#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

တကိုယ်တော်ဆန္ဒပြသမားအား ထောင်တသက်တကျွန်းချ
ဧရာဝတီ | ဧပြီ ၃၊ ၂၀၀၈

လွန်ခဲ့သည့်နှစ် သြဂုတ်လ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲကာလများအတွင်း ရန်ကုန်မြို့ ဆူးလေဘုရား အနီးရှိ အမေရိကန်သံရုံးရှေ့တွင် တကိုယ်တော်ဆန္ဒပြခဲ့သော ဦးအုန်းသန်းအား အင်းစိန် အကျဉ်းထောင်အတွင်းရှိ အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်သည်။

ဦးအုန်းသန်းအား အစိုးရကို အကြည်ညိုပျက်စေသည့်အမှု ပုဒ်မ ၁၂၄ (က) အရ ဒဏ်ငွေတထောင်နှင့် တသက်တကျွန်းကို ယမန်နေ့ကချမှတ်လိုက်သည်ဟု ၎င်းအမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

ဦးအုန်းသန်း

“သူကတကိုယ်တော်ဆန္ဒပြတာ။ သူ့အရှေ့မှာ အေးလွင်တို့အဖွဲ့ ဆန္ဒပြသွားတယ် … သူ့လိုပဲ ပိုစတာကိုင်ပြီး အမေရိကန်သံရုံးရှေ့မှာပြတယ် … ရဲအစောင့် အရှောက်နဲ့ ဘာမှအရေးယူခြင်းမရှိဘူး။ သူ့ကျမှ ဖမ်းဆီး အရေးယူတယ် … အဲဒါ တရားမျှတမှုမရှိဘူး၊ မန်ကန်မှုမရှိဘူးလို့ သူကပြောသွားတယ်။ အဲဒီထောက်ပြ ချက်ကို တရားရုံးရဲ့စီရင်ချက်မှာလည်း ရေးသားထားတာကိုတွေ့တယ်” ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ဦးအုန်းသန်း၏အမှုနှင့်ပတ်သက်၍ တရားရုံး၌ အယူခံဝင်သည့်ကိစ္စများကို ရှေ့နေကြီး ဦးအောင်သိန်းက တာဝန်ယူကာ ဆက်လက်ဆောင်ရွက်သွားမည် ဟုလည်း ပြောသည်။

ဦးအုန်းသန်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်သည်။ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလက ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်း ကျဆင်းရေးဆန္ဒပြပွဲတွင်ပါဝင်ခဲ့ပြီး ဧပြီလကုန်ပိုင်းတွင် ရန်ကုန် ပန်းပဲတန်းမြို့နယ်၌ တကိုယ်တော်ဆန္ဒပြသောကြောင့် တကြိမ်အဖမ်းခံရသည်။

၂၀၀၄ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (ယူအန်ဒီပီ) ရုံးရှေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးရန်တို့ကို တောင်းဆိုခဲ့သည်။

ယင်းဆန္ဒပြမှုကြောင့် စစ်အစိုးရက ဦးအုန်းသန်းကို ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

လွန်ခဲ့သည့် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုကာလများမှစ၍ စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ယခုလ တရက်နေ့ညပိုင်းက ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြနှင့် လူငယ်တာဝန်ခံ (၁) ကိုအောင်ထွန်းတို့ကို အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်။

“မေးစရာရှိလို့ဆိုပြီး အိမ်မှာလာခေါ်သွားတာ … ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ကလို့ ပြောတာပဲ။ လာခေါ်တော့ ရပ်ကွက်ဥက္ကဌလည်း ပါလာတယ်” ဟု ကိုအောင်ထွန်း၏ မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ၂၀၀၈ ခုနှစ်၏ ပထမ ၃ လအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ အနည်းဆုံး ၅၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ယမန်နေ့က ကြေညာချက်ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ မက်ကောမစ် ကလည်း ယမန်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်၌ နအဖ စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီး နေခြင်းအား ပြစ်တင်ဝေဖန်ကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်တို့ကို တောင်းဆိုထားသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.