ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အိန္ဒိယ ခရီးစဉ်အား အတိုက်အခံများ ဆန္ဒပြ
ဧရာဝတီ | ဧပြီ ၃ ၊ ၂၀၀၈
စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အိန္ဒိယနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်အား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာ၊ အိန္ဒိယနှင့် တိဘက် အတိုက်အခံများပူးပေါင်း၍ ယနေ့ ဆန္ဒပြကြောင်း သိရသည်။
လူ ၁၀၀၀ နီးပါး ပါဝင်သည့် ယင်းဆန္ဒပြပွဲတွင် မြန်မာအတိုက်အခံ ၂၀၀ ခန့်ပါဝင် ဆန္ဒပြကြောင်း ဆန္ဒပြနေစဉ် အတွင်းမှ သံဃာတော်တပါးဖြစ်သည့် အရှင်ပညာဝရက ဧရာဝတီ သို့ မိန့်ကြားသည်။
ယမန်နေ့က ရောက်ရှိလာသော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်အဖွဲ့ တည်းခိုနေသည့် နေရာနှင့် မနီးမဝေးတွင် ဆန္ဒပြနေသော အရှင်ပညာဝရက“တရားဝင်လုပ်ပိုင်ခွင့် အာဏာဆိုတာ ပြည်သူတွေရဲ့ဆန္ဒမဲနဲ့ ရရှိလာတာဖြစ် တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်က မကြာသေးခင်က ပြောထားပါတယ်၊ ဒါပေမယ့် အခု အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒ က တော့ မြန်မာပြည်က ကုန် ပစ္စည်းအမျိုးမျိုး ရရှိရေးဖြစ်နေပါတယ်၊ ဒါဟာ ၂ ဘက် ခွထိုင်တဲ့ မူဝါဒပါပဲ”ဟု မိန့် သည်။
မြန်မာ့အရေး လှုပ်ရှားနေသော အိန္ဒိယအတိုက်အခံသမားတဦးဖြစ်သည့် တီဒီ ဆင်းကလည်း ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်အသိအမှတ်မပြုဘဲ အာဏာယူထားသည့် မြန်မာစစ်အစိုးရနှင့် ဆက်ဆံနေ သော အိန္ဒိယအစိုးရ၏ မူဝါဒကို ဆန့်ကျင် ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောသည်။
“ဒီ လူသတ် စစ်အစိုးရနဲ့ ကုန်သွယ်စီးပွားအတွက် ဆက်ဆံနေတဲ့ အိန္ဒိယအစိုးရရဲ့အစီအစဉ်ဟာ အလွန်ဆိုးဝါး လွန်းပါတယ်”ဟု ပြောသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် မြန်မာပြည်တွင်း ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများအတွက် ယမန်နေ့က၂ နိုင်ငံ ခေါင်း ဆောင်များ သဘောတူလက်မှတ်ထိုးကြောင်း ဖော်ပြထားသည်။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ယမန်နေ့က အိန္ဒိယ ဒု သမ္မတ မစ္စတာ မိုဟာမက် ဟာမစ်အန်ဆာရီအပါအဝင် နိုင်ငံခြား ရေးဝန်ကြီး၊ အိန္ဒိယစစ်တပ် အကြီးအကဲတို့နှင့် တွေ့ဆုံ၍ ယင်းသို့ သဘောတူလက်မှတ်ထိုးခဲ့ခြင်းဖြစ် သည် ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုသဘောတူညီမှုတွင် ရခိုင် ပြည်နယ် ကုလားတန် မြစ် ရေလမ်းကြောင်း မွမ်းမံရေးစီမံကိန်းနှင့်၂ ဘက် အခွန် ကင်းလွတ်ခွင့်များလည်း ပါဝင် ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ယခု ခရီးစဉ်သည် အိန္ဒိယ ဒု သမ္မတ မစ္စတာ မိုဟာမက် ဟာမစ်အန်ဆာရီ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး လာမည့် တနင်္ဂနွေနေ့ အထိ ၅ ရက် ခရီးဖြစ်သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ၂၀၀၀ ခုနှစ်က အိန္ဒိယ နိုင်ငံသို့ တကြိမ်သွားရောက်ခဲ့ဖူးသေးသည်။
ယင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အတူ အတွင်းရေးမှူး(၁၀) ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီးမြင့်လှိုင်၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်တို့အပါအဝင် တိုင်းမှူးများ၊ စစ်ဘက်အရပ်ဘက် ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ နိုင်ငံခြာရေးဝန်ကြီးနှင့် ဝန်ကြီးတချို့တို့သည် ယမန်နေ့ နံနက်ပိုင်းက အိန္ဒိယနိုင်ငံသို့ လိုက်ပါ သွားကြောင်း စစ်အစိုးရ မြန်မာ့အလင်း သတင်းစာက ယနေ့ ဖော်ပြထားသည်။
အိန္ဒိယအစိုးရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲများ အကြမ်း ဖက် ဖြိုခွဲခံရပြီးနောက် မြန်မာစစ်အစိုးရသို့ လက်နက်များ လွှဲပြောင်းရောင်းချခဲ့သည်။
မိုင်ပေါင်း ၈၃၀ ခန့် နယ်စပ်ခြင်း ထိစပ်နေသည့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဖြစ်ပွားပြီးနောက်ပိုင်း ၂ နိုင်ငံ အစိုးရခေါင်းဆောင်များ အပြန်အလှန် လည်ပတ်သွားလာ၍ ဆက်ဆံရေး ပိုမို တိုးမြှင့် လာခဲ့ခြင်းဖြစ်သည်။ [Top]
|