မိသားစု တခုလုံး ချင်းမိုင်၏ အထင်ကရ နေရာတခုဖြစ်သည့် ဒွိုင်ဆူထေ့ တောင်ပေါ်ဘုရား ခြေရင်းသို့ သွားကြသည်။ တောင်ခြေရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်တန်းတွင် ရှော့ပင် ထွက်ပြီး တယောက်တပေါက် ပြောနေကြသော မြေးတော် နှင့် သမီးတော်များကို ဒေါ်ကွိုင်ကွိုင်က လိုအပ်သည်များ ညွှန်ကြားလျက်ရှိသည်။ဒေါ်ကွိုင်ကွိုင်။ ။ ဟဲ့ ကောင်မ … ၊ ကြိုက်တာတွေ့ရင် မြန်မြန်ယူ။ ပိုက်ဆံတော့ ပေးနော်၊ မြန်မာပြည်မှာလို ပိုက်ဆံမပေးဘဲ ဆိုင်ထဲက ထွက်မသွားနဲ့။ တော်ကြာ နောက်က လိုက်တောင်းမှ ငါတို့ အရှက်ကွဲနေဦးမယ်။
သမီးတော်(၁)။ ။ ပစ္စည်းတွေကလည်း အပေါစားတွေချည်းပဲ။ ဈေးကြီးတာလည်း မရှိပါလား။ ဟွန့် … … ။
သမီးတော်(၂)။ ။ ဒီဈေးသည်တွေကလည်း မြန်မာလိုမတတ် ဘာမတတ်နဲ့၊ သင်ထားတာ မဟုတ်ဘူုး … ။
ဖိုးလောက်လန်း။ ။ ဘေ့စ်ဘောရိုက်တံ ဒီမှာ ဘာကြောင့် မရောင်းတာလဲ။ ခက်တာပဲ … ။
မြေးနှင့်သမီးများ တယောက်တပေါက် ပြောနေစဉ် ချိုကုပ်ဒူးကြီးက ဗေဒင်ဆရာတို့၏ ညွှန်ကြားချက်များအကြောင်းသာ စဉ်းစားနေသည်။
ချိုကုပ်ဒူးကြီး။ ။ ငါ့ဗေဒင်ဆရာတွေ အပြောအရဆိုရင် ဒီလမ်းခရီးက အစစ အရာရာ အဆင်ပြေမယ် တဲ့ ကွိုင်ကွိုင်ရေ …။
ဒေါ်ကွိုင်ကွိုင်။ ။ ရှူး … … ၊ တိုးတိုးပြောပါရှင်။ ဒီမြို့မှာ မြန်မာပြည်သားတွေ သိပ်များတယ် တဲ့၊ ဘုရားဖူးတွေထဲမှာလည်း မြန်မာတွေ ပါနိုင်တယ်နော်။ ကျမတို့လာတာ သိသွားရင် ခက်ရချည်ရဲ့။
ချိုကုပ်ဒူးကြီး။ ။ သြော် … ကွိုင်ကွိုင်ကလည်း ဘာကို စိုးရိမ်နေတာလဲ။ ငါကြောက်တဲ့လူ ကမ္ဘာပေါ်မှာ မမွေးသေးပါဘူးကွ။ ငါတို့လာတာလည်း ဘယ်သူမှ သိမယ် မထင်ပါဘူး။
ထိုသို့ ချိုကုပ်ဒူးကြီးက ယူဆနေသော်လည်း သူ၏ ခရီးစဉ်သတင်းကို အတိအကျ သိထားသည့် ဘလော်ဂါ မိုးသီးဇူလိုင် နှင့် ဆန္ဒပြသူတချို့က တောင်ခြေ တနေရာတွင် စောင့်ဆိုင်းနေကြသည်။ အနီးတွင် သတင်းသမားတချို့လည်း ရှိနေသည်။
သတင်းသမားများကြားထဲတွင် ရန်ကုန်အခြေစိုက် အသံတိတ်ဂျာနယ် ထုတ်ဝေသူကိုလည်း တွေ့ရသည်။ သူက ကျပ် ၅၀၀၀ ထောင်တန် ငွေစက္ကူကို အထူးကြိုဆိုကြောင်း သူ့ဂျာနယ်တွင် ရေးသားလိုက်ရသဖြင့် ယခုအချိန်အထိ ပီတိဖြစ်နေသည်။ ယခုလည်း ထူးခြားသော အယ်ဒီတာ့ အာဘော်များ ရေးသားနိုင်ရေးအတွက် ဆန္ဒပြသူများ၊ သတင်းသမားများကြားတွင် စနည်းနာနေခြင်းဖြစ်သည်။
မကြာမီ ချိုကုပ်ဒူးကြီးတို့မိသားစု နှင့် ဆန္ဒပြရန် စောင့်နေသူများ ထိပ်တိုက် တွေ့ကြလေသည်။ ဆန္ဒပြသူများက လက်သီးလက်မောင်းများ ဆန့်တန်းပြီး တခဲနက် အော်ဟစ်၊ ကန့်ကွက်ကြရာ ချိုကုပ်ဒူးကြီးတို့ အထိတ်တလန့် ဖြစ်သွားကြသည်။
ချိုကုပ်ဒူးကြီး။ ။ ဟိုက် … မြန်မာပြည်သားတွေကွ၊ ဒုက္ခပဲ။
ဒေါ်ကွိုင်ကွိုင်။ ။ အောင်မယ်လေးတော်၊ ဒီတခါတော့ ကိုယ်ကျိုးနည်းပါပေါ့လား။
သမီးတော်(၁)။ ။ ဖေဖေ … ၊ မေမေ … လုပ်ပါဦး။ သမီးတို့ကို အော်နေကြပြီ၊ အော်နေကြပြီ။
သမီးတော်(၂)။ ။ အဖေကြီး … စစ်သားတွေကို ခေါ်ပြီး ပစ်ခိုင်းလိုက်လေ … ။
ဖိုးလောက်လန်း။ ။ မကြောက်စမ်းပါနဲ့ မာမီရယ်၊ ဒီလူတွေက လေသမားတွေပါ … ။ တောက် … … လက်ထဲမှာ ဘေ့စ်ဘောရိုက်တံ ရှိလို့ကတော့ ဒီလူတွေ နာပြီသာမှတ် … ။
ဆန္ဒပြ ကန့်ကွက်နေသူများကလည်း “လူသတ်သမား အလိုမရှိ … ၊ အာဏာရှင် အလိုမရှိ … ” စသည်ဖြင့် အဆက်မပြတ် အော်ဟစ်နေကြသည်။ ၎င်းတို့ထဲမှ ဦးဆောင်သူ ဖြစ်သည့် မိုးသီးဇူလိုင်က သူ၏ ဖိနပ်ကို ချွတ်လိုက်သည်။ ထို့နောက် ဖိနပ်ကို ဆုပ်ကိုင်ထားသည့် သူ၏ ညာဘက်လက်သို့ အတွင်းအားများ စုစည်းလိုက်ပြီး ဖိနပ်ကို ချိုကုပ်ဒူးကြီးထံ ပစ်လိုက်လေသည်။ သူက ဤဆန္ဒပြပွဲအတွက် ထူထဲ လေးလံသည့် ရှူးဖိနပ်တရံကို ကုန်တိုက်တကာ လှည့်လည်ရှာဖွေပြီး စိတ်ကြိုက် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
၇ ရက်ကြာ အချိန်ယူ ရှာဖွေ ၀ယ်ယူထားရသည့် သူ၏ ဖိနပ်က ၁ စက္ကန့်လျှင် ၇ မိုင်နှုန်းဖြင့် ပျံသန်းသွားသည်။ ချိုကုပ်ဒူးကြီး၏ ခေါင်းကို တည့်တည့် ထိမှန်လေသည်။ ချိုကုပ်ဒူးကြီး အရုပ်ကြိုးပြတ် လဲကျသွားသည်။ မိုးသီးဇူလိုင် ပြုံးလိုက်သည်။
မိုးသီးဇူလိုင်။ ။ ကဲ … ရဲဘော်တို့၊ ပြန်ကြမယ် … ။ တို့ရဲ့ ဆန္ဒပြပွဲ အောင်မြင်တယ်။ ရဲတွေ မလာခင် ငါတို့ ဒီနေရာကနေ ခွာမှ ဖြစ်မယ်။ တနာရီအတွင်း စုရရပ်မှာ ပြန်ဆုံမယ်။ ဒီပွဲကို လာကြတဲ့ သတင်းထောက်တွေကိုလည်း ကျေးဇူးတင်ပါတယ်။
ထိုသို့ အမိန့်ပေးပြီး လူစုခွဲလိုက်ကြသည်။ မိုးသီးဇူလိုင်က ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး သူ၏ ဘလော့ဂ်တွင် ရေးသားရန် အင်တာနက်ကဖေးတခုသို့ သွားသည်။ “ဆန္ဒပြပွဲ အောင်မြင်တယ်။ မိမိဘက်မှ အကျအဆုံး မရှိပါ။ လူနည်းသော်လည်း ညီညီညာညာ တိုက်ပွဲဝင်နိုင်သဖြင့် အကျိုးအမြတ် ကြီးလှပါတယ်” ဟု သူ၏ ဘလော့ဂ်တွင် ရေးသားရန် စိတ်ကူးထဲတွင် စာစီသွားသည်။
ရန်ကုန်အခြေစိုက် အသံတိတ်ဂျာနယ် ထုတ်ဝေသူကလည်း ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး အလွန့်အလွန် ၀မ်းနည်းကြောင်း ဂျာနယ်၏ အယ်ဒီတာ့အာဘော်တွင် ရေးခိုင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ “ရိုင်းစိုင်းသော နိုင်ငံတခုမှ လာသည့် ဖိနပ်ပျံဗျူဟာကို ဆန့်ကျင်ကြ” ဟု ခေါင်းစဉ်ပေးသင့်သည်ဟုလည်း တွေးလိုက်သည်။
ထိုအချိန်တွင် ဖိနပ်ထိထားသော ချိုကုပ်ဒူးကြီးက သတိလစ်နေဆဲဖြစ်ပြီး ဘေးတွင် မိသားစုက ပျာယာခပ်နေသည်။ ဒဏ်ရာမှ သွေးထွက်ခြင်း မရှိသော်လည်း အာလူးသီးအလတ်စားအရွယ် ဘုကြီး ထွက်လာသည်။ ကွမ်းတရာညက်ခန့်အကြာတွင် ချိုကုပ်ဒူးကြီး မျက်လုံး တဖြည်းဖြည်း ပွင့်လာသည်။ တွေဝေနေသော မျက်လုံးများဖြင့် အားလုံးကို ကြည့်နေသည်။
ဒေါ်ကွိုင်ကွိုင်။ ။ ဟော … မောင်တော် … သတိရလာပြီ၊ သတိရလာပြီ … ။
သမီးတော်(၁)။ ။ အောင်မယ်လေး … ဖြစ်မှ ဖြစ်ရလေ ဖေဖေရယ် … ။
ဖိုးလောက်လန်း။ ။ အဘိုး၊ အဘိုး … ဘယ်နား နာသွားသေးလဲဟင်။
သမီးတော်(၂)။ ။ သြော် … ဖိုးလောက်လန်းရယ်၊ ဘယ်နား နာရမှာလဲဟဲ့ … ၊ နားထင်မှာ ဘုထွက်နေတာ နင် မတွေ့ဘူးလား … ။
ဒေါ်ကွိုင်ကွိုင်က သူတို့အားလုံးကို မာန်မဲလိုက်သဖြင့် အသံများ တိတ်သွားသည်။ သူတို့အားလုံး ချိုကုပ်ဒူးကြီးကို စိုက်ကြည့်နေကြသည်။ ချိုကုပ်ဒူးကြီးကလည်း သူတို့အားလုံးကို ကြည့်နေသည်။
ချိုကုပ်ဒူးကြီး။ ။ မင်း … မင်းတို့ ဘယ်သူတွေလဲ၊ ငါ့ကို ဘာကြောင့် လာကြည့်နေကြတာလဲ၊ ငါကရော ဘယ်သူလဲ … ။
ချိုကုပ်ဒူးကြီး၏ စကားကြောင့် အားလုံး အံ့သြသွားကြသည်။ ဒေါ်ကွိုင်ကွိုင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် ရှင်းပြသည်။ သို့သော်လည်း ချိုကုပ်ဒူးကြီးက ဒေါ်ကွိုင်ကွိုင်ကို ခုမှ တွေ့ဖူးသည့်အလား စိုက်ကြည့်နေသည်။ နောက်ထပ် ကွမ်းတရာညက်ခန့် အကြာတွင် ဒေါ်ကွိုင်ကွိုင်က အခြေအနေမှန်ကို ရိပ်စားလိုက်မိသည်။ ထို့နောက် ရှိုက်ကြီးတငင် ငိုချလိုက်လေသည်။
ဒေါ်ကွိုင်ကွိုင်။ ။ အီး … ဟီး ဟီး … ၊ မောင်တော် အတိတ်မေ့သွားပြီ။
ဖိုးလောက်လန်း။ ။ ဟင် … ဘာလို့ငိုတာလဲ။ အတိတ်မေ့တယ်ဆိုတာ ဘာကို ပြောတာလဲ။
သမီးတော်(၁)။ ။ ဖိုးလောက်လန်းတကောင်နဲ့တော့ ခက်တော့တာပဲ၊ အတိတ်မေ့တယ်ဆိုတာ အတိတ်မေ့တာပေါ့ကွ။
ဖိုးလောက်လန်း။ ။ အဲဒါကြောင့် ပြောတာပေါ့ဗျ၊ ချင်းမိုင်ကို မသွားနဲ့၊ ပတ္တရားသွားမယ်လို့ ကျနော်ပြောတာကို နား မထောင်ကြဘူး။ ရန်ကုန်မှာ ကော်ဖီဆိုင်ဖွင့်ပြီးမှ သွားမယ် ဆိုတာကိုလည်း လက်မခံဘူး။ ခုတော့ ထိပြီပေါ့၊ ကဲ … ဘိုးဘိုးကြီး အားကိုးတဲ့ ဗေဒင်ဆရာတွေ၊ ဘိုးတော်တွေ ဘယ်မှာလဲ။
ဖိုးလောက်လန်း၏ စကားအဆုံးတွင် ၀ုန်းခနဲ မြည်သံနှင့်အတူ မီးခိုးလုံးကြီးထသွားသည်။ မီးခိုးများ စဲသွားသောအခါ သူတို့၏ ရှေ့တွင် တစိမ်းတယောက်ကို တွေ့လိုက်ကြသည်။ ထိုသူမှာ တခြားမဟုတ်၊ ချင်းမိုင်ရုက္ခစိုးကြီး ဖြစ်သည်။
သမီးတော်(၂)။ ။ ဖိုးလောက်လန်းရေ ဘိုးတော် ကြွလာပြီထင်တယ်၊ အဲဒါကြောင့် နင့်ကို ပြောတာ ဗေဒင်တို့ ဘိုးတော်တို့ကို ပစ်ထားလို့ မရဘူးဆိုတာ ခုတော့ နင် ယုံပြီ မဟုတ်လား။
ဒေါ်ကွိုင်ကွိုင်။ ။ အမိုက်အမဲလေးကို ဗွေမယူပါနဲ့ ဘိုးတော်ရယ် … ။ တပည့်တော်မ တောင်းပန်ပါတယ်။ ဟော … ဟောဒီမှာ မောင်တော်ရဲ့ ခေါင်းမှာ အာလူးသီးကြီး ထွက်ပြီး အတိတ်မေ့နေပါတယ်။ ပြန်ပြီး သတိရလာအောင် ဘိုးတော်က ကူညီ၊ စောင်မ၊ ကြည့်ရှု၊ စောင့်ရှောက်၊ ကုသပေးတော်မူပါဦး။
ဖိုးလောက်လန်း။ ။ ဟုတ်တယ်ဗျာ။ ကူနိုင်ရင် ကူပါဦးဗျ။ ကျနော်က ကမ္ဘာ့အကြီးဆုံး ကော်ဖီဆိုင်ကြီးကို ရန်ကုန်မှာ ဖွင့်ဖို့ ပြင်နေတာ။ ကျနော့်ဆိုင်ထက်ကြီးရင် အဲဒီဆိုင်ကိုသွားပြီး ရိုက်ခွဲလိုက်မယ်။ ဟဲဟဲ … ဆိုင် ဖွင့်ပြီးရင် ဘိုးတော် နေ့တိုင်းလာသောက်ဗျာ။
ရုက္ခစိုး။ ။ ဟေ့ … ငါက ဘိုးတော်မဟုတ်ဘူးကွ … ။ ဒါပေမယ့် ငါတတ်နိုင်သလောက် လုပ်ပေးပါ့မယ်ကွာ။ နေစမ်းပါဦး၊ နေစမ်းပါဦး … ၊ ဘယ်လိုဘယ်လို ဖြစ်ကြတာလဲ ပြောပြပါဦး။
အမှန်တကယ်တွင်မူ ရုက္ခစိုးကြီးက ဖြစ်ရပ် အစအဆုံးကို မြင်တွေ့ပြီး ဖြစ်သည်။ မသိချင်ယောင်ဆောင်ကာ မေးလိုက်ခြင်း ဖြစ်သည်။ ဒေါ်ကွိုင်ကွိုင်က ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။ အတိတ်မေ့နေသော ချိုကုပ်ဒူးကြီး သတိပြန်လည်ရေးအတွက် ထပ်မံ အကူအညီ တောင်းပြန်သည်။ ခြေဦးတည့်ရာ သွားမည့် ဟန်ပြင်နေသည့် ချိုကုပ်ဒူးကြီးကိုလည်း ၀ိုင်း၍ ဆွဲထားရသေးသည်။ ရုက္ခစိုးကြီးက နှုတ်ခမ်းမွေးကို လက်ဖြင့် သပ်ပြီး ခေတ္တမျှ စဉ်းစားခန်း ၀င်ကာ နောက်ဆုံးတွင် သူတို့အား အကြံကောင်းတခု ပေးလိုက်လေသည်။
ရုက္ခစိုး။ ။ ငါကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာတော့ အတိတ်မေ့တဲ့သူဆိုတာ ခေါင်းမှာ တခုခုနဲ့ ပြင်းပြင်း ထန်ထန် ထိခိုက်သွားတဲ့အခါ ပြန်ပြီး သတိရလာတတ်ကြတယ်။ အဲဒီတော့ … ဒီပုဂ္ဂိုလ်ရဲ့ ခေါင်းကိုလည်း ခပ်နာနာလေး နှက်လိုက်ရင် အားလုံးကို သတိပြန်ရလာနိုင်တယ်၊ ရုပ်ရှင်ထဲကလိုမျိုးပေါ့ကွာ။ ဘယ်လိုလဲ၊ စမ်းကြည့်ကြမလား။
ဖိုးလောက်လန်း။ ။ သိပ်ကောင်းတာပေါ့ ဘိုးတော်ရယ်၊ အဲ … ရုက္ခစိုးကြီးရယ်။ ကျနော် ကိုင်လိုက်ပါ့မယ်။ အတော်ပဲ လက်စွမ်းပြချင်နေတာနဲ့။
ဒေါ်ကွိုင်ကွိုင်။ ။ ဟဲ့ … ဟဲ့ … ဟဲ့ကောင်လေး … ၊ နေစမ်းပါဦးဟယ်။
သမီးတော်(၁)။ ။ ဟေ့ … ဟေ့ … ဖိုးလောက်လန်း မလုပ်နဲ့ … မလုပ်လိုက်နဲ့ … ။
သမီးတော်(၂)။ ။ သားရေ … မလုပ်နဲ့နော်၊ သတိထားနော် … ။
ဖိုးလောက်လန်းကို ၀ိုင်းဝန်း တားမြစ်ရန် ကြိုးပမ်းကြသော်လည်း နောက်ကြသွားလေပြီ။ ဖိုးလောက်လန်းက ဟိုဟို ဒီဒီ ကြည့်ပြီး အနားတွင် တွေ့ရသော တုတ်ကို ကောက်ကိုင်ကာ ချိုကုပ်ဒူးကြီး၏ ခေါင်းကို ခပ်ဆဆလေး နှက်လိုက်လေသည်။
ဖိုးလောက်လန်း၏ တုတ်ချက်ကြောင့် ချိုကုပ်ဒူးကြီး ဒုတိယအချီ မှောက်သွားလေသည်။ ခေါင်းတွင်လည်း ဒုတိယမြောက် အာလူးသီးတလုံး တဖြည်းဖြည်း ထွက်လာသည်ကို တွေ့လိုက်ရသည်။
ရုပ်ရှင်ထဲက ကဲ့သို့ အတိတ်မေ့သည့် ရောဂါ ပျောက်ကင်းသွားခြင်း ရှိမရှိကို သိနိုင်ရန် သူတို့ အားလုံး ချိုကုပ်ဒူးကြီး ဒုတိယအကြိမ် သတိပြန်ရလာသည်အထိ ထိုင်စောင့်နေကြရလေသည်။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။
Set as favorite
Bookmark
Email this
Hits: 9678
written by မလပြည့်, November 13, 2009




ဖတ်ပြီးရီတာ အားမရလို့  တွေးတွေးပြီး တယောက်တည်း ရီရတာ အရသာ ရှိလိုက်တာ.။...ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ ဖတ်ပြီးရီအုံးမှာ comment ပေးထားတဲ့ စာတွေ ကလည်း ရီရတယ်
written by khosin08, October 21, 2009
ဖိနပ်နဲ့ တော့ မပေါက်ချင်းဘူး အ၀ီဇိငရဲ 8 ထပ်ရဲ့  ဟိုးအောက်ဆုံးကို အပြီးသာပို့ ပစ်လိုက်ရမှာ။



written by ဗိုက်ကလေး, October 17, 2009
အဲလို ထုတဲ့ ပုံ ကျွှန်တော် ဖြစ်ရမှာ .... ဟီးဟီး.... တကယ်ဖြစ်ရင် ကောင်းမယ်နော်
written by Thura, October 17, 2009
Ko Tar Tay has Taw Dar Swe's skill.
His satire become more and more fantastic week by week...
He is always improving...
His satire become more and more fantastic week by week...
He is always improving...
written by Ko Sant Tint, October 16, 2009
Good Ko Tar Tay. However, don't worry! It really doesn't matter whoever dies in SPDC. Even Bo Than Shwe dies another NUT will be in power next day and this NUT may be worse than Than Shwe. Who knows! Yet, I am not wishing Than Shwe to be in power for many years in future. Burma will regain it's stability and prosperity if and only when all these idiots passed away.
written by ညတစ္ဆေ, October 15, 2009
စာကို မဖတ်ရသေးဘူး ... ရိုက်နေတဲ့ ပုံကို ကြည့်ဦး အားရပါးရ ရယ်လိုက်ရတာ အူတောင် နာတယ် ... တကယ်တမ်း အဲလိုကို ရိုက်ပစ်ချင်တာ ...
written by Burmese, October 15, 2009
သူတို့ အားလုံး ချိုကုပ်ဒူးကြီး ဒုတိယအကြိမ် သတိပြန်ရလာသည် အထိ ထိုင်စောင့်နေကြ ရလေသည်။
သို့ သော် ပြန်ကောင်းမလာဘဲ ... သွပ်သွပ်ခါအောင် ရူးသွားလေ သတည်း..။ (မှတ်ချက်။ နဂိုကတည်းကိုက ရူးနေတာ)
သို့ သော် ပြန်ကောင်းမလာဘဲ ... သွပ်သွပ်ခါအောင် ရူးသွားလေ သတည်း..။ (မှတ်ချက်။ နဂိုကတည်းကိုက ရူးနေတာ)
written by zawhtike, October 15, 2009
ချိုကုပ်ဒူးကြီးက ..ချို မထွက်ပဲ ..ဘု ထွက်သွားတယ်.
မကောင်းဝူး ....တခါထဲ အသက် ထွက်သွား၇မှာ
မကောင်းဝူး ....တခါထဲ အသက် ထွက်သွား၇မှာ
written by ကိုလေး, October 15, 2009
်အရမ်းကို ပြောင်မြောက်ပြီး ဟာသလဲဖြစ် တကယ့် အဖြစ်နဲ့ ရေးထားတဲ့ သရော်စာပါပဲ။ အကြိုက်ဆုံး အထိမိဆုံး စာသားတွေကတော့ ...
--> သမီးတော်(၂)။ ။" ဒီဈေးသည်တွေ ကလည်း မြန်မာလို မတတ် ဘာမတတ်နဲ့၊ သင်ထားတာ မဟုတ်ဘူုး … "
--> သမီးတော်(၂)။ ။ "အဖေကြီး … စစ်သားတွေကို ခေါ်ပြီး ပစ်ခိုင်းလိုက်လေ … ။"
အားပေးလျက်ပါ။
--> သမီးတော်(၂)။ ။" ဒီဈေးသည်တွေ ကလည်း မြန်မာလို မတတ် ဘာမတတ်နဲ့၊ သင်ထားတာ မဟုတ်ဘူုး … "
--> သမီးတော်(၂)။ ။ "အဖေကြီး … စစ်သားတွေကို ခေါ်ပြီး ပစ်ခိုင်းလိုက်လေ … ။"
အားပေးလျက်ပါ။
written by စောတင်မောင် (ကြုံတိုင်းရွာသား လူပျိုသိုးကြီး), October 15, 2009
နေကြဦးဗျို့. ....... ဂျိုကုတ်ဒူးကြီး သတိ မရလိုက်နဲ့ဦး....... ကျုပ် ဦးတွတ်ပီ ဆီက နှစ်လုံးပြူး သွားတောင်းထားတယ် ..... သေနတ်ဒင်နဲ့ ထောင်းမလို့.........
written by ဘိုးတော်ကျော်သျှမ်း, October 14, 2009
တိုက်တိုက် ဆိုင်ဆိုင် ဘိုးတော်လဲ အဲဒီနေ့က ချင်းမိုင်မှာပေါ့ ..
ဘိုးတော် ကတော့ ညှပ်ဘိနပ် စီးထားတာမို့ ဘိနပ်နဲ့ မပစ်ဘူး။ လက်ထဲ အသင့် ကိုင်ထားတဲ့ ထွေးခံ ဂန်ဖလားနဲ့ ချုပ်မှူးကြီး မျက်နှာဆီ ပစ်ခဲ့တာဘဲ။ ဒါ့ကြောင့် ဒင်း အတိတ် မေ့တာ ..နည်းသေးတယ်။ အဲဒီနေ့က ရှိေ နတဲ့လူတွေ တယောက်ချင်း ဝိုင်းရိုက်ကြတာလေ။ ချိုဂုပ်ကြီးမှာ အတိတ် ပြန်သတိရလိုက်၊ မေ့လိုက်နဲ့ နောက်တော့ နှာနတ် မရတော့ဘဲ နေပြည်တော်ကို ရဟတ်ယာဉ် နဲ့CPR အလုပ် ခံရင်း ပါသွားလေရဲ့။
ှမှတ်ချက်။ ။ မောင်မိုးသီးဇူလိုင်နှင့် မျိုးချစ်မြန်မာ တစုမှ ရဟတ်ယာဉ်ကို လောက်လေးခွ များဖြင့်လိုက်လံ ပစ်ခဲ့ရာ ဒေါ်ကွိုင်ကွိုင်နှင့် ဖိုးလောက်လန်းတို့လဲ ဘု ကိုစီ ရရှိသွားကြောင်း...
ဘိုးတော် ကတော့ ညှပ်ဘိနပ် စီးထားတာမို့ ဘိနပ်နဲ့ မပစ်ဘူး။ လက်ထဲ အသင့် ကိုင်ထားတဲ့ ထွေးခံ ဂန်ဖလားနဲ့ ချုပ်မှူးကြီး မျက်နှာဆီ ပစ်ခဲ့တာဘဲ။ ဒါ့ကြောင့် ဒင်း အတိတ် မေ့တာ ..နည်းသေးတယ်။ အဲဒီနေ့က ရှိေ နတဲ့လူတွေ တယောက်ချင်း ဝိုင်းရိုက်ကြတာလေ။ ချိုဂုပ်ကြီးမှာ အတိတ် ပြန်သတိရလိုက်၊ မေ့လိုက်နဲ့ နောက်တော့ နှာနတ် မရတော့ဘဲ နေပြည်တော်ကို ရဟတ်ယာဉ် နဲ့CPR အလုပ် ခံရင်း ပါသွားလေရဲ့။
ှမှတ်ချက်။ ။ မောင်မိုးသီးဇူလိုင်နှင့် မျိုးချစ်မြန်မာ တစုမှ ရဟတ်ယာဉ်ကို လောက်လေးခွ များဖြင့်လိုက်လံ ပစ်ခဲ့ရာ ဒေါ်ကွိုင်ကွိုင်နှင့် ဖိုးလောက်လန်းတို့လဲ ဘု ကိုစီ ရရှိသွားကြောင်း...
Write comment
| < Prev | Next > |
|---|












