လွတ်လပ်ပြီး တရားမျှတမှု ရှိမှာလား

E-mail Print
၂၀၁၀ ရွေးကောက်ပွဲကို “လွတ်လပ်ပြီး တရား မျှတစွာ” ကျင်းပပေးမည်ဟု ပြောချက်အပေါ် သံသယရှိသော နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာ စစ်အစိုးရကို မကြာသေးခင် လများအတွင်း ဖိအားပေးခဲ့ကြသည်။

နိုင်ငံတကာ ယုံကြည်မှုကို ရရှိစေမည့် ရွေးကောက်ပွဲ ဖြစ်စဉ်တခု၏ အခြေခံကျသော ညွှန်းကိန်းများမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေးနှင့် နိုင်ငံရေး ပါတီများ အားလုံး ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးပင် ဖြစ်သည်ဟု လေ့လာ သူများက ပြောဆိုကြသည်။

ယုံကြည်ထိုက်ပြီး အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် လိုအပ်သော အခြေအနေများ ဖန်တီးပေးရန်၊ အတိုက်အခံ အဖွဲ့အစည်း များနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဦးဆောင် ဦးရွက်ပြုရန် မြန်မာ အစိုးရတွင် တာဝန်ရှိသည်ဟု စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြန်လည်သင့်မြတ်ရေးသည် ဦးစားပေးလုပ်ဆောင်ရမည့် အရာအဖြစ် ကာလကြာရှည်စွာ ရှိလာသည့် အတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို တိုက်ရိုက် ထိခိုက်စေနိုင်သည့် အရေးကြီးပြဿနာရပ် အတော်များများကို မြန်မာ့အရေး လေ့လာသူများက ရှေ့တန်းတင် ပြောဆိုမှု အလွန် နည်းပါသည်။

ဥပမာပြရလျှင် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝနှင့်တွေ့ဆုံစဉ် ဖွဲ့ဖြိုးဆဲ နိုင်ငံများ၊ ကုလသမဂ္ဂအရာရှိများကို  ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့် ပေးမည်ဟု ပြောခဲ့သည်။

သို့ရာတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာမှ လေ့လာသူများကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလ အစကတည်းက နိုင်ငံအနှံ့တွင် စောင့်ကြည့် လေ့လာခွင့် ပြုရပါမည်။

အကြောင်းမှာ ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခြင်းနှင့် ၎င်းအခွင့်အရေးကို မမှန်မကန် တလွဲ အသုံးချခြင်းအကြား နယ်နိမိတ်စည်းသည် မကြာခဏ ဆိုသလို ပြတ်သားမှု မရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် ပါတီဘက်မှ ဘက်မလိုက်သောရပ်တည်ချက်ထားပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး အတွက် အဓိက ကျသော စံနှုန်းများကို လူထုအကြား စတင် ပညာပေးခြင်းသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

ရွေးကောက်ပွဲတခုကို လူအများကယုံကြည်လက်ခံခြင်းသည် ထိုရွေးကောက်ပွဲကို ကျင်းပပေးသောအဖွဲ့၏ စီမံ ခန့်ခွဲမှုပေါ်တွင် များစွာ မူတည်ပါသည်။ ထိုအဖွဲ့သည် လွတ်လပ်မှုရှိရမည်ဖြစ်ပြီး ဘက်လိုက်မှုလည်း ကင်းရပါမည်။

မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်ကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဗဟို ရွေးကောက်ပွဲကော်မရှင် လက်အောက်တွင် ပြည်နယ်နှင့်တိုင်းအဆင့် ကော်မရှင် ၁၄ ခု၊ ခရိုင်အဆင့် ကော်မရှင် ၅၀ ခု၊ မြိုနယ်အဆင့် ကော်မရှင် ၃၁၇ ခု၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင် ၁၄၉၉၂ ခု တို့ကို ဖွဲ့စည်းထားသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့အစည်းနောက်ခံ ကင်းရှင်းသည့် အငြိမ်းစား အစိုးရအရာရှိကြီးများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ထိုအချိန်က ကော်မရှင်အပေါ် အများ၏ ယုံကြည်အားထားမှု အလွန်နည်းပါးခဲ့သည်။ အကြောင်းရင်းမှာ ထိုကော်မရှင်သည် စစ်အစိုးရ၏ သြဇာခံဖြစ်ပြီး လွတ်လပ်မှုမရှိသကဲ့သို့ ဘက်လိုက်မှုလည်း ကင်းမည်မဟုတ်ဟု ပြည်သူများက ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။

သို့ရာတွင် ၁၉၉၀ ရွေးကောက်ပွဲတွင် တရားမျှတသော ရလဒ်များ ထွက်ရှိခဲ့သည်။ ပြည်တွင်းပြည်ပကလည်း အသိအမှတ် ပြုခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ရခြင်း၏ အခြေခံအကြောင်းရင်း ၃ ခုမှာ စစ်အစိုးရ အပေါ် ပြည်သူလူထု၏ မကျေနပ်မှု မြင့်မားနေခြင်း၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကြာ ကာလအတွင်း အောက်ခြေ ပြည်သူလူထု ကြားတွင် စစ်အစိုးရ၏ အုပ်ချုပ်ရေးအရ ထိန်းချုပ်နိုင်မှု အားနည်းနေခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်များကို မျှမျှတတ ဖွဲ့စည်းနိုင်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင်တွင် ရပ်ရွာထဲမှ အများရိုသေလေးစားသောပုဂ္ဂိုလ် ၃ ဦး၊ ကျောင်းဆရာ ၁ ဦးနှင့် စစ်အစိုးရ၏ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးတို့ ပါဝင်သည်။

သို့ရာတွင် စစ်အစိုးရသည် ၎င်းတို့ ရင်ဆိုင်ခဲ့ဖူးသည် အကြီးအကျယ်ရှုံးနိမ့်မှုမျိုး (၁၉၉၀ တွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတ၀န်းတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့မှုမျိုး) နောက်တကြိမ် ခွင့်ပြုရန် အလားအလာ လုံးဝ မရှိပါ။ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို လူထုဆန္ဒခံယူပွဲကျင်းပစဉ်က ၎င်းတို့၏သဘောထားများက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ ထိုစဉ်က အာဏာပိုင်များသည် ၎င်းတို့၏သြဇာအာဏာကို သုံးခြင်း၊ ကြိုတင် စီမံထားခြင်း၊ အနိုင်ကျင့်သည့် နည်းလမ်းများကို  ပြောင်ပြောင်တင်းတင်း အသုံးပြုခြင်းဖြင့် ၎င်းတို့ လိုလားသည့် ရလဒ် ထွက်ပေါ်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံရေးပါတီများ၏ရန်ပုံငွေ

၁၉၉၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရလဒ် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု လွတ်လပ်သော လေ့လာဆန်းစစ်သူတဦးအနေဖြင့် ယူဆပါသည်။ အထူး သဖြင့် မဲဆွယ်သည့် ကာလ နှင့် ရွေးကောက်ပွဲနေ့တို့တွင် စစ်အစိုးရက စနစ်တကျ ခြိမ်းခြောက် နှောင့်ယှက်ခြင်း၊  နိုင်ငံရေးပါတီများက အရင်းအမြစ်များကို ရယူ သုံးစွဲနိုင်ခွင့် မရှိခြင်း စသည့် အခြေအနေတို့ကြောင့် ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲ ရန်ပုံငွေ ပြတ်လပ်မှု အခက်အခဲနှင့် ရင်ဆိုင်ရပြီး ပါတီကိုထောက်ခံသူများကလည်း စစ်အစိုးရ အရေးယူမည်ကို စိုးရိမ်၍ ငွေကြေးလှူဒါန်းရန် ကြောက်ရွံ့နေချိန်တွင် ယခင်အာဏာရ ဆိုရှယ်လစ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) သည် ငွေကြေး အမြောက်အများ သုံးစွဲနိုင်သကဲ့သို့ အစိုးရပိုင် ပစ္စည်းများ ဖြစ်သော ကားများ၊ အဆောက်အအုံများကို ၎င်းတို့ပါတီပိုင် အဖြစ် ဆက်လက် အသုံးချခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း တစည  နှင့် အခြားသော စစ်အစိုးရ ထောက်ခံ အားပေးသည့် အဖွဲ့ အစည်းများသည် စီးပွားရေး အခွင့်ထူးများကို ရရှိ ခံစားခဲ့ကြပြီး တဘက်တွင် NLD ပါတီရုံးများကို ပိတ်ပင် ထားခြင်း၊ ငွေကြေး ရန်ပုံငွေ အရင်းအမြစ်များ မရရှိစေရန် ထိန်းချုပ်ခြင်းဖြင့် NLD ၏ ရန်ပုံငွေနှင့် အရင်းအမြစ်များ အားနည်း ချိနဲ့စေရန် စစ်အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်ခဲ့လေသည်။

ဤသို့ မမျှတသောအခြေအနေသည် ၂၀၁၀ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို အစကနဦးကတည်းကပင် အားနည်းစေပါသည်။

မဲဆန္ဒရှင်များကိုပညာပေးခြင်း

၁၉၈၈ ခုနှစ်တွင် နိုင်ငံရေး ပါတီပေါင်း ၂၃၆ ပါတီ တရားဝင် မှတ်ပုံတင်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ၉၃ ပါတီသာ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် တရားဝင် ရပ်တည်နိုင်သော နိုင်ငံရေးပါတီ ၁၀ ပါတီသာ ကျန်ရှိပါသည်။ သို့သော် စစ်အစိုးရ က ရွေးကောက်ပွဲဥပဒေအသစ်၊  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် တို့ ထုတ်ပြန်လာပါက နိုင်ငံရေးပါတီ အများအပြား ထပ်မံ ပေါ်ထွက်လာဖွယ် ရှိပါသည်။

နိုင်ငံရေးပါတီ အများအပြား ၀င်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲအပြီး  ဒီမိုကရေစီ အပြည့်အ၀ ဖော်ဆောင်ရန် အတွက် မဲဆန္ဒရှင်များကို ပညာပေးရေး၊ ပါတီအသီးသီးက ပေးလိုသည့် သတင်းအချက်အလက်များကို ၎င်းတို့ လက်လှမ်း မီနိုင်စေရေး စသည်တို့သည် အလွန် အရေးကြီးပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် စစ်အစိုးရက အိမ်စောင့်အစိုးရတရပ် အသွင် ရပ်တည်ပြခဲ့ပြီး နိုင်ငံရေးနှင့် ကင်းကင်း နေမည်ဟု တရားဝင် ပြောဆိုခဲ့သည်။

သို့ရာတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း စစ်အစိုးရက နိုင်ငံပိုင်သတင်းဌာနများကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးပါတီများသည် ၎င်းတို့၏မူဝါဒများကို ရုပ်မြင်သံကြားမှ ၅ မိနစ်၊ ရေဒီယိုမှ ၁၀ မိနစ်သာ ထုတ်လွှင့်ခွင့် ရခဲ့သည်။

မဲဆွယ်ကာလအတွင်း နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုယ်တိုင် ထုတ်ဝေသော လက်ကမ်းစာစောင်များ၊ မှတ်တမ်းလွှာများ၊ ပိုစတာများကိုသာ အားကိုးအားထား ပြုခဲ့ရပါသည်။ ဤကဲ့သို့ အရင်းအမြစ်များကို အလွန်အမင်း ကန့်သတ် ချုပ်ချယ်မှုများ ရှိသော်လည်း  နိုင်ငံရေးပါတီများက ၎င်းတို့ကို ထောက်ခံအားပေးနေသူများအား မဲစာရင်းသွင်းခြင်း၊ မဲပေးနည်းစနစ်၊ မဲလိမ်ခြင်း၊ မဲဝယ်ခြင်း စသည်တို့နှင့် ပတ်သက်ပြီး ပညာပေးရန် တာဝန် ယူခဲ့ကြသည်။ ထို့အပြင် ပါတီများသည် မဲရုံများတွင် စောင့်ကြည့်ရန်၊  မဲရေတွက်ပုံကို လေ့လာရန် ၎င်းတို့တွင် အဖွဲ့ဝင် အလုံအလောက် ရှိရေး အတွက်ကိုလည်း စီစဉ်ခဲ့ကြသည်။

မြန်မာပြည်သူများထဲတွင် အစဉ်အလာအားဖြင့် သိထားကြသည့် အချက်မှာ (√) သင်္ကေတသည် “သဘောတူခြင်း သို့မဟုတ် ထောက်ခံခြင်း” ၊ (X) သင်္ကေတသည် “သဘောမတူခြင်း သို့မဟုတ် ကန့်ကွက်ခြင်း” ဟူ၍ ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတကာ ရွေးကောက်ပွဲများတွင် (X) သင်္ကေတကို ထောက်ခံသည့် အမှတ်အသားအဖြစ် သုံးကြသည်။ ရွေးကောက်ပွဲနေ့တွင် မြန်မာပြည်သူများ မဲပေးမှားယွင်းမှု အများအပြား ရှိခဲ့လေသည်။ အထူးသဖြင့် သက်ကြီး ရွယ်အိုများနှင့် စာမတတ်သူများ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁ ၈၅၈ ၉၀၀ ဦး၏ ဆန္ဒမဲများ သို့မဟုတ် မဲစာရွက် ၁၂.၃ ရာခိုင်နှုန်း ကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်မဲများအဖြစ် သတ်မှတ်ခဲ့သည်။ ထိုရာခိုင်နှုန်းကို ဒေသတွင်းနိုင်ငံများတွင် မကြာသေးခင်က ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် ဘင်္ဂလားဒေ့ရှ်တွင် ၀.၈၉ ရာခိုင်နှုန်း၊ မလေးရှားတွင် ၂.၁၇ ရာခိုင်နှုန်း၊ ထိုင်းတွင် ၃.၆၆ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရသည်။ ပယ်မဲ အများဆုံးမှာ  ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲ ဖြစ်ပြီး ၂၆.၀၆ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စာနယ်ဇင်းများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သို့သော ဒီမိုကရေစီ ဖြစ်စဉ်မျိုး ကြုံတွေ့နိုင်သည်ကို ဝေဖန်ပြောဆိုမှုမရှိ နှုတ်ဆိတ်နေကြပါသည်။

ထို့အပြင် စစ်အစိုးရသည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရထားသော်ငြားလည်း နိုင်ငံရေးပါတီများ ထူထောင်ပြီး စစ်အရာရှိများက လူဝတ်လဲ ပုံဖျက်ကာ ရွေးကောက်ပွဲဝင်ကြမည်မှာ သံသယရှိစရာ မလိုပါ။ ထို့အတွက် စစ်အစိုးရသည် နိုင်ငံတော်ပိုင် အရင်းအမြစ်များကိုသုံးပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများပင် စတင်ပြုလုပ်နေပြီဟု ပြောလျှင် လွန်မည်မထင်ပါ။

ရွေးကောက်ပွဲမဲလိမ်မှုများ

၂၀၀၈ အခြေခံဥပဒေအသစ် လူထုဆန္ဒခံယူပွဲတွင် အထင်အရှား မြင်တွေ့ခဲ့ရသည့်လိမ်လည်မှုများကို လာမည့်ရွေးကောက်ပွဲတွင်လည်း တွေ့မြင်ရဖွယ် ရှိပါသည်။

ထိုလိမ်လည်မှုများကို အဓိက ကျူးလွန်သူများမှာ ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ စစ်အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အသင်းဝင်များ၊ စွမ်းအားရှင်ပြည်သူ့စစ်များ ဖြစ်ပါသည်။

ပထမဆုံးနှင့် အထင်ရှားဆုံး ချိုးဖောက်မှုတခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မဲရုံများအတွင်း တာဝန်ချထားခြင်းပင် ဖြစ်သည်။ ဒုတိယချိုးဖောက်မှုမှာ သတ်မှတ်ထားသည့် အချိန်ထက် စောပြီး မဲရုံများကို ပိတ်ခြင်း ဖြစ်သည်။ တတိယအချက်မှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက မဲဆန္ဒရှင်များကိုယ်စား မဲစာရွက်များပေါ်တွင် ဖြည့်စွက်ခြင်း ဖြစ်သည်။

၂၀၀၈ ဆန္ဒခံယူပွဲတွင် နေရာအများအပြားတွင် တွေ့ရသော ဖြစ်ရပ်များမှာ မိသားစုတစုလုံးကိုယ်စား မိသားစုဝင် တဦးကသာ မဲပေးခြင်း၊ မဲဆန္ဒရှင်များ၏ မျက်ကွယ်တွင် ၎င်းတို့၏မဲများကို ပေးခြင်းတို့ ဖြစ်ပါသည်။

အဆိုးဆုံး ချိုးဖောက်မှုတခုမှာ မဲရုံများကို ပိတ်ပြီး မဲများကို လျှို့ဝှက် ရေတွက်ခြင်း ဖြစ်လေသည်။ မဲရေတွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိပါက ထိုမဲများကို ထည့်သွင်းတွက်ချက်၍ လုံးဝ မဖြစ်နိုင်ပါဟု လေ့လာစောင့်ကြည့်သူများက ယူဆကြကြောင်း ဥရောပရှိ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အေဂျင်စီတခုဖြစ်သော Organization for Security and Cooperation အဖွဲ့က ဆိုသည်။ အခြားလိမ်လည်မှုများထက် ထိုကဲ့သို့လိမ်လည်မှုသည် တရားမျှတမှု မရှိသော ရွေးကောက်ပွဲတခု၏ အမှတ်လက္ခဏာကြီး ဖြစ်လေသည်။

အထက်တွင်ဖော်ပြခဲ့သော လိမ်လည်မှု နမူနာများ၏ထိပ်တွင် အနိုင်ကျင့်မှုများ၊  ခြိမ်းခြောက်မှုများသည် ၂၀၀၈  ဆန္ဒ ခံယူပွဲတွင် ပြည့်နှက်နေပါသည်။ အကယ်၍ မဲဆန္ဒရှင်များက ကန့်ကွက်မဲပေးခဲ့လျှင် ၎င်းတို့၏ လယ်ယာမြေများကို သိမ်းယူမည် သို့မဟုတ် ဖမ်းဆီး အကျဉ်းချမည်ဟု ဒေသခံအာဏာပိုင်များက ခြိမ်းခြောက်ခဲ့ကြောင်း မှတ်တမ်း အများအပြားတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ လိမ်လည်မှုများသည် အတွေ့ရ များသော အလေ့အထတခု ဖြစ်ပြီး ငွေကြေး၊ ဆုပေးခြင်း၊ လှူဒါန်းခြင်း တို့ဖြင့် မဲဝယ်မှု နမူနာများကို အိမ်နီးချင်း ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် တွေ့မြင်နိုင်သည်။ ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်သူများသည် မဲဆန္ဒရှင်များကို ချေးငွေများပေးမည်ဟု ကမ်းလှမ်း မက်လုံးပေးလေ့ရှိကြသည်။ ထိုပါတီ အနိုင်ရသွားပြီးနောက်ပိုင်းတွင် ထိုကမ်းလှမ်းချက်များကို ပယ်ဖျက်နိုင်ချေ ရှိသည်။ ထိုသို့ မဲဝယ်ခြင်းကို “green harvesting” (အချိန်မတိုင်မီ ရိတ်သိမ်းခြင်း) ဟု ထိုင်းနိုင်ငံတွင် လူသိများပါသည်။

ခြုံ၍ပြောရလျင် မြန်မာနိုင်ငံ၏ လာမည့် အထွေထွေရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က ကဲ့သို့ “Yes” သို့မဟုတ် “No” ဟုသာ အလွယ်တကူ စဉ်းစားပြီး ပေးရသည့် မဲမျိုးနှင့် အလွန် ကွာခြားပါလိမ့်မည်။ အကြောင်းမှာ ရွေးချယ်ရမည့် ပါတီ သို့မဟုတ် ကိုယ်စားလှယ် အများအပြား ပါဝင်မည် ဖြစ်ပြီး သတ်မှတ်ချက်များမှာလည်း ပို၍များပြားနိုင်ပါသည်။

အထက်တွင် ဖော်ပြခဲ့သော အဓိကနယ်ပယ် ၄ ရပ်ကိုထည့်သွင်းစဉ်းစားလျှင် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ကြောင်း နိုင်ငံတကာ အသိုင်းအ၀န်းက ရှင်းရှင်းလင်းလင်း အလေးအနက်ထား ပြောဆိုရပေမည်။

နိုဝင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ “Free and Fair?” ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
Comments (6)Add Comment
0
...
written by မျိုးချစ်, March 03, 2010
သိပ်လည်းဆန္ဒမစောပါနဲ့ ဗျာ ။ အချိန်တန်၇င် ပြောင်းလဲမှု ဆိုတာ ၇ှိလာမှာပါ.။အခုေ၇တွင်းတူး အခုေ၇ကြည်သောက်တော့ ဘယ်၇မ လဲ.။ပထမ ရွေးကော က်ပွဲကတော့  ၇ုန်းကန်ကြ၇မှာပေါ့ ။နောက်အေ ခါက်တွေဆို၇င်တော့  ပိုပီပြင်လာမှာပါ။ အမေ၇ီကန် လိုတော့ စံပြဒီ မိုကေ၇စီတော့ ဘ ယ်၇မလဲဗျာ ။ ကိုယ့် ဝမ်းနာ ကိုယ်သာသိမလား.။ စဉ်းစားကြပေါ့ ဗျာ။
0
တရား မျှတမှု လိုသည်။
written by မောင်မောင်, February 10, 2010
တရား မျှတရန် ရွေးကောက်ခံသူ အားလုံးရော ရွေးကောက် မခံဘဲ အလိုလို နေရာယူသူ အားလုံး မိမိတို.ရဲ. ရိုသားမှုကို
အထင် အရှား ပြရမည်။ မိမိတို.ရဲ. တရားဝင် ပိုင်ဆိုင်မှုကို ကြိုတင် ကြေငြာမှသာ မှန်ကန်သော သူများ ပါဝင်သည်. အစိုးရ ဖြစ်ပါမည်။ ဘာမှ မကြေငြာဘဲ ၀င်သူများသည် သူခိုး ဒါးပြများသာ ဖြစ်မည်။ တိုင်းပြည်ကို လူဆိုး သူခိုး တစ်စုရဲ. လက်ထဲ အပ်ရသကဲ့သို. ခံစားရပါမည်။
0
အစမကောင်းနှောင်း ဘယ်တော့မှ မသေချာ
written by Ougkar, February 05, 2010
ဝေဖန်ခြင်းနဲ့ကင်းလွတ်တဲ့လုပ်ရပ် နအဖဘယ်သောအခါမှလုပ်ခဲ့ဖူးသည်မရှိ၊ အခုလည်းမလုပ်၊ နောင်လဲလုပ်လိမ့်မည်မဟုတ်ဟု အထူးယုံကြည်သည်၊ နအဖ ကျင်းပသည့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးထက် ဘယ်လို တိုက်ဖျက် ရမလည်း ဆိုသည်ကို စဉ်းစားလျင် ပိုသင့်တော်သည်၊ နိုင်ငံရေး ရေချိန်မမှန်တဲ့ နိုင်ငံရေး သမားကြီးတွေလို လိုက်မလုပ်ကြပါနဲ့ "ဖားတစ်ပိုင်း ငါးတစ်ပိုင်း နိုင်ငံရေး" ကို အားမပေးကြနဲ့ စားဖားနိုင်ငံရေး မလုပ်နဲ့ ကုသိုလ် တစ်ပဲ ငရဲ တစ်ပိဿာနိုင်ငံရေး မလုပ်ကြပါနဲ့၊ ဦးဝင်တင် တို့လို Strong ဖို့လိုတယ်၊ ဒါမှပြည်သူကို ဦးဆောင် လမ်းပြနိုင်မယ်၊ တချို့ နိုင်ငံရေးသမား ကြီးတွေလို သေခါနီးမှ သမိုင်း အမည်းစက် ချန်ထားတဲ့လုပ်ရပ် မလုပ်ကြပါနဲ့
0
ထ္မင်းဆီဆမ်း ရွှေလင်ပန်း၊
written by မန်းကိုကို, February 03, 2010
ရွေးကောက်ပွဲ ပြင်ဆင်မှု အနေနဲ့ …

- အခြေခံဥပဒေ ရေးဆွဲတာ၊
- ဘက်မလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းတာ၊
- ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌန်းပြီး ပါတီနဲ့ နိုင်ငံရေးသမားများကို လှုပ်ရှား စည်းရုံးခွင့် ပေးတာ၊
- ပြည်သူ တစ်ရပ်လုံး ပါဝင်ဆင်နွဲနိုင်အောင် ဖန်တီးပေးတာ၊
- မဲပေးနိုင်ဘို့ ပညာပေးခြင်းနဲ့ တရားမျှ တမှုကိုအာမခံတာ၊
- သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ရှိတာ၊
- လွတ်လပ်တဲ့ လူမှုအဖွဲ့စည်း၊ အသင်း အဖွဲ့တွေ ဖွဲ့ခွင့်ပြုတာ၊
- နိုင်ငံတကာ ယုံကြည် လက်ခံမယ့် အနေအထားမျိုး ရှိအောင် လုပ်ဆောင်ချက် မှန်သမျှ ထင်သာ
မြင်သာ ရှိအောင် လုပ်ကိုင်တာ တွေလောက်တော့ အခြေခံ အားဖြင့် လိုမယ် ထင်ပါတယ်။

ဒါပေမယ့် အားလုံး သိကြသလို ခုထိ အခြေခံဥပဒေ ရေးဆွဲခြင်း နဲ့ အတည်ပြုခြင်း ဆိုတာ တစ်ခုတည်း
ပြီးသေးတဲ့ အပြင် …

- အခြေခံ ဥပဒေကို အများ လက်ခံပါတယ် ဆိုတာ သက်သေ ပြနိုင်မှု၊
- ပြည်တွင်း၊ ပြည်ပ ယုံကြည်မှု တည်ဆောက်တာ၊
- တိုင်းရင်းသားများ အခွင့်အရေးကို ချပြ၊ အာမခံ တာတွေ နဲ့
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ဆိုတဲ့ အချက်တွေကလည်း တန်းလန်းကြီး ကျန်နေပါသေးတယ်။

ဒီတော့ကာ သာမန်လူ တစ်ယောက်ရဲ့ အတွေးအမြင် (common sense) သုံးပြီး တွေးကြည့်လိုက်
ရင်ပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို တွေးကြည့်လို့ ရနေပါပြီ။
ကွာခြားမှု ဆိုလို့ လက်ရှိ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ပုံ၊ ပြည်သူနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်ပုံေ တွလောက်ပဲ ရှိမှာပါ။

ရွေးကောက်ပွဲ နီးကပ်လာချိန်နဲ့ ရွေးကောက်ပွဲ လုပ်နေချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေး သမားတွေကို လွှတ်ပေးတာမျိုး၊ သတင်း လွတ်လပ်ခွင့်နဲ့ ပါတီ စည်းရုံးခွင့်တွေ ပေးတာမျိုး၊ ထိမ်းချုပ်နိုင်မယ့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေကို ခွင့်ပြုတာမျိုး စတဲ့ တစ်ပွဲထိုး
မျက်လှည့်လေးတွေက လွဲရင် အဓိပ္ပါယ်နဲ့ အကျိုးများမယ့် လုပ်ဆောင်မှု တွေကိုတော့ “တို့တော့မထင်” လို့ သာ ပြောရတော့မှာဘဲ။

ဆောင်းပါးထဲမှာလည်း ဗမာပြည် ရွေးကောက်ပွဲရဲ့ မတရားမှု၊ ကတိ ကဝတ်ဖျက်မှု၊ ရွေးကောက်ပွဲရဲ့ အလား အလာ မကောင်းနိုင်ပုံတွေကို အချက် အလက်တွေနဲ့ စနစ်တကျ တင်ပြထား တယ်လို့
နားလည်ရ ပါတယ်။

ဘယ်လိုပဲ ဆိုဆို ရွေးကောက်ပွဲ မဲထည့်မှု၊ မထည့်မှုနဲ့ နိုင်ငံရေး နိုးကြားမှု၊ မနိုးကြားမှု တွေကတော့ လူတိုင်းရဲ့ ကိုယ်ပိုင် အခွင့်အရေး (individual right) ပေမို့ မသေချာတဲ့ ဗမာပြည်ရှေ့ရေး အတွက် ဆုပဲ တောင်းနေရတော့မှာပါ။

အားလုံးဘဲ အေးချမ်းကြပါစေ။
0
...
written by kyaw kyaw, February 02, 2010
whatever they done,what can we do
0
...
written by မျိုးလွင်, February 02, 2010
စစ်အစိုးရ တဖွဖွပြောနေသော လွတ်လပ်၍ တရားမျှတရမည် ဆိုသည်မှာ ပြည်သူလူထု အတွက် မဟုတ်ပါ၊ သက်သေ အထောက်ထား အဖြစ် သိသာနေတာကတော့ ရွေးကောက်ပွဲ နီးလာလေ အတိုက်ခံ နိုင်ငံရေး အင်အားစုနှင့် မီဒီယာ သမားတွေကို နှိမ်နှင်းလေပါပဲ့ ဒါမှလည်းသူတို့ ကြိုးဆွဲရာ ကမည့် ရုပ်သေးရုပ်များကို ဝင်ရောက် ယှဉ်ပြိုင်စေပြီး သူတို့ အတွက် လွတ်လပ်စွာနှင့် ရွေးကောက်ပွဲကို နိုင်မည် ဖြစ်သည်၊ အတိုက်ခံ နိုင်ငံရေး အင်အားစုများမှာ ချိနှဲ့စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်၊ ဒါမှ ဗိုလ်ချုပ်မှူးကြီးအတွက် တရားမျှတမှု ဖြစ်ပါသည်။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Monday, 01 February 2010 17:16 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်