စစ်အစိုးရထံမှ အာဏာလွှဲပြောင်းရယူသော အသွင်ကူးပြောင်းရေးကာလတရပ်၌ အသုံးပြုရန် ယာယီ အခြေခံဥပဒေ တရပ်ကို NLD က ပြင်ဆင် ရေးဆွဲခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး စောမောင် ခေါင်းဆောင်သော စစ်အစိုးရက လက်မခံခဲ့။
ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရစဉ် NLD၏ ခေါင်းဆောင် ဖြစ်ခဲ့သော ဦးကြည်မောင်က အာဏာမလွှဲပြောင်းမီ အခြေခံဥပဒေသစ် တရပ် လိုအပ်သည်ဟု စစ်အစိုးရ၏ ကြေညာချက်ကို တုံ့ပြန်၍ အခြေခံဥပဒေ ဆိုသည်မှာ ပြင်ဆင် ပြောင်းလဲ၍ရကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသားလူမျိုးစုများက အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် ပုံစံဖြင့် ပြန်လည် ပြင်ဆင် ရေးဆွဲလိုခြင်းမှ အစပြု၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းသည် စိမ်ခေါ်မှု တရပ်သဖွယ် ဖြစ်လာခဲ့ရသည်။
တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများနှင့် ထိုစဉ်က ဝန်ကြီးချုပ် ဖြစ်သော ဦးနုတို့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန် သဘောတူညီချက် ရပြီးချိန်တွင် ဦးနေဝင်းက ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်မှ ကယ်တင်လိုက်ရသည်ဟု အကြောင်းပြ၍ ၁၉၆၂ ခုနှစ်၊ မတ်လတွင် အာဏာသိမ်းခဲ့သည်။
၁၉၄၇ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း နည်းလမ်းများဖြင့် ပြင်ဆင်ခွင့် ရှိသည်။ အခြေခံဥပဒေ ပြင်ဆင်မှု ဥပဒေကြမ်းကို လွှတ်တော်တရပ်ရပ်၌ တင်သွင်း အတည်ပြုပြီးလျှင် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးက ဤဥပဒေကြမ်းကို စဉ်းစား ဆွေးနွေးကြသည်။ ထို့နောက် ဤဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေး၌ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံထက် မနည်းသော မဲအရေအတွက်ဖြင့် အတည်ပြုနိုင်သည်။
ထို့ကြောင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ဆိုင်ရာ ပြဿနာများကို သက်ဆိုင်ရာ ကာယကံရှင်များ ကိုယ်တိုင် ညှိနှိုင်းဆွေးနွေး အဖြေရှာ၍ ရနိုင်သည်။
၁၉၇၄ အခြေခံဥပဒေတွင် တချို့သော ပြဌာန်းချက်များ အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ရန် သဘောတူပြီးသောအခါ ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပပြီး မဲဆန္ဒပေးခွင့် ရှိသူ အားလုံး၏ တဝက်ကျော် ဆန္ဒမဲဖြင့် အတည်ပြုနိုင်သည်။ တချို့သော ပြဌာန်းချက်များအတွက်မူ လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်သည်။ ၁၉၇၄ အခြေခံဥပဒေ၏ အဓိကကျသော ပြဌာန်းချက်များ ပြင်ဆင်ခဲ့ခြင်း မရှိပါ။
ဦးကြည်မောင်၏ စကားမတိုင်မီ အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့သူတဦး ဖြစ်သော သောမတ်ဂျက်ဖာဆင် ကလည်း ၁၈၁၆ ခုနှစ်၊ ဇူလိုင်လတွင် ဆင်မြူရယ်ကာခီဗယ် ထံသို့ ရေးသော စာတစောင်၌် “ကျနော်ဟာ ဥပဒေတွေ၊ အခြေခံ ဥပဒေတွေ ခဏခဏ ပြောင်းလဲခြင်းကို နှစ်သက်တဲ့သူတယောက် မဟုတ်ပါဘူး။ ဒါပေမယ့် ဥပဒေတွေ အခြေခံ အဆောက်အအုံတွေဟာ လူသားတွေရဲ့ တိုးတက်မှုဖြစ်စဉ်နဲ့ သဟဇာတ ဖြစ်ရပါလိမ့်မယ်” ဟု ပြောခဲ့ဖူးသည်။
သူက ဆက်၍ “မယဉ်ကျေးသေးတဲ့ အဘိုးအဘွားတွေရဲ့ နေထိုင် စားသောက်မှုပုံစံအောက်မှာ နေနေရတဲ့ ယဉ်ကျေးတဲ့ လူနေမှုဘဝက လူတယောက်အဖို့ သူနဲ့ သင့်တော်တဲ့ အင်္ကျီကို သူဝတ်နိုင်ဖို့လည်း လိုအပ်မှာပါ” ဟု ပြောခဲ့သည်။ ပြောင်းလဲလာသော အခြေအနေနှင့်အညီ အခြေခံဥပဒေက လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အခြေခံဥပဒေကို အကြမ်းအားဖြင့် ‘တင်းကျပ်သောဥပဒေ’ နှင့် ‘ပြင်လွယ်ပြောင်းလွယ်ဥပဒေ’ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ တင်းကျပ်သော ဥပဒေသည် အနည်းဆုံး အခြေခံဥပဒေ၏ တချို့အစိတ်အပိုင်းကို ပြန်လည် ပြင်ဆင် ပြောင်းလဲရန် ခက်ခဲသော လုပ်ငန်း အစီအစဉ်များ ပါရှိသည်။ ပြင်လွယ်ပြောင်းလွယ် အခြေခံဥပဒေတွင်မူ ယင်း၏ ပြဌာန်းချက်များကို ပြုပြင်ပြောင်းလဲရန် လွယ်ကူသော လုပ်ငန်းစဉ်များ ပါဝင်သည်။
အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် တင်းကျပ်၏။ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ရာခိုင်နှုန်း မြင့်မားသော မဲအများစု လိုအပ်သည်။ အသုံးများသော နည်းလမ်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော် တရပ်စီတွင် သုံးပုံနှစ်ပုံ မဲအများစုဖြင့် ပထမ အတည်ပြုပြီး ပြည်နယ်လေးပုံသုံးပုံ၏ အတည်ပြုချက်ကို ထပ်မံရယူခြင်း ဖြစ်သည်။
ဤနည်းလမ်းမှာ လက်ရှိ အခြေခံဥပဒေပြင်ဆင်ချက်အားလုံးအတွက် အသုံးပြုခဲ့သော နည်းလမ်းဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်း ၂ဝဝ အတွင်း အခြေခံဥပဒေ ပြင်ဆင်ချက် (၂၇)ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသည့် အချက်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် သမ္မတ၏ အခန်းကဏ္ဍ လုံးဝ မပါရှိခြင်း ဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံတွင်မူ လွှတ်တော်က အဆိုပြုသော (သို့မဟုတ်) နိုင်ငံသား (၁ဝဝ ဝဝဝ) ကျော်၏ ဆန္ဒမဲဖြင့် အဆိုပြုသော အခြေခံဥပဒေ ပြင်ဆင်ချက်ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ အများစုမဲဖြင့် အတည်ပြုရသည်။ ထို့နောက် ပြည်နယ်တခုချင်းစီ၌ အများစုမဲဖြင့် ထပ်မံအတည်ပြုပြီး၊ ပြည်နယ်အများစု၏ အတည်ပြုချက်ကို ထပ်မံ ရယူရသည်။ ဆွစ်ဇာလန်အခြေခံဥပဒေသည် သမိုင်းတလျှောက် အကြိမ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲခဲ့ပြီး ဖြစ်သည်။
အင်္ဂလန်နိုင်ငံ၏ အခြေခံဥပဒေသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်သည်။ ယင်းအခြေခံဥပဒေ၏ ပြဌာန်းချက်များ၊ စည်းမျဉ်းများကို သာမန် လွှတ်တော်ဥပဒေတရပ်ဖြင့် ပြုပြင် ပြောင်းလဲနိုင်သည်။
အခြေခံဥပဒေ အများစုသည် တင်းကျပ်သော ဥပဒေများ ဖြစ်ကြသည်။ သို့သော်လည်း တင်းကျပ်သော ဥပဒေသည် တိုင်းပြည်၏ အခြေခံဥပဒေများကို တည်ငြိမ်စေရန်နှင့် အဓွန့်ရှည် တည်တံ့ရန် အလိုအလျောက် အာမခံချက် ပေးနိုင်ခြင်း မရှိပေ။
တောင်အာဖရိက အခြေခံဥပဒေသည် အမျိုးသားလွှတ်တော်၌ အခြေခံဥပဒေ ပြင်ဆင်မှု ဥပဒေမူကြမ်းတရပ် တင်သွင်းပြီး လွှတ်တော်ဥပဒေတရပ်ဖြင့် ပြင်ဆင်နိုင်သောကြောင့် ပြောင်းလွယ်၊ ပြင်လွယ် ဖြစ်သည်ဟု ယူဆနိုင်သည်။ အခြေခံ ဥပဒေ ပြဌာန်းချက် အများစုကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်၌ သုံးပုံနှစ်ပုံ မဲအများစုဖြင့် အတည်ပြု ပြင်ဆင်နိုင်သည်။ သို့သော်လည်း အရေးကြီးသော ပြဌာန်းချက်များအတွက်မူ ဒေသဆိုင်ရာ အမျိုးသားကောင်စီ တခုချင်းစီတွင် ရာခိုင်နှုန်း အများစုမဲဖြင့် အတည်ပြုချက်ယူရပြီး အနည်းဆုံး ဒေသကိုးခုအနက် ခြောက်ခုတွင် အတည်ပြုချက်ရမှ ပြင်ဆင်နိုင်သည်။
အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေကို ပြင်ဆင်ရန် ခက်ခဲသည်ဟု ဆိုနိုင်သော်လည်း အခြားတင်းကျပ်သော အခြေခံ ဥပဒေများနှင့် နှိုင်းယှဉ်လျင် ပို၍လွယ်ကူသည်ဟု ပြောနိုင်သည်။ တင်းကျပ်သောအခြေခံဥပဒေများ၏ ပြဌာန်းချက်များသည် အချိန် ကြာလာသည်နှင့် အမျှ တရားရုံးများ (သို့မဟုတ်) ဥပဒေပြုအဖွဲ့များ နှင့် အုပ်ချုပ်မှုအဖွဲ့များ၏ အဓိပ္ပာယ် ကောက်ယူမှုအပေါ် မူတည်လာကြသည်။
မြန်မာပြည်ရှိ ရွေးကောက်ပွဲလိုလားသော အဖွဲ့တချို့က အခြေခံဥပဒေစနစ်ကို လက်ခံရန်၊ အခြေခံဥပဒေရှိ မလိုလားအပ်သော ပြဌာန်းချက်များကို တဖြည်းဖြည်း ပြင်ဆင် ပြောင်းလဲသွားရန် ဆော်သြ စည်းရုံးလျက်ရှိကြသည်။
“စစ်တပ်ဟာ သူ့ရဲ့သြဇာ ဆက်လက် အဓွန့်ရှည်ဖို့ ရွေးကောက်ပွဲတွေကို အသုံးချလိုတဲ့ သဘောရှိပါတယ်။ ဒါပေမယ့် ဒီ ရွေးကောက်ပွဲဟာ ဒီမျိုးဆက် ကာလတခုအတွင်း အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံး အပြောင်းအလဲတခုပါပဲ” ဟု နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့၏ အရှေ့တောင်အာရှ လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး ‘ဂျင်ဒယ်လာဂျီယာကိုမာ’ က ဆိုသည်။ “စစ်အစိုးရက ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်တဲ့၊ ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအလဲ အတွက် အစိုးရ၊ အတိုက်အခံ၊ အိမ်နီးချင်း နိုင်ငံများ နဲ့ နိုင်ငံတကာ မိသားစုက ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုပါသည်။
၂ဝဝ၈ အခြေခံဥပဒေသည် တင်းကျပ်သောဥပဒေ (သို့မဟုတ်) ပြင်လွယ်ပြောင်းလွယ် ဥပဒေ ဟုတ်မဟုတ် အကဲဖြတ်ရန် အခြေခံဥပဒေ ပြင်ဆင်ချက်လုပ်ငန်းစဉ်ကို ဂရုတစိုက် လေ့လာကြည့်ရန် လိုအပ်မည်ဖြစ်သည်။ ဤအခြေခံဥပဒေ၌ အပြုသဘော (သို့မဟုတ်) အပျက်သဘော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည့် လစ်ကွက် ဟာကွက်များ ရှိ မရှိကိုလည်း ဆန်းစစ်ရန် လိုအပ်သည်။
အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် (လွှတ်တော်နှစ်ရပ်ပေါင်း) ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းက အခြေခံဥပဒေ ပြင်ဆင်မှု ဥပဒေမူကြမ်းကို တင်သွင်းရန်လိုအပ်ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမဲဖြင့် အတည်ပြုရမည်။
အရေးကြီးသော ပြဌာန်းချက်များဖြစ်သည့် အခြေခံမူများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ၊ သမ္မတနှင့် ဒုသမ္မတလောင်းများ အတွက် အရည်အချင်းများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ အရေးပေါ်အခြေအနေ စသည့် ပြဌာန်းချက်များ အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပေးပြီး မဲပေးခွင့်ရှိသူများ၏ ထက်ဝက် ထောက်ခံဆန္ဒမဲဖြင့် ထပ်မံ အတည်ပြုရန် လိုအပ်သည်။
ဤကဲ့သို့ ပြဌာန်းချက်များကို ပြင်ဆင်ရန် ခက်ခဲသည့် လုပ်ငန်းစဉ်များကြောင့် ၂ဝဝ၈ အခြေခံဥပဒေမှာ ‘တင်းကျပ်သော’ ဥပဒေဖြစ်ကြောင်း ထင်ရှားသည်။
စစ်အစိုးရက စစ်စိုးမိုးမှုအတွက် တချိန်က နမူနာပြု အတုယူရန် ကြိုးစားခဲ့ဖူးသော အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိအခြေခံ ဥပဒေတွင် အခြေခံဥပဒေကို ပြည်သူ့ အတိုင်ပင်ခံ လွှတ်တော်တွင် သုံးပုံနှစ်ပုံ ထောက်ခံမဲဖြင့် အတည်ပြု ပြင်ဆင်နိုင်သည်။
၁၉၆၈ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သော ဆူဟာတိုသည် အခြေခံဥပဒေကို ပြင်ဆင် ပြောင်းလဲရန် ခွင့်မပြုခဲ့ပေ။ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲဆန္ဒပေးခွင့်ရှိသူ အားလုံး၏ ၉ဝ ရာခိုင်နှုန်းက မဲပေးရမည်ဖြစ်ပြီး ထိုမဲပေးသူများ အနက်မှ ၉ဝ ရာခိုင်နှုန်း ထောက်ခံမဲဖြင့်သာ ပြင်ဆင်နိုင်သည်။
၁၉၉၈ ခုနှစ်၌ ဆူဟာတိုနှင့် သူ၏ အုပ်ချုပ်ရေးစနစ် ပြိုကျခဲ့ပြီးနောက်ပိုင်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းသစ်ကို ပိုမို၍ ဒီမိုကရေစီနည်းကျစေရန် လွယ်ကူ ရှင်းလင်းစေရန် ပြုပြင်ခဲ့သည်။ ပြည်သူ့အတိုင်ပင်ခံ လွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်မှုကို လွယ်ကူစေရန် ပြုလုပ်ပေးပြီး ရလဒ်အနေဖြင့် မူလအခြေခံဥပဒေ၏ ၁၁ ရာခိုင်နှုန်းသာ မပြောင်းလဲဘဲ တည်ရှိတော့သည်။
မြန်မာပြည်၏ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေတွင် လွှတ်တော်နှစ်ရပ်၌လည်းကောင်း၊ ပြည်နယ်အဆင့် လွှတ်တော်များ၌ လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က စေလွှတ်ရန် ပြဌာန်းထားသည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ပြဌာန်းထားသည်။
အခြေခံဥပဒေကို ပြင်ဆင်လိုပါက အရပ်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းအပြင် အနည်းဆုံး စစ်တပ်ကိုယ်စား လှယ်တဦး၏ ထောက်ခံချက် ရရှိရန် လိုအပ်မည်ဖြစ်သည်။
အခြေခံဥပဒေ၏ တင်းကျပ်မှုကြောင့် အနာဂတ် အုပ်ချုပ်မှု၏ လမ်းကြောင်းကို ထိမ်းချုပ်နိုင်ရန် အတိုက်အခံ အင်အားစု လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အားထားရန် အခွင့်အလမ်း အလွန် နည်းပါးကြောင်း တွေ့ရသည်။ အကျိုးရလဒ်အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးမှတဆင့် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေး အယူအဆမှာ လက်တွေ့မကျကြောင်း တွေ့ရှိရသည်။
written by Chotuu Mar, November 11, 2009
အခြေခံဥပဒေ ကိုလည်း လူထုသဘောတူမှုနဲ့ မဲခွဲပြီး ပြင်လို့ရတယ်။ အတည်ပြု ဥပဒေကိုလည်း လိုအပ်ရင် အများဆန္ဒအရ ထပ်ဖြည့်စွက်မှုတွေနဲ့ ပိုကောင်းအောင် မွမ်းမံလို့ရတယ်။
ဗမာပြည်သူတွေကိုတော့ ဒီမိုကရေစီနဲ့ မတန်သေးဘူး၊ ဘာညာကွိကွတွေ လာမပြောနဲ့။
၁၉၈၈ မတိုင်ခင်က နေဝင်းရဲ့ တံခါးပိတ်ဝါဒ အောက်မှာ ပညာရေး ထိန်းချုပ်မှု နဲ့ နိုင်ငံတကာ သတင်းတွေ အမှောင်ချထားလို့ ရဝ နဲ့ ၈ဝ မျိုးဆက်တွေ ကမ္ဘာနဲ့ နဲနဲ ခြေလှမ်းနောက်ကျကျန်ခဲ့တာ။
အခု ၉ဝနဲ့နောက်ပိုင်း မျိုးဆက်တွေက ဗဟုသုတ ပြည့်လိုက်တာမှ ဟိုဘက်တောင်လွန်သေး။
အသက်၂ဝကျော် ၃ဝကျော် လူငယ် ကျား၊မ အားလုံး တော်လိုက် လျင်လိုက်တာမှ လျှမ်းလျှမ်းတောက်ပဲ။
ဒါတောင် ကွန်ပြူတာကိုယ်ပိုင်မရှိပဲ၊ ဆိုင်မှာ မရှိမဲ့ ရှိမဲ့ မုန့်ဘိုးပိုက်ဆံကလေးတွေ နဲ့ မီးလာတုန်း အလှဲ့ စောင့် လုပ်နေကြရလို့။ အမေရိကားမှာလို ဆယ်နှစ်သားကတည်းက ကိုယ့် ကိုယ်ပိုင် ကွန်ပြူတာနဲ့များ ပိုင်ကြည့်ပါလား၊ ကိုယ် တို့ ဗမာပြည်က ကလေးတွေ မိုးပျံနေမှာ။
ကမ္ဘာမှာ ဘာတွေ ဖြစ်နေသလဲ၊ သူတို့အားလုံးသိတယ်။
တခြားတိုင်းပြည်တွေမှာ ဘာတွေ ဖြစ်နေသလဲ၊ သူတို့အားလုံးသိတယ်။
အခွင့်အခါပေးရင် သူများတိုင်းပြည်တွေလို ဖြစ်ဘို့ ဘာတွေလုပ်ရမလဲ၊ သူတို့အသင့်ပဲ။
ဗမာလူငယ်တွေ ကမ္ဘာမှာ မျက်နှာငယ်နေရတာကြာပြီ။ သူတို့လေးတွေ ရှေ့ရေးအတွက် လူကြီးတွေ ပြောင်းပေးသင့်တာကြာပြီ။
လူငယ်လေးတွေဆိုတာ၊ သူများ သားသမီး၊ မြေးမြစ်ချည်း မဟုတ်ဘူးနော်။
ဗမာလူငယ်ဆိုရင် ကိုယ့်သားသမီး၊ မြေးမြစ်တွေပါ အကုန်ပါတယ်။
ဗမာပြည်သူတွေကိုတော့ ဒီမိုကရေစီနဲ့ မတန်သေးဘူး၊ ဘာညာကွိကွတွေ လာမပြောနဲ့။
၁၉၈၈ မတိုင်ခင်က နေဝင်းရဲ့ တံခါးပိတ်ဝါဒ အောက်မှာ ပညာရေး ထိန်းချုပ်မှု နဲ့ နိုင်ငံတကာ သတင်းတွေ အမှောင်ချထားလို့ ရဝ နဲ့ ၈ဝ မျိုးဆက်တွေ ကမ္ဘာနဲ့ နဲနဲ ခြေလှမ်းနောက်ကျကျန်ခဲ့တာ။
အခု ၉ဝနဲ့နောက်ပိုင်း မျိုးဆက်တွေက ဗဟုသုတ ပြည့်လိုက်တာမှ ဟိုဘက်တောင်လွန်သေး။
အသက်၂ဝကျော် ၃ဝကျော် လူငယ် ကျား၊မ အားလုံး တော်လိုက် လျင်လိုက်တာမှ လျှမ်းလျှမ်းတောက်ပဲ။
ဒါတောင် ကွန်ပြူတာကိုယ်ပိုင်မရှိပဲ၊ ဆိုင်မှာ မရှိမဲ့ ရှိမဲ့ မုန့်ဘိုးပိုက်ဆံကလေးတွေ နဲ့ မီးလာတုန်း အလှဲ့ စောင့် လုပ်နေကြရလို့။ အမေရိကားမှာလို ဆယ်နှစ်သားကတည်းက ကိုယ့် ကိုယ်ပိုင် ကွန်ပြူတာနဲ့များ ပိုင်ကြည့်ပါလား၊ ကိုယ် တို့ ဗမာပြည်က ကလေးတွေ မိုးပျံနေမှာ။
ကမ္ဘာမှာ ဘာတွေ ဖြစ်နေသလဲ၊ သူတို့အားလုံးသိတယ်။
တခြားတိုင်းပြည်တွေမှာ ဘာတွေ ဖြစ်နေသလဲ၊ သူတို့အားလုံးသိတယ်။
အခွင့်အခါပေးရင် သူများတိုင်းပြည်တွေလို ဖြစ်ဘို့ ဘာတွေလုပ်ရမလဲ၊ သူတို့အသင့်ပဲ။
ဗမာလူငယ်တွေ ကမ္ဘာမှာ မျက်နှာငယ်နေရတာကြာပြီ။ သူတို့လေးတွေ ရှေ့ရေးအတွက် လူကြီးတွေ ပြောင်းပေးသင့်တာကြာပြီ။
လူငယ်လေးတွေဆိုတာ၊ သူများ သားသမီး၊ မြေးမြစ်ချည်း မဟုတ်ဘူးနော်။
ဗမာလူငယ်ဆိုရင် ကိုယ့်သားသမီး၊ မြေးမြစ်တွေပါ အကုန်ပါတယ်။
Write comment
| < Prev | Next > |
|---|













အထူးသဖြင့်ကေတော့ နိုင်ငံကြီးများ၏ အခြေခံဥပဒေများအကြောင်းကို လိုရင်းတိုရှင်း တင်ပြသွားသည့်အတွက် မှတ်သားရပါသည်။
သတိထားမိသည်မှာ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေအကြောင်း မပါရှိခြင်းဖြစ်သည်။ ကျွန်တော်တို့နိုင်ငံအဖို့ အိန္ဒိယနိုင်ငံသည်လည်း ဆွစ်ဇာလန်၊ အမေရိကန်၊ ဗြိတိန်၊ တောင်အဖေရိကနိုင်ငံတို့လို သိထားနိုင်ဖို့ အရေးကြီးပါသည်။ နောက်နောင်လည်း အလျဉ်းသင့်သလို အိန္ဒိယနိုင်ငံအပါအ၀င် တခြားသော ပြည်ထောင်စု ပုံစံစနစ်ဖြင့်း အုပ်ချုပ်နေသည့် နိုင်ငံများ၏ အခြေခံဥပဒေ အကြောင်းများကိုလည်း ရေးသားတင်ပြပေးဖို့ တောင်းဆိုပါရစေ။ ဧရာဝတီ စာမျက်နှာပေါ်မှာပဲ စောင့်မျှော်ဖတ်ရှုဖို့ကိုလည်း တစ်ပါတည်း ပြောကြားလိုပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် လူမျိုးတစ်မျိုးတည်း၊ ဘာသာစကား တစ်ခုတည်း၊ ကိုးကွယ်ရာ ဘာသာတစ်ခုတည်း၊ ချွတ်စွတ် တူညီသည့် အခြေခံရေမြေ တောတောင်တစ်ခုတည်း မဟုတ်သည့်အတွက် နိုင်ငံအုပ်ချုပ်ပုံ အခြေခံဥပဒေသည်လည်းပဲ ပြည်ထောင်စုစနစ် ပိုမိုပီပြင်ဖို့၊ ပိုမိုအကောင်အတည်ဖော်နိုင်ဖို့ အလွန်ပဲလိုအပ်လှပါတယ်။ ထိုသို့မဟုတ်ဘဲ မဟာဝါဒီလူမျိုးစနစ်ဖြင့် မရိုးသားစွာ၊ ကောက်ကျစ်စဥ်းလဲစွာ၊ အပေါ်စီး အသာစီးစနစ်ဖြင့် ဆက်လက်နှစ်ပါးသွားနေဦးမည်ဆိုပါက နိုင်ငံရေး သံသရာသည်လည်း အတောမသတ်နိုင်စွာ အခက်အခဲများစွာ ဆက်လက်ရင်ဆိုင်နေရဦးမှာပဲ မလွဲပါပဲ။
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ဆိုသည့်အော်သံခေါ်သံများသည် ၀ါဒဖြန့်သတင်းစာထဲများ၊ ရေဒီယိုများ၊ ရုပ်မြင်သံကြားများတွင် အချိန်နဲ့အမျှ အော်ဟစ်နေရုံနဲ့ မပြီးသေးပါဘူး။ လက်တွေ့ကျင့်ကြံဖို့လည်း အထူးလိုအပ်ပါတယ်။ ပါးစပ်ကပြောတော့ ဘုရားဘုရား လက်ကလုပ်တော့ ကိုးရိုးကားယားဖြစ်နေသေးရင် ၄င်းဆန္ဒများသည် ကြာရှည်ခံမည် မဟုတ်ပေ။ ကျွန်တော့အမြင်အရပြောရရင်တော့ မဟာဗမာလူမျိုးရေးဝါဒီများ၊ စစ်အာဏာရှင်များ နိုင်ငံတွင်းမှာ တိုင်းရင်းသားများ အကြား သပ်လျှိုသွေးခွဲမှုများ၊ အုပ်ချုပ်မှုနယ်မြေများကို (နဂိုရ်မရှိခဲ့ဘဲ အခုမှ နဂိုင်းဖြစ်အောင်) အစိပ်အမွှာမွှာဖြစ်အောင် လုပ်နေခြင်းသည် “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး”ဆိုသည့် အချက်များနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေသည်-ဟု ပြောချင်သည်။
၁၉၄၇ ခုနှစ်အခြေခံဥပဒေသည် မဆိုးလှ-မြင်မိသည်။ ၄င်းကို အခြေခံပြီး လိုတိုးပိုဖျက်လုပ်နိုင်ရင် ပိုကောင်းသည်။ အဓိကကတော့ မဟာဝါဒီ အတ္တစိတ်ထားဖြင့်၊ မသမာမှုများဖြင့်၊ ကွက်ကျော်ကွက်ကြား လက်တစ်လုံးခြား လိမ်လည်မှုများဖြင့် လူမျိုးစုများအပေါ် ဆက်လက် အနိုင်မပိုင်းဖြတ်ဖို့ဖြစ်သည်။ ရှိသင့်ဖြစ်သင့်သည်များကို ရှိစေဖြစ်စေပြီး၊ မရှိသင့် မဖြစ်သင့်သည်များကို ဆက်လက်ပြီးအလုပ်ရှုပ် ဦးနှောက်ရှုပ် အကျယ်မချဲ့ဖို့ဖြစ်သည်။
၂၀၀၈ ခုနှစ်ဥပဒေသည် အရမ်းပဲ အတ္တဆန်လွန်းသည်။ မဟာဝါဒီဆန်လွန်းသည်။ လက်ဝါးကြီးအုပ်ဝါဒဆန်လွန်းသည်။ ဒီလိုသာ ဆက်သွားနေဦးမည်ဆိုပါက မည်သည့်အစိုးရပဲ တက်တက် နိုင်ငံရေးသံသရာ စက်ရဟတ်ကတော့ ဆက်လက် အခက်အခဲများနှင့်ရင်ဆိုင်တွေ့ကြုံနေရဦးမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါသည်။
ဆောင်းပါးရှင် ကေလတ်ရေ
နောက်နောင်လည်း အလျဉ်းသင့်လာခဲ့ရင် အမေရိကန်နိုင်ငံအခြေခံဥပဒေ (ပြည်နယ် အသီးသီးနှင့် ပြည်ထောင်စု အုပ်ချုပ်ပုံယန္တရားများ၊ အိန္ဒိယ (ပြည်ထောင်စု) များအကြောင်းကို ထပ်မံရေးသားဖို့ တောင်းဆိုပါတယ်ခင်ဗျား။