နိုင်ငံရေး အခြေခံသော ကျောင်းသားဆန္ဒပြမှုများ မပေါ်ပေါက်စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့ဝင်များက စောင့်ကြည့်နေကြကြောင်း အနောက်ပိုင်း တက္ကသိုလ်ဆရာ၊ ဆရာမ တချို့က ပြောသည်။ “လုံခြုံရေးကို ရဲနဲ့ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့တွေ ပူးပေါင်းလုပ်တာပါ” ဟု ဒဂုံတက္ကသိုလ်မှ နည်းပြ တဦးက ဧရာဝတီကို ရှင်းပြသည်။
အဝေးသင်ကျောင်းသားများ၏ ရက်ပိုင်း ကျောင်းတက်ချိန်၊ စာမေးပွဲဖြေချိန်တွင်သာမက ပုံမှန် တက္ကသိုလ် နေ့ကျောင်းများ ပြန်ဖွင့်သည့်အခါတွင်လည်း လုံခြုံရေး တင်းကျပ်လေ့ရှိသည်ဟု သူက ပြောသည်။
လုံခြုံရေး စည်းကမ်းချက်များအရ ကျောင်းသား၊ ကျောင်းသူများသည် စိစစ်ရေးကတ်များ ရင်ဘတ်တွင် ချိတ်ဆွဲပြီးမှ စာသင်ဆောင်များ အတွင်းသို့ ၀င်ခွင့်ရနိုင်သည်။
“ကျောင်းသားကတ် မေ့ကျန်ခဲ့လို့ပါ ဆိုရင်လည်း မရဘူး၊ စာသင်ဆောင်ထဲ လုံးဝကို ၀င်ခွင့် မပြုတာ။ တကယ်လို့ ကျောင်းသားကတ် မပါဘဲ အတင်းဝင်မယ် ဆိုရင် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ အရေးယူခံမယ် လို့ ပြောတယ်” ဟု လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်းတက္ကသိုလ်မှ ကျောင်းသားတဦး က ရှင်းပြသည်။
လုံခြုံရေး တင်းကျပ်ထားခြင်းမှာ နိုင်ငံရေး နှင့် ဆက်နွယ်သူများ ၀င်ရောက်ပြီး ကျောင်းသားများကို လှုံ့ဆော်ခြင်းမှ ကာကွယ်ရန်၊ တည်ငြိမ် အေးချမ်းစွာ ပညာသင်ကြားမှုကို ဖျက်ဆီးမည့် အဖျက်သမားများ ရန်မှ ကာကွယ် တားဆီးရန် ဖြစ်သည် ဟု အနောက်ပိုင်းတက္ကသိုလ် မော်ကွန်းထိန်းရုံးမှ ၀န်ထမ်းတဦးက ပြောဆိုသည်။
“ကျောင်းသားကတ် မပါရင် ကျောင်းသားလား၊ နိုင်ငံရေး လှုပ်ရှားသူလား၊ အကြမ်းဖက် ဗုံးထောင်မယ့်သူလား ကျမတို့က ဘယ်လို ခွဲခြားလို့ရမလဲ။ ကလေးတွေ စာ အေးအေး ဆေးဆေး သင်နိုင်အောင် ဒီလို အစီအမံတွေ လုပ်ထားတာပါ” ဟု ၎င်းက ဆိုသည်။
အာဏာပိုင်တို့က ကျောင်းသား ကျောင်းသူ အချင်းချင်း စုစည်း ညီညွတ်မှု မရှိစေရန်လည်း တင်းကျပ်သော စိစစ်မှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားပုံရသည်ဟု ကျောင်းသား တဦးက သုံးသပ်သည်။
“မြန်မာစာကျောင်းသားက ပထ၀ီဝင် ကျောင်းသားဆီ အလည်သွားလို့ မရဘူး။ မြန်မာစာ ကျောင်းသားကတ်နဲ့ ပထ၀ီဆောင်ထဲ ၀င်လို့ မရဘူး။ ပေးမ၀င်ဘူး။ ကျောင်းသူ ကျောင်းသားတွေ စုစည်းလို့ မရအောင် လုပ်ထားတာလို့ ပြောလို့ရတယ်” ဟု အနောက်ပိုင်းတက္ကသိုလ် မြန်မာစာကျောင်းသားတဦးက ပြောသည်။
ကိုယ်ပိုင်ကား၊ အငှားကားတို့ဖြင့် လာသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အမည်နှင့် ခုံနံပါတ် မှတ်သားခြင်း၊ ကားနံပါတ်နှင့် ယာဉ်မောင်းအမည်ကို စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ပြီးမှ ကျောင်းတွင်းသို့ ၀င်ခွင့်ပြုသည်ဟု ဆိုသည်။
ကျောင်းသားကျောင်းသူများ စိတ်အနှောင့်အယှက် ဖြစ်ရသည့် အကြောင်းရင်းမှာ လုံခြုံရေး တင်းကျပ်မှု တခုတည်းကြောင့် မဟုတ်ပေ။
ယနေ့ခေတ် တက္ကသိုလ် ကျောင်းများမှာ ဝေးလံ ခေါင်သီလှသော မြို့ပြင်ဒေသများတွင် တည်ရှိသည့် အတွက် ကျောင်းသားများက နေ့စဉ် အချိန်ကြာမြင့်စွာ ခရီးသွားလာကြရသည်။
“လိုင်းကား တိုးစီးရတာနဲ့ ကျောင်းရောက်ရင် စာသင်ဖို့ အားမရှိတော့ဘူး။ နေ့တိုင်း ပင်ပင်ပန်းပန်းနဲ့ ကျောင်းတက်နေရတာပါ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။
ရန်ကုန်တွင် ကျောင်းသားဆန္ဒပြမှုများ မကြာခဏ ဖြစ်ခဲ့ဖူးသည့် အတွက် မြို့တွင်း အချက်အချာကျ နေရာများရှိ ရန်ကုန်တက္ကသိုလ်၊ စက်မှုတက္ကသိုလ်တို့ကို ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျှင် စသည့် မြို့ပြင် ဆင်ခြေဖုံးဒေသများသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။
ယခု အဝေးသင်တက္ကသိုလ် စာမေးပွဲများ ပြုလုပ်နေချိန်အတွင်း ရန်ကုန်တွင် လုံထိန်းရဲကားများ လှည့်လည် သွားလာနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတ၀န်းတွင် အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းများ၊ စာမေးပွဲများကို အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် နှစ်သုတ်ခွဲ ပြုလုပ်နေပြီး ဒီဇင်ဘာလတွင် နေ့စဉ်တက်ရသည့် တက္ကသိုလ်ကျောင်းများ အားလုံး တပြိုင်တည်း ဖွင့်လှစ်မည် ဖြစ်သည်။
အဝေးသင်တက္ကသိုလ် ကျောင်းသားများအတွက် စာသင်ရက်များမှာ စာသင်နှစ် တနှစ်လျှင် ၁၀ ရက်သာရှိသည်။ သိပ္ပံဘာသာရပ် အထူးပြု ကျောင်းသားများသည် စနေ တနင်္ဂနွေနေ့များတွင် လက်တွေ့ခန်း အသုံးပြုနိုင်သည်။ စာသင်နှစ် တနှစ်လျှင် ၅ လခန့် လက်တွေ့ဆင်းရန် သတ်မှတ်ထားသည်။
၁၉၉၁/၉၂ ပညာသင်နှစ်မှ စတင်ခဲ့သော အဝေးသင်တက္ကသိုလ် ပညာရေး စနစ်သည် ကျောင်းသားများ စုစည်းမှု မရှိကြစေရန် အာဏာပိုင်တို့က ကျင့်သုံးခဲ့သော စနစ်ဖြစ်သည်ဟု အကဲခတ်များက ယူဆကြသည်။
Set as favorite
Bookmark
Email this
Hits: 3578
written by အာကာ, November 13, 2009
ညီလေးမောင်ကျော် အကို နိုင်ငံခြားမှာ ကျောင်းပြီးတာပါ။ ကျောင်းထဲ ၀င်ဖို့ ကျောင်းသားကဒ် မလိုပါဘူး။ အကို့ သူငယ်ချင်းတွေရဲ့ ကျောင်းတွေလဲ သွားလည်ဖူး ပါတယ်။ ဘာမှ မဆိုင်ပါဘူး ညီလေး။ သိမှ ပြောတာ ကောင်းပါတယ်။
written by kyaw, November 12, 2009
ကျွန်တော်က ကျောင်းသားကဒ် အကြောင်း တစ်ခုပဲပြောတာပါ... ကျောင်းသားကဒ်ရှိဖို့အတွက် မိမိတို့ တတ်နေတဲ့ကျောင်းက နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့ အနေထား ရှိမရှိနဲ့မဆိုင်ပါဘူး ....ကျောင်းသားဖြစ်လို့ ကျောင်းသားကဒ်ရှိရမယ် ဆောင်ထားရမယ်.. ကျောင်းက စစ်ဆေးတယ် ဆိုတာဟာလည်း ကျောင်းရဲ့ လုံခြုံရေးအတွက် ဖြစ်နိုင်သလို မလိုလားအပ်တဲ့ ပြသာနာတွေမပေါ်ပေါက်အောင် ကြိုတင်ကာကွယ် နိုင်တာလည်းဖြစ်နိုင်တာပါပဲ....ဒီလိုစစ်ဆေးခြင်းအားဖြင့် ကျောင်းသား တစ်ယောက်တွက် အချိန်တွေအများကြီး ကုန်ဆုံးသွားတာ မဟုတ်သလို စိတ်အနှောက်ယှက် လည်းမဖြစ်နိုင်ပါဘူး... Kyaw တို့ကိုယ်တိုင်လည်း နေ့စဉ် ကျောင်းဝင်းထဲ ၀င်တိုင်း လုံခြုံရေးရဲကို ကျောင်းသားကဒ်ပြပြီးမှာ ၀င်ရတာပါပဲ...ဒါဟာ ကျောင်းသား တစ်ယောက်အတွက် သိပ်ပြီးအထူးဆန်း မဟုတ်တော့ပါဘူး... ရှိလည်းရှိသင့်ထိုက်ပါတယ်... လူတစ်ယောက်မှာ ကျောင်းသားဘ၀ တည်းက စည်းကမ်းမရှိရင် အနာဂတ်မိမိဘ၀ လျှောက်လှမ်းရမယ့် အချိန်တွေမှာ စည်းကမ်းဖောက်ဖျက် မှုတွေနဲ့ကြုံနေရမှာပဲ.. .မြန်မာနိုင်ငံက ကျောင်းတွေက နိုင်ငံတကာက ကျောင်းတွေနဲ့ ယှဉ်လို့ရလားဆိုတော့ မယှဉ်နိုင်တောင်မှ မနိမ့်ကျပါဘူး.. .မြန်မာနိုင်ငံမှာ လိုအပ်နေတာ practical အတွက် အထောက်ကူပစ္စည်း နဲ့ လက်တွေ့ကျကျ များများ မလုပ်ပေးနိုင်သေးတာကို တွေ့ရတယ်... မြန်မာနိုင်ငံက ပညာရေး ညံ့ဖျင်းနေတယ်ဆိုရင် နိုင်ငံတကာမှာ သွားရောက်ပြီးတတ်နေတဲ့ ရွှေမြန်မာတွေ ဘယ်လိုလုပ်ပြီး စာလိုက်နိုင်မှာလဲ.. .ရွှေမြန်မာတွေ နိုင်ငံရပ်ခြားမှာ ထူးချွန်နေတာ ဘာကြောင့်လဲ... အခြေခံအုတ်မြစ်ကောင်းခဲ့လို့ပါပဲ... မြန်မာနိုင်ငံက ဘာအခြေခံမှမရှိပဲ နိုင်ငံခြားကို ဘယ်သူမှသွားပြီး မသင်ကြသလို စာပေ လိုက်နိုင်မှုမှာလည်း အားနည်းသွားမှာပဲ.. .နိုင်ငံတိုင်းမှာရှိတဲ့ ပညာရေးတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အရည်ချင်းအဆင့်တန်း မတူကြပေမယ့် သူတို့တွေမှာ ရှိသင့်ရှိထိုက်တဲ့ ပညာရေး တွေတော့ရှိကြတာပါပဲ.. .ပညာရေး စနစ်မြင့်တယ်ဆိုတဲ့ နိုင်ငံတွေဟာလည်း မမြင့်သေးတဲ့နိုင်ငံတွေထက် သင်ခန်းစာတွေ တွေးခေါ်မှုတွေမှာ သင်ကြားမှုတွေကို ထပ်ပြီး ကွန့်မြူးထားလို့သာ မြင့်မားသွားကြတာပါ... ဒီလိုမြင့်မားဖို့အတွက် အခြေခံပညာရေးကို မသင်ပဲ တတ်လှမ်းလို့မရပါဘူး... Burmese တို့ နိုင်ငံခြားမှာ ပညာရေးစနစ် မြင့်မားတဲ့နိုင်ငံမှာ သင်ကြားရတဲ့အခါမှာ အမိမြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ အခြေခံကြောင်းအရာတွေနဲ့ ဆက်ဆက်ပြီးတွေးနိုင် တွက်ဆနိုင်ပြီး ဖော်ထုတ်နိုင်တာမဟုတ်လား.. .ဆင်းရဲနေတဲ့သူ တစ်ယောက်ကို ခင်ဗျားက ဆင်းပဲဆင်းရဲနိုင်လွန်းတယ် စုတ်ပြတ်နေတာပဲဆိုပြီး အပြစ်ပြောနေမယ့်အစား ဆင်းရဲနေတဲ့သူကို ဆင်းရဲတွင်းက တတ်လှမ်းနိုင်အောင် လမ်းကြောင်းမှန်တွေပေါ် လျှောက်လှမ်းနိုင်အောင် တွန်းတင်ပေးရမှာပေါ့. .ဒီလိုပါပဲ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ကြီးမှာ ပညာရေး စနစ်က နိုင်ငံတကာနဲ့ယှဉ်လို့မရဘူး အရမ်းနိမ့်ကျလွန်းတယ် ပညာရေးစနစ်ကြီးက စုတ်ပြတ်နေပါတယ်ဆိုပြီး ပြောနေမယ့်အစား အမိမြန်မာနိုင်ငံတော်ကြီးမှာ ရှိတဲ့ ပညာရေး စနစ်ကို ဘယ်လိုတိုးတက်အောင် အထောက်ကူဖြစ်အောင် အပြုသဘောနဲ့ ပြောကြမယ် ဆောင်းပါးတွေရေးကြမယ်ဆိုရင် မကောင်းဘူးလား...ဒါဟာ နိုင်ငံရေး နဲ့မဆိုင်ဘူး.. ..လက်ရှိအစိုးရ ကို မကျေနပ်တာက မကျေနပ်တာ တစ်ပိုင်း.. .ပြည်သူတွေကို အကျိုးပြု လုပ်ပေးဖို့က တစ်ပိုင်းပေါ့.. .ကိုယ့်နိုင်ငံက ပညာရေးတွေ အရမ်းမြင့်မားနေရင် နိုင်ငံတော်ကနေ နိုင်ငံရပ်ခြားကို ပညာတော်သင် လွှတ်တာတွေ လုပ်ပါ့မလား... သူများနိုင်ငံတွေမှာ လွှတ်နေတယ်ဆိုတာ မိမိနိုင်ငံမှာ လိုအပ်နေလို့ မရှိသေးလို့ လွှတ်တာပဲမဟုတ်လား. ..ဒါကို ကိုယ်ကနေပြီးတော့ ကိုယ့်နိုင်ငံမှာ လိုအပ်နေတဲ့အရာတွေကို အခြားသောမိမိတို့ တတ်ရောက်နေတဲ့တိုင်းပြည်ကနေ မိမိတို့တတ်ကျွမ်းသလောက် မိမိတို့အစွမ်းရှိသလောက် အမိနိုင်ငံတော်ကို ပြန်ပြီး အကျိုးပြုရမှာမဟုတ်လား.. .နိုင်ငံတော်အတွက် စေတနာနဲ့ အကျိုးပြုလုပ်ငန်းတွေလုပ်ရာမှာ personal မကျေနပ်ချက်တွေနဲ့ မရောမိဖို့တော့ လိုတာပေါ့ဗျာ...
written by Burmese, November 11, 2009
ညီလေး ပြောတာလည်း မှန်ပါတယ်ကွာ။ ညီလေးက နိုင်ငံတကာနဲ့ ယှဉ်ပြော လာတော့ မြန်မာ့ ကျောင်းတွေမှာ သင်တဲ့စာတွေက နိုင်ငံတကာနဲ့ ယှဉ်နိုင်လို့ လားကွာ။ ညီလေး နိုင်ငံခြားမှာကော ကျောင်းတက်ဘူးလား၊ NUS ဆိုတဲ့ ကျောင်းကြီးကတော့ မလိုပါဘူးကွာ၊ ဒါတောင် နိုင်ငံတကာက ကျောင်းသားတွေ တက်နေတာနော်၊ Local မဟုတ်သေးဘူး။ ကိုပြောတာ မှားသွားရင် ခွင့်လွှတ်ညီလေးရေ။
written by kyaw, November 10, 2009
ကျောင်းသားမှန်ရင် ကျောင်းသားကဒ်ရှိရမယ်ဆိုတာ လူတိုင်းသိ ကျောင်းသားတိုင်းသိ နိုင်ငံတိုင်းမှာရှိတာပဲ...ကျောင်းသားကဒ် လည်ပင်းမှာ မဆွဲတာကလွဲရင် ကျောင်းသားကဒ်ကို ကျောင်းထဲဝင်တာနဲ့ သက်ဆိုင်ရာ လုံခြုံရေးမှ စစ်ဆေးပြီးမှ ကျောင်းတွင်းဝင်ခွင့်ပေးတာပါ...ဒါကို မြန်မာနိုင်ငံကပဲ ချွန်ပြီးလုပ်နေသလိုလိုဖြစ်နေတယ်...အခုဟာ လုပ်တာ မှန်တယ်... မမှားဘူး...ကျောင်းသားမှန်ရင် ကျောင်းသားကဒ် ကိုင်ထားရမယ်.....
written by nankhinlay, November 10, 2009
ကျမကလည်း အဝေးသ င်နဲ့ ကျောင်းပြီး ခဲ့သြူ ဖစ်လို့ အဝေးသင် ကျောင်းသားများကို စာသင်ပေးရတဲ့ ဆရာ၊ ဆရာမ တွေအပေါ် ကိုယ်ချင်း စာမိပါတယ်။ ဆရာ၊ ဆရာ မတွေဟာ ဒေးကျောင်းသားတွေရဲ့ စာမေးပွဲ ပြီး တာနဲ့ တပြိုင်နက်တည်း အနားယူချိန်မရဘဲနဲ့ အဝေးသင်ကျောင်းသားများ အတွက် သင်ခန်းစာများ ပို့ချပေးခြင်း၊ အခန်းစောင့် တာဝန်များ ယူပေးခြင်း၊ စာမေးပွဲ ရလာဒ်များ စီစစ်ပေးခြင်း တို့ကို လုပ်ဆောင်ကြရ ပါတယ်။ အုပ်ချုပ်သူ တာဝန်ရှိသူတွေ အနေနဲ့ ဆရာ၊ ဆရာမတွေရဲ့ အပေါ် ကိုယ်ချင်းစာ တရား ထားပြီး တာဝန်ယူ ဆောင်ရွက်စေလိုပါတယ်။
written by anti - junta, November 10, 2009
The government has been degrading the education system for a long time so there will not be any well-educated, smart people who will take over their place one day. Even if there are smart people in Burma, the government will not place them in an appropiate position. Bascially, by the fact that a lot of well-educated, smart and bright people are leaking out of our country into other nations like USA, Singapore, etc. As a result, Burma gets poorer by the lack of good and smart people who can lead the country properly and make changes. No country would gain success without having a decent education system. Compared to other nation's education system, our system has been far behind others. I feel sad indeed about this situation. I wish burmese people can get out of this trouble. And I hope one day I can help out my country as much as I can.
written by မိုးမြင့်, November 10, 2009
ကျောင်းသား ကပ် ချိတ်ပြီး တက္ကသိုလ် တက်ရတာ တွေ ကျောင်းဝင်းထဲ လွတ်လွတ် လပ်လပ် သွားလို့ မရတာတွေ
အဲဒါ ဘိုခင်ညွန့် က စပြီး လုပ်ခဲ့တာ။ ဒီလို စနစ်တွေကို မြေလှန်ပစ် ဆန့်ကျင်ကြ။
အဲဒါ ဘိုခင်ညွန့် က စပြီး လုပ်ခဲ့တာ။ ဒီလို စနစ်တွေကို မြေလှန်ပစ် ဆန့်ကျင်ကြ။
written by Burmese, November 09, 2009
ကျောင်းတွေက ကထိက၊ မော်ကွန်းထိန်းနဲ့  ပါမောက္ခတွေကို ဂွင် ဖန်နိုင်အောင် လုပ်ပေးထားတယ်၊ ဒါဟာ ဘာလဲဆိုတော့ ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်တာပဲ။ ကျောင်းသားနဲ့  ဆရာကို မတည့်အောင် လုပ်ပေးထားတာ၊ အုပ်ချုပ်ရ လွယ်အောင်။ ကထိက၊ မော်ကွန်းထိန်း နဲ့  ပါမောက္ခတွေ တချို့က ငါတို့  ရတုန်းလေး ၀ါးထားမှ ဆိုပြီး မဆူအောင် ကျပ်မယ်၊ အစိုးရကို ဖားမယ်။ ဒါပဲလေ။ စိတ်ဓါတ် ပျက်စီး စုတ်ပြတ်သတ် သွားပြီ။ မြန်မာနိုင်ငံ အနာဂတ်က ဘယ်တော့မှ လှပလာမှာ မဟုတ်ဘူး။
Write comment
| < Prev | Next > |
|---|












