#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

လှိုင်သာယာ အဖွဲ့ချုပ်ဝင်တဦး ထပ်အရိုက်ခံရ
ကိုသက် | ဧပြီ ၄၊ ၂၀၀၈

ယမန်နေ့နံနက် ၂ နာရီခန့်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အန်အယ်လ်ဒီအဖွဲ့ဝင် ဦးတင်ယုကို အမည်မသိသူတဦးက ကားဂိတ်တွင် အကြမ်းဖက်ရိုက်နှက်သွားကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

အန်အယ်လ်ဒီလူငယ်က “မနက်အစောကြီးမှာ သူက သီရိမင်္ဂလာဈေးကလာမယ့်ကုန်ကို တံတားဖြူမှတ်တိုင်မှာ စောင့်နေတုန်း လူတယောက်က တုတ်ကိုဖွက်ကိုင်ပြီး သူ့အရှေ့ကနေဖြတ်တယ်၊ ပြီးတော့ဘေးမှာ လျှောက်တယ် … နောက်တော့ အနောက်ကရိုက်တာ။ သူကလည်းမသင်္ကာလို့လှည့်အကြည့်မှာ အရိုက်ခံရတယ်။ နောက်စေ့ကို ရိုက်တာ လှည့်ကြည်လိုက်တော့ ဘယ်ဘက်မျက်နှာကိုစထိတယ်၊ လက်နဲ့ကာပြီးရှောင်တော့ ညာဘက်ကနေ၀ိုက်ပြီး ထပ်ရိုက်တယ်” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါအကြမ်းဖက်မှုကြောင့် ဦးတင်ယု၏မျက်နှာရှိ ရိုးအပေါ်ဘက်တွင် ဒဏ်ရာရရှိပြီး ၁၅ ချက်ခန့်ချုပ်လိုက်ရသည်ဟု လှိုင်သာယာ မြို့နယ်ရှိ အန်အယ်လ်ဒီလူငယ်က ပြောသည်။

ဦးတင်ယုသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင် စားသောက်နေသူဟုလည်း ၎င်းကသည်။

“ဦးတင်ယုဟာ အာဏာပိုင်တွေရဲ့ ငွေကြေးအလွဲသုံးစားကိစ္စတွေ … အာဏာအလွဲသုံးစားလုပ်တဲ့ကိစ္စတွေကို အများသိအောင် ရေဒီယိုကနေ နာမည်အရင်းနဲ့ပြောဆိုရဲသူဖြစ်တယ်” ဟု လှိုင်သာယာဒေသခံတဦးက ပြောသည်။

လွန်ခဲ့သည့် မတ်လ ၃၁ ရက်နေ့ညကလည်း လှိုင်သာယာမြို့နယ် အန်အယ်လ်ဒီဥက္ကဌ ဦးမြင့်လှိုင်သည် နေအိမ်ရှေ့၌ လမ်းလျှောက်နေစဉ် အမည်မသိသူတဦး၏ ချောင်းရိုက်ခြင်းကိုခံခဲ့ရသည်။

၎င်းအပြင် မတ်လ ၂၈ ရက်နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌဟောင်း “လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ” အဖွဲ့၏ခေါင်းဆောင် ဦးမြင့်အေး စမ်းချောင်းမြို့နယ် မြေနီကုန်းတွင် ချောင်းမြောင်း အရိုက်ခံခဲ့ရသေးသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား အကြမ်းဖက်မှုများတနေ့တခြားပိုများလာသောကြောင့် အန်အယ်လ်ဒီ ပါတီဝင်များအချင်းချင်း လုံခြုံရေးဂရုစိုက်ကြရန် သတိပေးနေကြရသည်ဟု သင်္ကန်ကျွန်းမြို့နယ်ရှိ အန်အယ်လ်ဒီ ပါတီဝင်တဦးက ပြောသည်။

“အခုဆိုရင် အချိန်မတော်လမ်းထွက်ဖို့ဆိုတာ မလွယ်တော့ဘူး။ ကိုယ်နေတဲ့ရပ်ကွက် … လမ်းကနေထွက်ရင် လုံခြုံမှုမရှိတော့ဘူး။ တရားဥပဒေ မရှိသလိုပေါ့ဗျာ” ဟု သင်္ကန်းကျွန်းရှိ အန်အယ်လ်ဒီအဖွဲ့ဝင်က ပြောသည်။

နိုင်ငံရေးလှုပ်ရှားသူများ ချောင်းအရိုက်ခံရသည့်အမှုများ ယခုအချိန်အထိ လက်သည်မပေါ်သေးသော်လည်း စစ်အစိုးရလက်ကိုင်တုတ်များဖြစ်သည့် စွမ်းအားရှင်များ၏လက်ချက်ဖြစ်နိုင်သည်ဟုလည်း အများက သုံးသပ်နေကြသည်။

အတိုက်အခံများသည် အကြမ်းဖက်ခံနေရသည့်အပြင် စစ်အစိုးရက ဖမ်းဆီးမှုများကို ဆက်လက် ပြုလုပ်နေသည်။ ထိုသို့ဖမ်းဆီးခြင်းသည် မေလတွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲမတိုင်မီ နိုင်ငံရေးလှုပ်ရှားမှုများ မပြုလုပ်နိုင်အောင် ကြိုတင်ထိန်းသိမ်းထားခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောဆိုသည်။

“အခြေအနေက သိပ်မကောင်းတော့ဘူး။ အရင်ကဆို လွတ်လွတ်လပ်လပ်သွားလာလို့ရတယ် … အခုမရတော့ဘူး။ ဒီအလုပ်တွေဆက်မလုပ်ဘဲ ရှောင်နေတော့ အလုပ်မဖြစ်ဘူးလေ” ဟု သင်္ကန်းကျွန်းရှိ အန်အယ်လ်ဒီအဖွဲ့ဝင်က ပြောသည်။

စစ်အစိုးရသည် ၁၉၉၉ ခုနှစ်တုန်းက ကိုးလေးလုံးလှုပ်ရှားမှုများ ပေါ်ပေါက်လာမည်ကိုစိုးရိမ်သဖြင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများနှင့် တချိန်ကနိုင်ငံရေးလုပ်ခဲ့ဖူးသူ ၃၀၀ ကျော်ကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ လပေါင်းများစွာ ဖမ်းဆီးထားခဲ့ဖူးသည်။

စစ်အစိုးရ၏ ထောက်လှမ်းရေးများနှင့် သတင်းပေးများက ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူများ၏ နေအိမ်ပတ်ဝန်းကျင်တွင် အမြဲစောင့်ကြည့်နေသကဲ့သို့ ၎င်းတို့၏ လှုပ်ရှားသွားလာမှုများကိုလဲ အမြဲ စောင့်ကြည့်နေကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ အတွင်းရေးမှူး ဦးအေးသာအောင်က “အန်ကယ့်အိမ်ရှေ့မှာ အရင်ကလည်းရှိတယ် … အခုလည်းရှိတယ်၊ အခမ်းအနားရှိတဲ့ရက်ဆိုရင် စောင့်ကြည့်မှုက ပိုများတယ်။ အန်ကယ့်အိမ်လာတဲ့လူတွေကို ဓာတ်ပုံရိုက်တယ်။ အိမ်ပေါ်ကိုတော့ ပေးမတက်ဘူး … မေးစရာရှိတယ်၊ ဖမ်းမယ်ဆိုရင်တော့ လာခဲ့၊ စာယူလာခဲ့ပေါ့” ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးလှုပ်ရှားသူများ၏ လုံခြုံရေးအခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“နအဖ က တခုခု (နိုင်ငံရေးလှုပ်ရှားမှု) ဖြစ်တော့မယ်လို့ထင်ရင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစဉ်အလာ ရှိတဲ့လူတွေကို ကြိုထိန်းထားလေ့ရှိတယ်။ ဒီတခါမှာပိုဆိုးတာက ကြိုထိန်းရုံတင်မကဘဲ အသက်ကိုပါ ရန်ရှာတာမျိုး၊ ခြိမ်းခြောက်တာမျိုး တွေကိုတွေ့လာရတယ်။ ဒါဟာ လူတွေကို စိုးရိမ်စိတ်တွေကြီးလာအောင်၊ နိုင်ငံရေးမလုပ်ရဲအောင် တမင်ဖန်တီးနေတာ။ ပြည်တွင်းအခြေအနေက စိုးရိမ်ဖို့ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်” ဟု ဦးဘိုကြည်က ပြောသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.