ဥပဒေ၏ အထက်တွင် ရောက်နေသူများ

E-mail Print
၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် တရားစီရင်ရေး စနစ် ခေတ်အမီဆုံး နိုင်ငံ ဖြစ်သည်ကို စစ်အုပ်ချုပ်ရေး လက်အောက် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသော မြန်မာနိုင်ငံသား အများစုက သတိပြုမိခြင်း မရှိတော့ပါ။

အုပ်ချုပ်ရေးပိုင်းက စိန်ခေါ်မှုကို တရားရုံးများက ကြောက်စရာမလိုခဲ့ပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံဥပဒေကို “အလယ်အလတ် အတွေးအခေါ်၊ အဘက်ဘက်က သုံးသပ်ဆင်ခြင်သည့် စိတ်ထား” ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုသင့်သည်ဟု ဗဟိုတရားရုံးက ကြေညာခဲ့ဖူးပါသည်။

ရန်ကုန်အစိုးရကို လက်နက်ကိုင် ပုန်ကန်မှုများ ၁၉၄၀ ပြည့်လွန် နှောင်းပိုင်းကာလတွင် ဖြစ်ပွားချိန်တွင်ပင် မည်သူတဦးတယောက်ကိုမျှ တရားမ၀င် ဖမ်းဆီး ထိန်းသိမ်းခြင်း မပြုရဟု ဗဟို တရားရုံးက ရဲတပ်ဖွဲ့ကို အမိန့် ထုတ်ခဲ့သည်။

တရားရေးစနစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခဲ့ရာမှ လက်ရှိကာလတွင် စစ်တပ်ကို အကာအကွယ်ပေးနေသည့် အဆင့်သို့ လျောကျသွားမှုသည် ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းအပြီး တရားသူကြီးချုပ် ဦးမြင့်သိန်းကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ချိန်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုပြစ်ဒဏ်သည် ၀န်ကြီးချုပ်ဟောင်းဦးနုကို ပေးသော ပြစ်ဒဏ်ထက်ပင် ပို၍ များနေသည်။

၁၉၇၄ အခြေခံဥပဒေကို ရေးဆွဲစဉ်က ဦးနေ၀င်းသည် အစိုးရနှင့် တရားရေးမဏ္ဍိုင်အကြား ခြားထားသည့် ကျန်ရှိနေသော စည်းမျဉ်းများကို ဖျက်သိမ်းခဲ့သည်။ ဦးနေ၀င်းသည် ပြည်သူ့တရားသူကြီးကောင်စီကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်များဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုတရားရုံး၏ နေရာတွင် အစားထိုးခဲ့သည်။ တရားရုံးများက မြန်မာပြည်သူများ၏ အခွင့်အရေးကို အကာအကွယ်ပေးရေးထက် ဆိုရှယ်လစ်စနစ်ကို အကာကွယ်ပေးရန် ထိုအခြေခံဥပဒေတွင် ရေးဆွဲထားသည်။

၁၉၈၈ ခုနှစ်တွင် စစ်တပ်က ဗဟိုတရားရုံးကို ပြန်လည် အသက်သွင်းခဲ့သော်လည်း တရားသူကြီးများသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အကျိုးကိုသာ ထမ်းရွက်ပြီး စစ်တပ်က ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်နေရသည်ဟု Human Rights Watch အမည်ရှိ လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

လွန်ခဲ့သည့်နွေရာသီက ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စစ်ဆေးစဉ် တရားသူကြီးများက တရားခံပြသက်သေများကို ငြင်းပယ်ခဲ့ကြောင်းကို လေ့လာစောင့်ကြည့်နေသည့် တကမ္ဘာလုံးက တွေ့ရှိခဲ့သည်။

တရားသူကြီးများသည် နိုင်ငံရေးလှုပ်ရှားသူများကို တရားစီရင်ရာတွင် စစ်ထောက်လှမ်းရေး၏အမိန့်ကို နာခံကြပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ ၃၀၀ ခန့်ကို လွန်ခဲ့သည့် နိုဝင်ဘာလက အင်းစိန်ထောင်ထဲတွင် တရား စီရင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ စီးပွားရေးဆိုင်ရာ တရားစစ်ဆေးမှုများတွင်လည်း တရားသူကြီးများက ငွေများ ငွေနိုင် နည်းလမ်းဖြင့် စီရင်နေကြသည်မှာ လူသိ ထင်ရှားဖြစ်သည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် ခြစားနေသော မြန်မာနိုင်ငံ တရားရေးစနစ်ကို သိသိသာသာ တိုးတက် ကောင်းမွန်လာစေမည် မဟုတ်ပါ။ ထိုအခြေခံဥပဒေက တရားစီရင်ရေးသည် “ဖြစ်နိုင်သမျှ၊ အတတ်နိုင်ဆုံး” အစိုးရနှင့် ကင်းလွတ်စွာ ရှိစေရမည်ဟု ဆိုထားသည်။ ထို့အပြင် ရာဇ၀တ်မှုများ၊ “လွဲမှားစွာဆောင်ရွက်မှု”  ဟု သုံးစွဲထားသော တိတိကျကျ ဖော်ပြမထားသည့် ပြစ်မှုများ၊ “တာဝန်များကို ထိရောက်စွာ ထမ်းဆောင်မှု မပြုနိုင်ခြင်း” တို့အတွက် သမ္မတက ဖြစ်စေ၊ လွှတ်တော်က ဖြစ်စေ တရားသူကြီးများကို အရေးယူရန် ခွင့်ပြုထားသည်။ 

ထို့အပြင် တရားသူကြီးများကို ထိုသို့အရေးယူဆောင်ရွက်မည်ဆိုပါက လွှတ်တော်တရပ်ရပ်၏ ဆန္ဒမဲ ၂၅ ရာခိုင်နှုန်း၏ ထောက်ခံမှု လိုအပ်သည်ဟု အခြေခံဥပဒေက ဆိုထားသည်။ ထို့ကြောင့် စစ်တပ်၏အစီအစဉ်များကို တရားသူကြီးများက သဘော မတူခဲ့လျှင် လွှတ်တော်အတွင်းရှိ စစ်တပ် ကိုယ်စားလှယ် အုပ်စုတခုတည်းနှင့် တရားသူကြီးများကို ခြိမ်းခြောက် အရေးယူနိုင်ပါသည်။

အခြေခံဥပဒေပါ ပြဌာန်းချက်များကို ဘာသာပြန်ဆိုရန်၊ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဆုံးအဖြတ်ပေးရန်အတွက် အခြေခံဥပဒေဆိုင်ရာတရားရုံးဟူ၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဖန်တီးထားသည်။ ထို တရားရုံးအသစ်သည်လည်း တခြားသော တရားရုံးများကဲ့သို့ပင် လွတ်လပ်မှု ရှိမည် မဟုတ်ပါ။

သမ္မတနှင့် လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများက အချိုးအစားဖြင့် ခန့်အပ်ထားသော အခြေခံဥပဒေဆိုင်ရာတရားရုံး၏ တရားသူကြီး ၉ ဦးသည် ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ သက်တမ်းစေ့၍ ပြန်လည်ခန့်အပ်ခြင်း ခံလိုသည့် တရားသူကြီးများသည် စစ်တပ်၏ဆန္ဒကို လိုက်လျောရပါလိမ့်မည်။

လှည့်စားထားသည့် နောက်ထပ် အချက်တခုမှာ သမ္မတနှင့် လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ အပါအ၀င် အစိုးရ အရာရှိကြီးများက အခြေခံဥပဒေ၏ အစိတ်အပိုင်း တခုခုကို စီရင် ဆုံးဖြတ်ပေးရန် အခြေခံဥပဒေတရားရုံးကို တိုက်ရိုက် တောင်းဆိုနိုင်ခြင်းဖြစ်သည်။

အခြေခံဥပဒေဆိုင်ရာတရားရုံးတခု အဘယ်ကြောင့် လိုအပ်သည်ကို အမျိုးသားညီလာခံက ပြည်သူများကို မည်သည့် အခါကမျှ ရှင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါ။ စစ်မှန်သည့် နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း ထိုကဲ့သို့သော တရားရုံးများသည် ဒီမိုကရေစီ ထွန်းကားရေးကို အခိုင်အမာ ဆောင်ရွက်သွားနိုင်ပါသည်။

ဥပမာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များအတွင်း တောင်အာဖရိကနိုင်ငံ၏ အသားအရောင်ခွဲခြင်းရေးမှ အသွင်ပြောင်းကာလ အတောအတွင်း လူနည်းစုများ ဖြစ်သည့် တောင်အာဖရိက နိုင်ငံသား လူဖြူများ၊ ဇူးလူးလူမျိုးများအပေါ် တရားမျှတစွာ ဆက်ဆံရေးကို အာမခံချက်ပေးရန်အတွက် အားကောင်းသည့် အခြေခံဥပဒေဆိုင်ရာ တရားရုံးတခု ထူထောင်ရန် အာဖရိကန် အမျိုးသား ကွန်ဂရက်က သဘောတူခဲ့သည်။

သို့ရာတွင် အတိုက်အခံများနှင့် တိုင်းရင်းသား လူနည်းစုများကို နှိပ်ကွပ်နေသော မြန်မာ့နိုင်ငံရေးတွင် အခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ဒီမိုကရေစီထွန်းကားရေးကို အာမခံသည့် လူနည်းစုများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် အာမခံသည့် တရားရုံးတခု မဖြစ်နိုင်ပါ။

ဗြိတိသျှကိုလိုနီခေတ်မှသည် ပါလီမန်ဒီမိုကရေစီခေတ်ကို ဖြတ်သန်းပြီး ဆိုရှယ်လစ်နှင့် စစ်အုပ်ချုပ်ရေး လက်အောက်ရောက်ခဲ့သည့် မြန်မာနိုင်ငံတွင် ခေတ်မမီတော့သည့် တခုနှင့် တခု ဆန်ကျင့်မှု ဖြစ်နေသည့် ဥပဒေ အများအပြား တိုးပွားလာခဲ့သည်။ ထိုဥပဒေများအားလုံးသည် ၂၀၀၈ အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိနိုင်ပါ။

အခြားဒီမိုကရေစီနိုင်ငံများသည် ခေတ်မမီတော့သည့် ဥပဒေများ၏ အသုံးဝင်မှုကို ဆုံးဖြတ်ရာတွင် တရားဥပဒေစနစ်တခုလုံးကို ပြန်လည် ဆန်းစစ်မှု လုပ်သည်ထက် တရားရုံးများကို အားကိုးအားထားပြုခြင်းက ပိုမို အဆင်ပြေပါသည်။ ဥပမာ သမ္မတ ဆူဟာတို လက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် လွှတ်တော်က ပြဌာန်းခဲ့သော ဥပဒေများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ဟောင်းနွမ်းနေသော ဥပဒေများကို ဖယ်ရှားရန် အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးများကို တည်ထောင်ခဲ့သည်။ ထိုနည်းတူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နောက်ပိုင်း အခြေခံဥပဒေတရားရုံး ၏အခန်းကဏ္ဍသည် အခြေခံဥပဒေအသစ်နှင့် ဆန့်ကျင်နေသော ဥပဒေ အဟောင်းများကို ဖယ်ရှားရေးတွင် ပါဝင်ရမည် ဖြစ်သည်။

ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် အခြေခံဥပဒေ တရားရုံးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအုပ်စုများအကြား ဖြစ်ပေါ်လာမည့် ပြဿနာရပ်များကိုလည်း အဆုံးအဖြတ် ပေးပါလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေသည် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ထဲရှိ စစ်တပ်ကိုယ်စားလှယ်များ၊ တရားသူကြီးချုပ်၊ ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ်များတွင် အာဏာဗဟိုချက်များကို ဖြန့်ခွဲထားပါသည်။

မြန်မာ့တပ်မတော်၏ အဆင့်မြင့် ဗိုလ်ချုပ်များသည် သြဇာအာဏာနှင့် ဦးစီးဦးဆောင်နေရာ ရရှိရေးအတွက် ပြိုင်ဆိုင်နေကြသည်ကို သိရှိရသည့် အတိုင်း အကယ်၍ ထိုအာဏာဗဟိုချက် အားလုံးကို တပ်မတော်၏ မဟာမိတ်များက ထိန်းချုပ်ခဲ့လျှင်ပင် အခြေခံဥပဒေအသစ်အပေါ် သဘောထား ကွဲပြားမှုများ ရှိလာနိုင်သည်။

ခေါင်းဆောင်မှုပိုင်းတွင် အကွဲအပြဲ ဖြစ်သည်ထက် ထိုခေါင်းဆောင်များသည် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို အခြေခံဥပဒေတရားရုံးသို့ လွဲအပ်နိုင်သည်။ ဤသို့ဖြင့် ထိုအငြင်းပွားမှုများ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး စည်းလုံး ညီညွတ်မှုကို ထိန်းသိမ်းနိုင်ပါလိမ့်မည်။

နောက်ဆုံးအနေဖြင့် ဗဟိုအစိုးရက ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တိုက်ရိုက် ကြီးကြပ် အုပ်ချုပ်ရ ခက်ခဲသော တိုင်းရင်းသား လူနည်းစုများကို ထိန်းချုပ်ရာတွင် မြန်မာနိုင်ငံ၏ အခြေခံဥပဒေတရားရုံးက အကူအညီ ပေးပါလိမ့်မည်။ ဥပမာ အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဘေဂျင်းမြို့တော်နှင့် အလှမ်းဝေးသော ပြည်နယ်များ၏ အစိုးရများကို အနီးကပ် စောင့်ကြည့်ရန် အစိုးရတွင် အရင်းအမြစ်များ မရှိသည့်အတွက် နိုင်ငံတော်၏ ဥပဒေများကို ချိုးဖောက်သည့် ဒေသခံ အရာရှိများအား တရားရုံးများတွင် တရားစွဲဆိုသည့် နိုင်ငံသားများကို အားကိုးအားထား ပြုကြသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးစုံ နေထိုင်ကြသည်ကို ထည့်သွင်းစဉ်းစားလျှင် ဖယ်ဒရယ်အုပ်ချုပ်ရေး ပုံစံတခုသည် ရှောင်လွဲ၍ မရသောအချက် ဖြစ်သည်။ အမှန်တကယ်တွင် အခြေခံဥပဒေအသစ်သည် ပုံသဏ္ဌာန်အားဖြင့် ဖယ်ဒရယ် စနစ်ကို တည်ထောင်ထားခြင်း ဖြစ်သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာ လွှတ်တော်များသည် ဒေသ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို ပြဌာန်းနိုင်ခွင့် ရှိပါသည်။

အခြားတဘက်တွင်  ဖယ်ဒရယ်စနစ်အယူအဆသည် အမျိုးသားစည်းလုံးမှု ပြိုကွဲမှုဆီသို့ ဦးတည်လိမ့်မည်ဟု စစ်တပ်က စိုးရိမ်ပြီး လက်မခံနိုင်ဖွယ်အရာအဖြစ် ယူဆထားသည်။ ထို့ကြောင့် ဗဟိုအစိုးရက ထိန်းချုပ်ထားသော အခြေခံဥပဒေ တရားရုံးသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လွှတ်တော်များ အတည်ပြုလိုက်သော ဥပဒေ တခုခုက ဗဟိုအစိုးရ သို့မဟုတ် စစ်တပ်၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်ဖြစ်နေလျှင် ပယ်ဖျက်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ တရားရေးစနစ်သည် အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများကို တက်တက်ကြွကြွ အကာအကွယ် ပေးခဲ့ရာမှ စစ်တပ်လူတန်းစားတစုကို အကာအကွယ်ပေးသော ရာဘာတံဆိပ်တုံးတခု အဖြစ်သို့ ပြောင်းလဲ ပျက်စီးသွားသည်မှာ ကြာခဲ့ပြီ ဖြစ်ပါသည်။

စစ်တပ်က အခြေခံဥပဒေဆိုင်ရာ တရားရုံးကို သြဇာလွှမ်းမိုးနိုင်စေရန် အမျိုးသားညီလာခံတွင် ပုံဖော်ခဲ့သည်။ ထိုတရားရုံးသည် မြန်မာနိုင်ငံ၏ ဟောင်းနွမ်းနေသော ဥပဒေများကို ပြန်လည် ပြင်ဆင်ခြင်း၊ နိုင်ငံရေးသမားများအကြား အငြင်းပွားမှုများကို ဖြေရှင်းခြင်း၊ အင်အား ကောင်းကောင်းဖြင့် ပေါ်ပေါက်လာမည့် ဖယ်ဒရယ်ဝါဒကို တားဆီးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ဖွယ်ရှိပါသည်။

အတိုချုပ်အားဖြင့် မြန်မာနိုင်ငံကို “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” နိုင်ငံအဖြစ် ရှိနေစေရန် အခြေခံဥပဒေ တရားရုံးသည် “နောက်ကွယ်ကကြိုးကိုင်မည့်လက်” တခုအဖြစ် လုပ်ဆောင်ပါလိမ့်မည်။

အာနိုကော်ဆိုသည် အရှေ့တောင် အာရှနိုင်ငံများရှိ လူ့အခွင့်အရေး အဖွဲ့အစည်း များအတွက် ဆောင်ရွက် ပေးနေသော ဥပဒေ ပညာရှင်တဦး ဖြစ်သည်။
Comments (3)Add Comment
0
တရားမဲ့ ဝါဒီများ
written by မျိုးလွင်, February 12, 2010
စစ်တပ်မှာ စစ်ထဲ ဝင်လာတဲ့ လူသစ်တွေကို ပြောလေ့ ရှိတဲ့ စကားတခုက ''မင်းတို့စစ်ထဲ ဝင်လာရင် အပြင်မှာ ဖြစ်ပျက် ခဲ့ တာတွေကို မေ့ပစ်လိုက်တော့ အပြင်မှာ ဘာပဲ့လုပ်လာ ဘာပဲ ဖြစ်လာလာ နောက်ဆုံး လူပဲ သတ်လာအုံး စစ်တပ်ထဲ ဝင်လာတဲ့ မင်းတို့ကို ဘယ်လိုမှ အရေးယူလို့ မရတော့ဘူး"တဲ့ သဘော ကတော့ စစ်သားဟာ အရပ်သား ဥပဒေနဲ့ မသက်ဆိုင် တော့တဲ့ သဘောပါ၊ စစ်သား တယောက် တပ်ပြင်မှာ တစုံ တရာ ပြစ်မှု ကျူးလွန် ရင်လည်း ရဲက ဘာမှလုပ်ပိုင်ခွင့် မရှိဘူး ချက်ချင်း တပ်ထိန်းကို ခေါ်အပ်ရတယ်။အဲဒါ တပ်က အဲဒီရဲဘော်ကို အရေးယူချင်ယူမယ် လွှတ်ချင်လွှတ်မယ် အရာရှိသဘော ဥပဒေနဲ့ မဆိုင်ဘူး။ အဲဒီတော့ စဉ်းစား ကြည့်ကြပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်တကွ နအဖ တဖွဲ့လုံးက ဗိုလ်ချုပ်တွေဟာ ဒီလို စစ်တပ်မျိုး ထဲက မွေးဖွား ကြီးပြင်း လာခဲ့တော့ ''တရား ဥပဒေ" ဆိုတာကို သတ်ပုံ မှန်အောင် မဖတ်တတ်မှာ သေချာတယ်၊ အင်း...ဒီ ဗိုလ်ချုပ်ေ တွကပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ အခြေခံ ဥပဒေ တရားရုံးတွေထောင် တရားသူကြီးတွေ ကိုလည်း စစ်ဗိုလ်သမ္မတ ကပဲ့ ရွေးချယ်မယ် ဆိုတော့ မြန်မာပြည်သား တိုင်းရင်းသား လူမျိုးစုံရဲ့ ဘဝဟာ အလွန့်အလွန် ရှေးကျလှတဲ့ သက်ဦးဆံပိုင် ဘုရင်စံနစ် လက်အောက်မှာ နေရတာထက် ဆိုးရွားနေအုံး မှာပဲ့။ သက်ဦးဆံပိုင် ဘုရင်ကမှ တိုင်းသူ ပြည်သား မှူးမတ်ဗိုလ်ပါ အလယ်မှာ မင်းကျင့် တရား နှင့်အညီ အုပ်ချုပ်ပါမည် ဟု ကျမ်းသစ္စာ ကျိမ်ဆိုပြီးမှ ဘုရင်လုပ် အုပ်ချုပ်တာပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘုရင် လုပ်တာ အဲလိုမျိုး ကျိမ်ဆိုရဲ့လား။
0
BLC for SPDC
written by Zo Khup, February 09, 2010
SPDC needs legal education from Burma Lawyers Council. BLC should prepare a curriculum for SPDC. May be Australia is the donor for that Legal Seminars and Workshop.
0
စေလိုရာစေ၊
written by မန်းကိုကို, February 08, 2010
ဆောင်းပါးကိုဖတ်ရတာ တလောက တက္ကသိုလ် ဝင်တန်းတစ်ခုရဲ့ ဟောပြောချက်မှာ ကြားလိုက်ရတဲ့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်မှာ ထွန်းကားခဲ့တဲ့ “အေသင် မြို့နိုင်ငံ” (Athens city state) ရဲ့
တရားရေး စနစ်ကို ပြေး သတိရမိတယ်။

ယေဘုယျေ ပြာရရင်
- အေသင်မြို့မှာ အမှုအခ င်းတွေကို တရားရင်ပြင် (လူထုဆွေး နွေးပွဲတွေလည်း ကျင်းပရာနေရာ) မှာ
တရားစီရင်ပါတယ်၊
- တရားသူကြီးမရှိပဲ နှစ်စဉ်ရွေးေ ကာက်တင်မြှေက်ထားတဲ့ တရားေ ရးဝန်ထမ်းတွေသာရှိပြီး သူတို့ရဲ့
စွမ်းဆောင်ရည်ကို တစ်နှစ်အ တွင်းလည်း လူထုက အကြိမ်ကြိမ်ပြန်သုံး သပ်ပါတယ်၊
- တရားစီရင်သူတွေက ခုံရုံးအဖွဲ့ဝင်ဂျုရီလူကြီး (Jury Members) တွေသာ ဖြစ်ပြီး အမှုတစ်ခု
ဆုံးဖြတ်ဘို့ရာ ဂျုရီအယောက်ပေါင်း ၅၀၁ ယောက်ကနေ ၁၅၀၁ ယောက်ရှိပါတယ်၊
- ရှေ့နေလည်းမရှိပဲ ကိုယ့်အမှုကိုကိုယ် ပြည့်ပြ ည့်စုံစုံ တင်ပြရပါတယ်၊ (အကြံပေးသူတော့ရှာနို င်ပါတယ်၊)
- အမှုဆုံးဖြတ်ပြီး တဲ့အခါ လျော်ကြေးပေး စရာရှိရင် နိုင်သူနဲ့ ရှူံးသူနှစ်ဖက်က အဆိုပြုရပြီး သဘောတူ
နိုင်မယ့် အရေအ တွက်ကိုဆုံးဖြတ်ပါတယ်၊ မတန်တဆတ န်ဖိုးမျိုးအ ဆိုပြုသူကိုတော့ ဒဏ်ငွေ
ကြီးကြီးရိုက်ပါတယ်၊
- အမှုမှန်သမျှ နေချင်းပြီးပြ တ်ကြပါတယ်၊

ဒီတော့အမှုမှာ နိုင်ချင်ရင် လာဘ်ထိုးဘို့မလွယ်ပါဘူး၊ (ကိုယ့်အမှုကြားနာမယ့်သူတွေကို ကိုယ်မသိ
သလို အယောက် ၅၀၁ က ၁၅၀၁ ကြားရှိတဲ့ ဂျူရီတွေကို လာဘ် ထိုးဘို့မဖြ စ်နိုင်ပါဘူး၊)

နောက်တစ်ခုက အေသင်မှာလူတိုင်းလိုလို အပတ်တိုင်းကျင်းပတဲ့ လူထုဆွေး နွေးပွဲရင်ပြင်
နဲ့ တရားဆုံးဖြ တ်ပွဲတွေကို တစ်ချိန် မဟုတ် တစ်ချိန် ကြုံနေကြတာမို့ ဒီမိုကရေစီ စနစ်၊ တရား
ရေးစနစ် နဲ့ နှစ်စဉ် ရွေးကောက်ပွဲတွေနဲ့ အကျွမ်းတဝင် ရှိကြလို့ အသိ ဗဟုသုတတွေ ကြွယ်ပြီးသား
ဖြစ်ပါတယ်။ လိမ်ချင်သလို သွားလိမ်လို့ မရပါဘူး။

ဗမာပြည်ရဲ့ ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ တရားရေး ဝန်ထမ်းများနဲ့ ပြည်သူများကို ကြည့်ပြီး နှိုင်းယှဉ်
မယ်၊ ဝေဖန်မယ် ဆိုရင်တော့ မတရားလွန်းရာသာ ကျမယ် ထင်ပါတယ်။ တရားရေး စနစ် ခိုင်မာတဲ့
အခြား ခေတ်ပြိုင် နိုင်ငံတွေကို ကြည့်ပြီး စိတ် မကောင်းရုံဘဲ တတ်နိုင်ပါတော့တယ်။

အချုပ် ဆိုရရင်တော့ ဒီ လွန်ခဲ့တဲ့အနှစ် ၂၅၀၀ က စနစ်ကို မတူနိုင်ပေမယ့် ဗမာပြည်သူ ပြည်သား
အားလုံး နိုးနိုးကြားကြားနဲ့ အသိ ပညာ ဗဟုသုတတွေ ပြည့်စုံအောင်ြ ပင်ဆင်ထားနိုင်ကြရင် ဘယ်သူမှ
ကိုယ့်ကို လာဖြီးဖြန်းလို့ မရနိုင်ဘူးလို့ပြဲ မင်မိပါတယ်။

မလွယ်ဘူးလို့ ဆိုချင်သူများ အတွက်တော့ မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူးလို့ ကြိုငြင်းလို က်ပါရစေ။

အားလုံးဘဲ ပြည့်စုံနိုင်ကြပါစေ၊

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်