#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ပြည်တွင်း ဆန်ဈေးတက်သော်လည်း ပြည်ပပို့ရန် စစ်အစိုးရ ဆက်လက်ခွင့်ပြုနေ
ကြည်ဝေ | ဧပြီ ၃ ၊ ၂၀၀၈

မြန်မာပြည်တွင်း၌ ဆန်ဈေးနှုန်းများ နေ့စဉ်မြင့်တက်လျက်ရှိပြီး ဆန်များ ပြည်တွင်းဈေးကွက်အတွင်း အဝင် အထွက် နည်းပါး၍ ရှားပါးနေသော်လည်း အာဏာပိုင်များက ပြည်ပသို့ ဆန်တန်ချိန်အမြောက်အမြားတင်ပို့ရန် ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းတွင် ဆန်သစ်ပေါ်ချိန်(နွေစပါးပေါ်ချိန်) ဖြစ်သော်လည်း ဈေးကွက်အတွင်း ဆန်ဝင်ရောက်မှုမှာ ယခင် နှစ်ကထက် ကျဆင်းလျက်ရှိပြီး ဆန်ဈေးနှုန်းမှာလည်း ယခင်နှစ်ကထက် မြင့်တက်လျက်ရှိကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်ကြီးများက ပြောပြသည်။

“ဆန်တွေက တရားဝင်လမ်းကြောင်းကရော၊ တရားမ၀င်လမ်းကြောင်း တွေကပါ သွားနေကြတော့ ဈေးကွက်ထဲ ကို ဆန်အ၀င်နည်းနေတယ်၊ ဈေးကွက်ထဲမှာ ဆန်ကြမ်းလည်းရှားတယ်၊ ဆန်သစ်ပေါ်နေတာတောင် ဈေးမာနေတယ်၊ ထပ်တက်ဦးမယ်” ဟု ဘုရင့်နောင် ပွဲရုံမှ ဆန်ကုန် သည်တဦးက ပြောဆိုသည်။

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရောင်းချခွင့်ရနေသော ကုမ္ပဏီများ အနေနှင့် နယ်များတွင် အ၀ယ်တော်များထား ကာ ငွေကြိုပေးဝယ်ယူ သိုလှောင်မှုများအပြိုင်အဆိုင်ပြုလုပ်လာကြသည့်အတွက် အခြေခံ စပါးဈေးမှာ တစထက် တစ မြင့်တက်လာပြီး ဆန်ဈေးကွက်ပေါ်တွင် သက်ရောက်မှုများရှိနေကြောင်း သိရသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှ ဆန်ကုန်သည်တဦးကလည်း“စပါးပေါ်မှ ပေါက်ဈေးပေးဝယ်ယူတာထက် မပေါ်ခင်က တည်းက ငွေကြိုပေးဝယ်ယူကြတဲ့ ကုမ္ပဏီအ၀ယ်တော်တွေများလာတယ်၊ တလင်းထဲမှာလှေ့ပြီးတာနဲ့ ၀ယ်ပြီး ဖြစ်နေပြီ၊ ကုမ္ပဏီတွေက သူတို့လိုအပ်တဲ့စပါးရဖို့ပေါက်ဈေးထက်ဈေးပိုဝယ်ရတော့ စပါးဈေးမြင့်ပြီး ဆန်ဈေး ပါ မြင့်လာတာပေါ့” ဟု ရှင်းပြသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ခွင့်ရနေသော ကုမ္ပဏီပေါင်း ၂၂ ခု ရှိသည်ဟု သိရပြီး ၂၀၀၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၀၈ မတ်လကုန်အထိ ပြည်ပသို့ ဆန်တန်ချိန်ပေါင်း ၄ သိန်း တင်ပို့ရန် စီစဉ် ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၀၈ မတ်လကုန်ထိ ဆန်တန်ချိန်ပေါင်း ၂ သိန်း ခွဲကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း ပြည်ပ ဆန်တင်ပို့မှုများကို ကြီးကြပ်စစ်ဆေးပေးနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဋ္ဌာနမှ တရား ၀င်စာရင်းများအရ သိရှိရသည်။

“ဆန်က လိုသလောက်ဝယ်မရတာလည်းပါတယ်၊ ဆန်တတန်ကို အမေရိကန် ဒေါ်လာ ၃၀၀-၃၂၀ လောက်ရပေ မယ့် တကယ်တမ်းစရိတ်စကတွေ နုတ်လိုက်တော့ ဆန်က ကျနော်တို့ ၀ယ်ရတဲ့ ပြည်တွင်းပေါက်ဈေးထက်ကို နည်းနည်းပဲ ပိုရတယ်၊ ဆန်ရှာဝယ်ရတာနဲ့ ဈေးပြိုင်ပေးဝယ်ရတာနဲ့ဆို အကျန်နည်းတယ်” ဟု ပြည်ပသို့ ဆန် တင်ပို့ရောင်းချခွင့်ရခဲ့သော ကုမ္ပဏီတခုမှ ၀န်ထမ်းတဦးက ပြောဆိုသည်။

၂၀၀၈ ခု ဧပြီလထဲမှာပင် ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချရန်အတွက် ဆန်တန်ချိန်ပေါင်း ၃ သောင်းကျော် (Glad) ကုမ္ပဏီမှ ခွင့်ပြုမိန့်ရထားပြီးဖြစ်ကြောင်း၊ အဆိုပါ ဆန်တန်ချိန် ၃သောင်းမှာ ၂၀၀၈ ခု မတ်လကုန်အထိ နိုင်ငံခြား တင်ပို့ခွင့်ပြုထားပြီးဖြစ်သော ဆန်တန်ချိန်လေးသိန်းတွင် မပါဝင်ဘဲ သီးခြားခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ရခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဧပြီလထဲမှာပဲ ဆန်တန်ချိန် သုံးသောင်းကို စပို့မှာပါ၊ FOB(Free of board) တတန်ကို ဒေါ်လာ၃၂၀ နှုန်းနဲ့ သဘောတူထားပြီးပါပြီ”ဟု အဆိုပါ ဆန်တင်ပို့ခွင့်ရသော Glad ကုမ္ပဏီမှ အဖွဲ့ဝင်တဦးက ပြောဆိုသည်။

Glad ကုမ္ပဏီသည် စစ်အာဏာပိုင်များနှင့် ၄င်းတို့၏ မိတ်ဘက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ ရှယ်ယာအများဆုံးထည့်ဝင်ကာ ပူးပေါင်းတည်ထောင်ထားသော ကုမ္ပဏီတခုဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ဆန်တင်ပို့နေသည့်လုပ်ငန်းမှာ အရင်းအနှီးကြီးမားသော လုပ်ငန်းဖြစ်သဖြင့် သာမန် ဆန်ကုန်သည် အများစုအနေနှင့် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ ထိုလုပ်ငန်းလုပ်ကိုင်ကြသည့်ကုမ္ပဏီများမှာ စစ်အစိုးရ အသိုင်း အ၀န်းနှင့် နီးစပ်ပတ်သက်သူများသာ ဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်များက ဆိုကြသည်။

ကမ္ဘာ့ဆန်ဈေး နှစ် ၂၀ အတွင်း အမြင့်ဆုံးရောက်ရှိနေချိန်တွင် ပြည်ပနိုင်ငံများမှ ဆန်ဝယ်လိုအားမြင့်နေသော ကြောင့် မြန်မာနိုင်ငံအနေနှင့်နိုင်ငံခြားဝင်ငွေရရှိနိုင်ရေးအတွက် ပြည်ပနိုင်ငံများမှလိုလားချက်အတိုင်း ဆန်တင်ပို့ မှု ပြည့်မီအောင် ကြိုးစားတင်ပို့ရောင်းချသင့်ကြောင်း၊ နေပြည်တော် မြို့တော်ခန်းမတွင် မတ်လ ၁၆ ရက် နေ့က ပြုလုပ်ခဲ့သည့် ၁၇ ကြိမ်မြောက် မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) နှစ်ပတ်လည်း အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က လုပ်ငန်းရှင်များအား တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ဆန်အများဆုံးတင်ပို့နေသော နိုင်ငံမှာ ဘ၈င်္လားဒေ့ရှ်နိုင်ငံဖြစ်ပြီး စင်ကာပူနိုင်ငံ၊ အိန္ဒိယနှင့် အာဖရိက နိုင်ငံများသို့လည်း အနည်းငယ်တင်ပို့လျက်ရှိကြောင်း၊ ၂၀၀၈-၂၀၀၉ တွင် အဆိုပါ နိုင်ငံများအပြင် အခြားဆန်ဝယ်လိုအားမြင့်လျက်ရှိသော နိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်ရန် စီစဉ် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ဆန်များအနက် ပြည်ပသို့ အများဆုံးတင်ပို့နေရသော ဆန်အမျိုးအစားမှာ ဧည့်မထ အီးအမှတ် ၂၅ ဆန်အမျိုးအစားဖြစ်ပြီး ယခုအခါပြည်တွင်းဈေးကွက်အတွင်း ၂၄ ပြည်ဝင် တအိတ်လျှင် ကျပ် ၁၇၀၀၀ ဈေး မှ ၁၈၀၀၀ ဈေးရှိနေကြောင်းသိရသည်။

၂၀၀၇ နိုဝင်ဘာလတွင် ၄င်းဆန်အမျိုးအစားမှာ တအိတ်လျှင် ကျပ် ၁၃၀၀၀ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင်မူ ပြည်ပတင်ပို့မှုကြောင့် ၁၄၅၀၀ -၁၅၀၀၀ ဈေးထိ တက်သွားခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် အမြောက်အမြားတင်ပို့နေခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် ဆန် အ၀င်နည်းခြင်းနှင့် ဆန်ဈေးကြီးမြင့်ခြင်းအပြင် ဆန်ပြတ်လပ်ခြင်းပင် ဖြစ်လာနိုင်ကြောင်း ဆန်ကုန်သည်များက သုံးသပ်လျက်ရှိသည်။

“အများပြည်သူစားသုံးနေတဲ့ ဆန်ကို ခုလို အိတ်စပို့ ပို့ကုန်အဖြစ် သိုလှောင်ရောင်းဝယ်ဖို့မသင့်ပါဘူး၊ သူများနိုင်ငံ ကို ရောင်းနေတာက သူတို့တွေပဲ အကျိုးရှိနေတာလေ၊ ပြည်သူလူထုကတော့ ပိုပြီး ဆန်ဈေး တက်ပြီး အခက် အခဲ ဖြစ်ရတာပေါ့”ဟု ကုန်သည် တဦးက ဝေဖန်ပြောဆိုသည်။

ဆန်စပါးစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော မြစ်ဝကျွမ်းပေါ်ဒေသမှ ရန်ကုန်တိုင်းသို့ ရေကြောင်းခရီးဖြင့် အပတ်စဉ် ဆန်အိတ်များတင်ပို့လျက်ရှိရာ ပြည်ပသို့ဆန်များတင်ပို့ရောင်းချချိန်မှ စပြီး ပုံမှန်တင်ပို့လျက်ရှိသော ဆန်တင်ပို့ မှုမှာလည်း သိသိသာသာပင်ကျဆင်းသွားကြောင်း ရန်ကုန် အ၀င်အထွက် စားသောက်ကုန်ပစ္စည်းများ စာရင်း အရ သိရသည်။

မြစ်ဝကျွန်းပေါ်ဒေသမှ ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းသို့ ဆန်အိတ်ပေါင်း ၃၂၉၃၂ အိတ် တင်ပို့ခဲ့သည်ဟု စာရင်းများအရ သိရသည်။ မတ်လ ပထမပတ်တွင် ၃၀၁၉၈ အိတ်တင်ပို့ခဲ့ပြီး ဒုတိယ ပတ် တွင်မူ ဆန်အိတ်ပေါင်း နှစ်သောင်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့မှုများမှာလည်း ယခင် ၂၀၀၇ ခုနှစ် နွေစပါးပေါ်ချိန်ထက် စာလျှင် နည်းပါးလျက်ရှိသည်ဟု ဆိုသည်။

၂၀၀၈ခုနှစ် ဇန်န၀ါရီလနှင့်ဖေဖော်ဝါရီလ နှစ်လတွင် မြစ်ဝကျွန်းပေါ်ဒေသမှ ရန်ကုန်မြို့သို့ ဆန်အိတ်တင်ပို့မှုမှာ သုံးသိန်းကျော်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်များတွင်မူ ဖေဖော်ဝါရီလ တလတည်းမှာပင် ရန်ကုန် တိုင်းသို့ ဆန်အိတ်ပေါင်း ၂ သိန်းကျော် တင်ပို့နိုင်ခဲ့သောကြောင့် ၂၀၀၈ ခု တွင် ဆန်ဈေးကွက်အတွင်းသို့ ဆန်တင်ပို့နိုင်မှု လျော့ကျသွားကြောင်း စာရင်းများအရ သိရသည်။

၂၀၀၈ ခု ဖေဖော်ဝါရီလဆန်းမှ ဧပြီလဆန်းအထိ ဆန်ဈေးနှုန်းများမှာ ဆန်တအိတ်လျှင် ပျမ်းမျှ ၁၂ ရာခိုင်နှုန်း ကနေ ၂၀ ရခိုင်နှုန်းထိ တက်သွားခဲ့ကြောင်း၊ ဆက်လက်လည်းတက်ဦးမည်ဖြစ်ကြောင်း ဆန်ကုန်သည်များက ခန့်မှန်း သုံးသပ်နေကြသည်။

“ပြီးခဲ့တဲ့ လက မနောသုခဆန်တအိတ်ကို ကျပ် ၁၅၀၀၀ ဈေးနဲ့ ရတယ်။ ဒီနေ့မနက် ကအဲဒီ မနောသုခပဲ တအိတ်ဝယ်တော့ ၁၇၀၀၀ တသောင်းခုနှစ်ထောင် ဈေးဖြစ်နေပြီ” ဟု ရန်ကုန်တိုင်း မရမ်းကုန်းမြို့ နယ်တွင် နေထိုင်သူတဦးက ဆိုသည်။

အခြေခံလူတန်းစားများ စားသုံးလျက်ရှိသော ဧည့်မထ၊ ဇီယာ၊ မနောသုခ စသည့် ဆန်ကြမ်းများ၏ ဈေးနှုန်းမှာ ၂၄ ပြည်ဝင်ဆန်တအိတ်လျှင် ယခင်၂၀၀၇ ခုနှစ် ဧပြီလတွင် အနိမ့်ဆုံး ကျပ် ၁၀၀၀၀ ကျော်မှ အမြင့်ဆုံး ကျပ် ၁၃၀၀၀ ခန့်သာ ပေါက်ဈေးရှိခဲ့သော်လည်း ယခု ၂၀၀၈ ဧပြီလဆန်းပိုင်းတွင် တအိတ်လျှင် အနိမ့်ဆုံး ကျပ် ၁၇၀၀၀ မှ အမြင့်ဆုံး ကျပ် ၂၀၀၀၀ ၀န်းကျင်ထိ ပေါက်ဈေးရှိနေကြောင်း၊ တောင်ပျံ၊ ပေါ်ကျွဲ၊ ပေါ်ဆန်းစသည့် ဆန်ချောအမျိုးအစားမှာ အနိမ့်ဆုံးဈေး ယခင်နှစ် ၂၀၀၇ ဧပြီလဆန်းတွင် ကျပ် ၂၂၀၀၀ ဈေးမှ အမြင့်ဆုံး ကျပ် ၂၈၅၀၀ ၀န်းကျင်ဈေးပေါက်လျက်ရှိခဲ့သော်လည်း ယခုနှစ် ၂၀၀၈ ဧပြီလတွင်မူ အနိမ့်ဆုံး ကျပ် ၂၅၀၀၀ ဈေးမှ အမြင့်ဆုံး ကျပ် ၃၂၀၀၀ ဈေးထိပေါက်လျက် ရှိကြောင်း သိရှိရသည်။

ယခုနှစ်တွင် လူကြိုက်များသည့်အတွက်ဈေးကောင်းသော ဆန်ဟောင်းများမှာ ဈေးကွက်အတွင်း ပြတ်လျက်ရှိပြီး ဆန်သစ်များသာ ၀ယ်ယူရရှိနိုင်ကြောင်း ရန်ကုန်ဆန်ဈေးကွက် သတင်းများကဆိုသည်။

“ဆန်ဈေးက တရက်ကို အနည်းဆုံးကျပ် ၁၀၀၀ ကနေ အများဆုံး ကျပ် ၃၀၀၀ ဈေးထိ နေ့တိုင်း တက်နေတာ ကုန်စည်ဒိုင်ဈေးကိုက နေ့တိုင်းတက်နေတာဆိုတော့ လက်ကားဈေးရော၊ လက်လီဈေးပါ လိုက်တက်ဦးမှာပဲ”ဟု ရန်ကုန် ကုန်စည်ဒိုင်မှ ၀ါရင့်ဆန်ကုန်သည်တဦးက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ဧက ၁၇.၄ သန်းရှိပြီး ၂၀၀၇ ခုနှစ်တွင် နွေစပါး၊ မိုးစပါးစိုက်ပျိုးရာမှ စပါးတင်းသန်း ပေါင်း ၁၄၉၀ ခန့်ထွက်ရှိသည်ဟု ခန့်မှန်းခဲ့ကြောင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ထုတ်ပြန်ချက်အရ သိရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.