ မန္တလေးဆေးရုံကြီးက နှလုံးရောဂါဆောင်မှာပါ၊ တခြားရောဂါတော့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

လူထု ဒေါ်အမာ (၁၉၁၅-၂၀၀၈)

လူထု ဒေါ်အမာသည် မြန်မာနိုင်ငံတွင် သြဇာကြီးမားသော သတင်းစာဆရာ၊ စာရေးဆရာမကြီး တဦးဖြစ်သည်။

ဆရာမကြီးသည် မန္တလေးမြို့ ဂုန္တန်ရပ်၌ အဘ ဦးထင် ၊ အမိ ဒေါ်စုတို့မှ ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၂ ဦးရှိသည့် အနက် စတုတ္ထ မြောက်ဖြစ်သည်။ အမည်ရင်းမှာ အမာ ဖြစ်သည်။

၁၉၂၀-၂၃ ခုနှစ် တရုတ်တန်း အမျိုးသမီးနေရှယ်ကျောင်းနှင့် ABM ကျောင်းတို့တွင် ငယ်ဘဝ ပညာသင်ကြားခဲ့ ကာ ၁၉၃၁-၃၃ တွင် မန္တလေး ဗဟို အမျိုးသားကျောင်းမှ ၁၀ တန်းအောင်သည်။

၁၉၃၃-၃၅ ခုနှစ် ၌ မန္တလေး ဥပစာကောလိပ်တွင် ဓာတု၊ရူပ၊ သချာင်္ဘာသာတွဲယူ၍ တက်ရောက်ခဲ့ပြီး ၁၉၃၆ တွင် ရန်ကုန် တက္ကသိုလ် ဘီအေ အောက်တန်းသို့ တက်ရောက်စဉ် အင်းယားဆောင် သဟာယ စာဖတ်အသင်း အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ဒုတိယ ကျောင်းသား သပိတ်တို့၌ ပါဝင်ခဲ့သည်။

ထို့နောက် အိုးဝေ၊ ကြီးပွားရေး မဂ္ဂဇင်းများနှင့် ဘားမားဂျာနယ်တို့တွင် စာများရေးရင်း ကြီးပွားရေး ဦးလှနှင့် စတင်သိကျွမ်းပြီး ကြီးပွားရေး မဂ္ဂဇင်းတွင် ခင်လဝင်း၊ မြမဉ္ဖူ ကလောင်အမည်များဖြင့် စာများဆက်လက်ရေး သားသည်။

၁၉၃၉ ခု နှစ်တွင် ကြီးပွားရေး ဦးလှနှင့် အိမ်ထောင်ကျပြီးနောက် လူထုတိုက်ကို ထူထောင်၍ လူထုဂျာနယ်၊ လူထုသတင်းစာများကိုထုတ်ဝေခဲ့သည်။

ဆရာမကြီးသည် ခင်လဝင်း၊ ဇမ္ဗူဒီပါအောင်ထွန်း၊ ဖခင်အောင်နိုင်၊ ဖိုးသာအောင်၊ မြမဉ္ဖူ၊ အမာ၊အမာ(တက္ကသိုလ် သပိတ်မှောက်ကျောင်းသူ)၊ အင်းယား ကျောင်းဆောင်သူတဦး စသည့် ကလောင်အမည်ခွဲ ၈ ခုဖြင့် ပင်ကိုရေးနှင့် ဘာသာပြန် စာပေများကို ရေးသားပြုစုခဲ့ပြီး ထင်ရှား သောစာအုပ်များမှာ ၁၉၆၄ ခုနှစ် စာပေဗိမာန်အနုပညာ ဆိုင်ရာ စာပေ ပထမဆုရ ပြည်သူချစ်သောအနုပညာသည်များ၊ မဟာဂီတ၊ ရွှေဒေါင်းတောင်ဆောင်းပါး၊ ကမ္ဘာ့ အကြီးဆုံးစာအုပ်၊ အမေ့ရှေးစကား စသည်တို့ ဖြစ်သည်။

နိုင်ငံတဝန်းရှိအနယ်နယ်အရပ်ရပ်မှ စာပေ အနုပညာရှင်များနှင့် နိုင်ငံရေးနယ်ပယ် စသည့်နယ်ပယ်စုံမှဆရာမကြီး ကို ချစ်ခင်လေးစားကြသူများသည် နှစ်စဉ် နိုဝင်ဘာ ၂၉ ရက် ဆရာမကြီး၏ မွေးနေ့ပွဲ အခမ်းအနား သို့ စည်းကား သိုက်မြိုက်စွာ တက်ရောက်ကြသည်။

ဆရာမကြီး လူထုဒေါ်အမာသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က အသက် (၉၂) နှစ်ပြည့်ခဲ့ပြီး ဆရာမကြီး၏ မွေးနေ့ ပွဲကို နှစ်စဉ် အမရပူရ မြို့တောင်လေးလုံးကျောင်းတိုက်တွင်ကျင်းပခဲ့သည်။

ဆရာမကြီးမှာ ကွယ်လွန်ချိန်မတိုင်ခင် အချိန်အတန်အကြာကပင် စာမရေးနိုင်တော့ကြောင်း၊ ယခင်ရေးလက်စ ပန်းချီ ဦးဘရင်ကလေး အကြောင်း စာအုပ်မှာ အချောသတ်ရန်သာ လိုတော့ကြောင်း၊ အချောသတ်ပြီးစီးပါက ထုတ်ဝေမည်ဖြစ်ကြောင်းလည်း ဆရာညီပုလေးက ပြောသည်။

စာရေးဆရာ ညီပုလေးက သူ့မိခင်နှင့်ပတ်သက်ပြီး“အမေက ကွယ်လွန်ခါနီးတဲ့အထိအတော် သတိကောင်း ပါ တယ် ခင်ဗျ၊ သူ့ကို ချစ်တဲ့ခင်တဲ့သူတွေများတယ်ဆိုတာ ကျနော်တို့ သိပါတယ်၊ ဒါပေမယ့် အခု တကယ် ကွယ်လွန်တဲ့ အခါကျတော့လည်း မျက်ဝါးထင်ထင်တွေ့ရတာ၊ သူ့ကိုချစ်တဲ့ခင်တဲ့သူတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ရှိတာတွေ့ရတယ်ခင်ဗျ၊ အမေမြင်စေ့ချင်တယ်၊ ဒီလို သူ့နာရေး ကို လာကြတဲ့သူတွေကိုမြင်စေ့ချင်တယ်”ဟု လည်း ဆက်လက် ပြောဆိုသည်။

ဆရာမကြီး၏ဈာပနကို သမီးဒေါ်သန်းရင်မာ၏နေအိမ်၌ ပြင်ဆင်ထားပြီး ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် မန္တလေး ကြာနီကန်သုသာန်သို့ ပို့ဆောင် သင်္ဂြီုဟ်ရန် စီစဉ်ထားသည်ဟု ဆရာညီပုလေးကပြောပြသည်။

ဆရာမကြီး ကွယ်လွန်ချိန်တွင် ဦးဖိုးသံချောင်း၊ ဒေါ်သန်းရင်မာ၊ ဒေါ်တင်ဝင်း၊ စာရေးဆရာ ညီပုလေး(ဦးငြိမ်းချမ်း) စသည့် သားသမီး ၄ ဦးနှင့် မြေး ၆ ဦး ကျန်ရှိကြောင်း သိရသည်။

 

ကွယ်လွန်သူအတွက် ဝမ်းနည်းမှတ်တမ်း တချို့

ဧပြီ ၇ ရက် မနက်ခင်း
ဒေါ်ဒေါ် ကျနော်တို့နဲ့ ဤဘဝ ဤမျှသာ
မန္တလေးဆိုတာ ဒေါ်ဒေါ်ရှိနေလို့သာ တင့်တယ်တာ…

သင့်နော် (စာရေးဆရာ)

ဧပြီ ၇ ၊ ၂၀၀၈
အမေဆုံးပြီ
ဒါပေမယ့် အမေဘယ်တော့မှ မသေ
ကမ္ဘာတည် ဗမာပြည် တည်သရွေ့…
ဂါရ၀ ဖြင့်

ဆူးငှက် (စာရေးဆရာ)

အမေရယ်
အမေ့ရဲ့သားတွေ
အမိမဲ့သား ရေနည်းငါးနှယ်…

သိုက်ထွန်းသက် (စာရေးဆရာ)

သိပါတယ်
ဒေါ်ဒေါ် မျှော်လင့်စောင့်စားရင်းကွယ်လွန်တာ
ကျနော်တို့ သိပါတယ်…

မောင်သစ်လွင်(လူထု)

အမေ
ရေးစရာ စကားလုံးရှာမရတာ
အမေခွင့်လွှတ်ပါနော်…

မေမောင် (စာရေးဆရာမ)

အမေဆုံးတဲ့အချိန်မှာ
ဇက်မကျိုးကျဘူး
ခေါင်းငုံ့ ပျော့ခွေကျမသွားဘူး
အမေဆုံးတဲ့အချိန်
ခုတင်ဘေးမှာ ရှိနေတဲ့ ကျနော်
သေသေချာချာ သတိထားမိတယ်…

ကျော်ရင်မြင့် (စာရေးဆရာ) [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.